မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

 

ဟိုပန်   
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  ဟိုပန်မြို့နယ်   ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့က အသက် ၆၅ နှစ် အထက် ပြည်သူများနှင့်  နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက    ကိုဗစ်-၁၉  ရောဂါ    ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊    ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ဦးရဲဝင်းထိုက်၏  စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ  ပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးလာရောက် ထိုးနှံသည့်    ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊  ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့်   ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင်     ခေတ္တအနားယူစေခြင်းစသည့်   ကျန်းမာရေး စောင့်ရှောက်မှုများကို  ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ခြောက်လပြည့်ပြီးဖြစ်သည့် အသက် ၆၅ နှစ်အထက် ဒေသခံပြည်သူများ နှင့်  ဌာနဆိုင်ရာဝန်ထမ်းများအား  Booster Dose  ထိုးနှံပေးလျက်ကြောင်း မြို့နယ်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။                                   
ဇင်ဇင်(ပြန်/ဆက်)
လဟယ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ     ကာကွယ်ဆေးထိုးနှံရန်   ကျန်ရှိသေးသော    အသက် ၁၈ နှစ်အထက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် လဟယ်မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ  အသက် ၁၈ နှစ်အထက်  ပြည်သူများအားလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ပထမအကြိမ် ရည်မှန်းဦးရေ  ၁၁၀၀၀  ခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။         ယွန်း(မုံရွာ၊ ကိုယ်ပွား)
ဟားခါး
ချင်းပြည်နယ်    ဟားခါးမြို့တွင်     ကိုဗစ်−၁၉ ရောဂါ    ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက်  မတ် ၂၉ ရက်မှစ၍ ဆေးထိုးစုရပ် ခုနစ်နေရာခွဲ၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဧပြီ ၂၃ ရက်အထိ   ကာကွယ်ဆေး  လာရောက်ထိုးနှံသူ  ၅၅၂၅ ဦး ရှိကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် အရေးကြီးဆုံးလိုအပ်ချက်မှာ    ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သဖြင့် ဟားခါးမြို့ရှိပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ လာရောက်ထိုးနှံနိုင်ရေးအတွက်  ဆိုင်ကရှယ်တာ၊  မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းရုံး၊  တိုးဂိတ်၊  ဗေသလဘုရားရှိခိုးကျောင်း၊ အမှတ် (၁) ၊ အမှတ်  (၂) နှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စသည့် စုရပ် ခုနစ်နေရာခွဲ၍  ထိုးနှံပေးခြင်းဖြစ်ရာ မတ် ၂၉ ရက်မှ ဧပြီ ၂၃ ရက်အထိ First Dose ထိုးနှံသူ  ၅၀၂၄ ဦး၊ Second Dose ထိုးနှံသူ   ၁၄၆ ဦး၊ Booster ထိုးနှံသူ ၃၅၅ဦးဖြစ်၍ ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း ၅၅၂၅ ဦးဖြစ်သည်။
အဆိုပါ   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို   ဟားခါးမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဆရာ  ဆရာမများနှင့်  ကြက်ခြေနီအသင်းတို့က  ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း၊   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဟားခါးမြို့နယ်တွင် မတ် ၂၅ ရက် မှ ဧပြီ ၂၃ ရက်အထိ ကိုဗစ်−၁၉ ပိုးတွေ့လူနာသစ် စစ်ဆေးတွေ့ရှိမှု မရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။     
ခရိုင်(ပြန်/ဆက်) 
သာပေါင်း
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့် ကြီးကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်‌ကျေးရွာ၊ ဒါးကညောင်ကုန်း ကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊‌ ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲကျေးရွာတို့တွင် ကိုယ်ဝန် ဆောင်၊ နို့တိုက်မိခင်များနှင့်  ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ် အထက်   ကျေးလက်နေပြည်သူများအား   ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်  ကျေးရွာများအရောက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော   ကြီးကြပ်ရေးအဖွဲ့များက   ဆေးထိုးစုရပ်ပြု၍   နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ  စတင်ကာ ကိုဗစ်-၁၉ (Sinovac) ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများမှ ကျေးရွာ များအရောက် ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်‌ဆောင်၊  နို့တိုက်မိခင် များနှင့်    အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ   ကိုဗစ်-၁၉    ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ရဟန်း သံဃာ၊ ကျေးလက်နေပြည်သူများအား ဆေးထိုးစုရပ်ပြုလုပ်၍ ကျေးရွာ ၁၀ ရွာမှ ကိုယ်ဝန်ဆောင်၊  နို့တိုက်မိခင်နှင့် အသက် ၁၈ နှစ်နှင့်အထက်  စုစုပေါင်းပြည်သူ ၂၈၂၅  ဦးတို့ကို ကိုဗစ်-၁၉ (Sinovac) ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)