မြို့နယ်အသီးသီး၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

 

ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အသီးသီးတွင် အောက်တိုဘာ ၁၇ ရက်မှ စတင်ထိုးနှံပေးနေပြီဖြစ်သည်။


တောင်ငူ  


တောင်ငူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား ကျောင်းသူများအား ဆီနိုဗက် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို အ.ထ.က (၁) ၊ အ.ထ.က (၂) ၊ နတ်စင် ကုန်း အထက်တန်းကျောင်း ဆေးထိုးစုရပ်သုံးခု၌  စတင် ထိုးနှံပေးနေပြီဖြစ်ပြီး  တောင်ငူမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးဖြစ်သည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား    ကျောင်းသူပေါင်း ၁၀၅၃၀ အား ဆေးထိုးစုရပ် ကိုးခု၌ ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။ 


ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူ များကိုလည်း ဆေးကြောင့် နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်မှု ရှိ မရှိ စောင့်ကြည့်နိုင်ရန် သီးသန့်အခန်းများတွင် ထားရှိပြီး နာရီဝက်ခန့်စောင့်ကြည့်ကာ ကျန်းမာရေးချို့ယွင်း မှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက    အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု  အပြည့်အဝပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊  ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်  သွားလာ နိုင်စေ​ရေးအတွက် ဆေးထိုးစုရပ်  ကျောင်းပတ်ဝန်းကျင် တွင်လည်း   တာဝန်ရှိသူများက   လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိ​ကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ) 

 


မြန်အောင် 


ဧရာဝတီတိုင်းဒေသကြီး  မြန်အောင်မြို့   အ.ထ.က (၁) မြန်အောင် ဆေးထိုးစုရပ်တွင်  ကျောင်းသား ကျောင်းသူ ၂၀၀ အား ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊    ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး   ဦးဇော်ထက်၊   မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဝင်း၊   ဟင်္သာတခရိုင်      ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံဘဏ္ဍာ)  ဒေါ်ချိုချိုလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်နှင့် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။


မြန်အောင်မြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးရန်  ဆေးထိုးစုရပ် ၁၇ နေရာ သတ်မှတ် ထားပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူဦးရေ  ၆၀၀၀ ကျော်အား သတ်မှတ်ရက်များအလိုက်  ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 
ဝင်းဗိုလ်(မြန်အောင်)

 


ကျောက်ဆည် 


မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား စုရပ် နေရာ ခုနစ်ခု၌  ကာကွယ်ဆေးများ   ထိုးနှံပေးလျက်ရှိကာ ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊   မီးသတ် တပ်ဖွဲ့ဝင်များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အသင်းဝင်များ၊ လူမှုရေးအဖွဲ့ဝင်များက  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

 


ကျောက်ဆည်မြို့နယ်တွင် အထက-၁ (ကျောက်ဆည်)၊  အထက(ညောင်‌ရွှေ)၊ အထက(ဟံမြင့်မိုရ်)၊ အထက(သံရွာ)၊ အထက(ကုန်းကြီး)၊    အထက- ခွဲ (ရဲရွာ)နှင့်     မူလွန် (ဖျောက်ဆိပ်ပင်) ကျောင်းများကို   ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်) 


နတ်တလင်း  


ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်မှ  အသက် ၁၂ နှစ် နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုရပ် ၁၀ ခု၌ အောက်တိုဘာ ၁၇ ရက်က စတင်ထိုးပေးလျက်ရှိကာ  တာပွန်အထက်တန်း ကျောင်းရှိ  ကာကွယ်ဆေးထိုးစုရပ်တွင် ဆေးထိုးပေးနေမှုကို  မြို့နယ်အုပ်ချုပ်ရေးမှူး     ဦးကျော်ကျော်ဦး၊    ဗိုလ်မှူး ထွန်းလင်း၊ မြို့နယ်ပညာရေးမှူးဦးဝင်းဌေးနှင့် တာဝန်ရှိသူ များက  ကြည့်ရှုအားပေးခဲ့သည်။ နတ်တလင်းမြို့နယ်အတွင်း  ကာကွယ်ဆေးထိုးနှံပေးမည့်    အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူဦးရေမှာ စာရင်းအရ  ၄၀၁၀၂ ဦး ရှိကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)