
မြင်းမူ
မြင်းမူမြို့၌ ဧပြီ ၂၀ ရက်က ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှု ကြောင့် မြို့ပြင်လမ်းမဘေးနှင့် မြို့တွင်းနေရာအချို့တွင် သစ်ပင်ကြီး များ လဲပြိုကျိုးကျခြင်းများ ဖြစ်ပွားခဲ့၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မအရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာ-မန္တလေးလမ်းမ(မြင်းမူမြို့ဝင်)လမ်းဘေးရှိ လုံးပတ် ရှစ်ပေနှင့် အမြင့်ပေ ၅၀ ရှိ ကုက္ကိုပင်ကြီးနှင့် မြို့တွင်း အ.ထ.က(၁)ကျောင်းအနီးရှိ လုံးပတ် ခြောက်ပေနှင့် အမြင့် ပေ ၆၀ ရှိ အော်ရေးရှားပင်ကြီးမှာ လဲကျခဲ့ကာ ယင်းအနီးရှိ လျှပ်စစ် ဓာတ်တိုင်မှာလည်း ကျိုးကျခဲ့ကြောင်း၊ လဲကျခဲ့သည့် သစ်ပင်ကြီးများ ကြောင့် လမ်းမကြီးတွင်သွားလာလျက်ရှိသည့် ယာဉ်ကြီး/ငယ်များ အန္တရာယ်မရှိစေရေးနှင့် လမ်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့မအရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင် ၁၅ ဦးတို့ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း၊ လေပြင်း တိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ပျက်စီးခဲ့သည့် လျှပ်စစ်တိုင်နှင့် မီးကြိုးများကို မြို့နယ်လျှပ်စစ်ဌာနဝန်ထမ်းများ က ချက်ချင်းပြုပြင်ပေးခဲ့သည့်အတွက် ခေတ္တသာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ အောင်စိုးဖေ(မြင်းမူ)
စဉ့်ကိုင်
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ဧပြီ ၁၈ ရက်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ ကျေးရွာအချို့တွင် သစ်ပင်၊ သစ်ကိုင်းများကျိုးကျခြင်း၊ ဓာတ်တိုင်များလဲပြိုခြင်း၊ လူနေအိမ်အချို့ အမိုးလန်ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သည်။
တရုတ်စုရပ်ကွက်၌ လူနေအိမ် သုံးလုံး၊ ကြက်မျှားကျေးရွာ အုပ်စုတွင် လူနေအိမ်တစ်လုံး၊ ကံဆွယ်ကျေးရွာတွင် လူနေအိမ် လေးလုံး၊ မြောင်းဆုံငယ်ကျေးရွာတွင် လူနေအိမ် တစ်လုံး၊ မြောင်းဆုံကြီးကျေးရွာတွင် လူနေအိမ် သုံးလုံး၊ မုန့်ပေါင်းကျေးရွာတွင် လူနေအိမ်တစ်လုံး၊ သင်္ဂတုံကျေးရွာတွင် လူနေအိမ်တစ်လုံး၊ဥယျာဉ်ကြီး ကျေးရွာတွင်လူနေအိမ် သုံးလုံး၊ သိန္နီကုန်းကျေးရွာတွင် လူနေအိမ် သုံးလုံး၊ ဧည့်ပြကျေးရွာတွင် လူနေအိမ်သုံးလုံး စုစုပေါင်း လူနေအိမ် ၂၃ လုံး အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းနှင့် လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုနှင့် အိမ်အမိုးလန်ပျက်စီးမှုများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ကျေးရွာပြည်သူများ စုပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ဝင်းဝင်းသန်း(ပြန်/ဆက်)
ဇမ္ဗူသီရိ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဧပြီ ၂၀ ရက်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တချို့လဲပြိုခဲ့ပြီး လမ်းပိတ်ဆို့မှု များ ဖြစ်ပွားခဲ့သည်။ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာ တိုက်အမှတ် (၂၄၅) ၌ မဲဇလီပင် လုံးပတ် ၁၀ ပေ၊ အမြင့်ပေ ၅၀ ခန့် လဲကျ၍ လမ်းပိတ်ဆို့မှု၊ဇေယျ သိဒ္ဓိရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် (၂၂)၌ ပိတောက်ပင် လုံးပတ်ခြောက်ပေ၊ အမြင့်ပေ ၃၀ ခန့် လဲကျမှုကြောင့် လမ်းပိတ်ဆို့ နေမှု၊ ကံ့ကော်အိမ်ရာ သုတမင်္ဂလာစာကြည့်တိုက်အပေါ် သစ်ပင် လဲကျမှုနှင့် စံပယ်အိမ်ရာ တိုက်အမှတ်(၃၂)၌ လုံးပတ်ပေ ၂၀၊ အမြင့် ပေ ၆၀ ခန့်ရှိ ကုက္ကိုပင် လဲကျမှုများ ဖြစ်ပွားကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၏ ဦးဆောင်မှုဖြင့် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များပူးပေါင်း ကာ လဲကျနေသော သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)