
ဆန္ဒမဲပေးပိုင်ခွင့်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ အထောက်အထားသက်သေခံ ကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း၌ပါဝင်မှသာ မဲပေးပိုင်ခွင့်ရရှိမည်
နေပြည်တော် ဇန်နဝါရီ ၁၁
မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့ သင်တန်းတွင် ပို့ချပေးမည့် Software နှစ်မျိုးသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အဓိကကိုင်တွယ်အသုံးပြု ရမည့် Software များဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း နှင့် စပ်လျဉ်း၍ “မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများ ကိုပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယား များအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးတို့က ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူ အခြေခံပြီးပြုစုရမည်” ဟု လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၌ ပြဋ္ဌာန်းထားကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအရ စာရင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် ပြုစုထားသည့် လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်း (ရှေ့ပြေးစီမံချက်)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
ရှေ့ပြေးစီမံချက်အရ ပြုစုပြီးသည့် မြို့နယ်အလိုက် လူဦးရေစာရင်း များကို ကနဦး မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းစနစ် (IVLS) ဖြင့် စိစစ်ခဲ့ ပါကြောင်း၊ စိစစ်တွေ့ရှိချက်များကို သက်ဆိုင်ရာ လဝက/ထွေအုပ်သို့ ပေးပို့၍ လစဉ်လူဦးရေအတိုး/အလျော့စာရင်း ပြုစုခြင်း၊ အချက်အလက် များ ပြင်ဆင်/ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ လစဉ်လူဦးရေ အတိုး/အလျော့စာရင်းအနက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ လအထိ ပြုစုထားသည့် လူဦးရေစာရင်းအပေါ်အခြေခံပြီး (Cross-Check) စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ စိစစ်တွေ့ရှိသည့် အကြိမ်ထပ်စာရင်းများကို သက်ဆိုင်ရာ လဝက/ထွေအုပ်တို့နှင့် ညှိနှိုင်း ပူးပေါင်း၍ လူဦးရေစာရင်းများ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း။
မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်သွားရမည်
ထိုကဲ့သို့ ဆောင်ရွက်ပြီးသည့်စာရင်းများအား ယခုသင်ကြားပို့ချမည့် မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်များဖြစ်သည့် ADMIN နှင့် DEO Software များအတွင်း ထည့်သွင်း၍ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ADMIN Software တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဗဟိုအဆင့်မဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ်မှ မိမိမြို့နယ်နှင့်သက်ဆိုင်သည့် အချက်အလက် များရယူ၍ မိမိမြို့နယ် ADMIN Software အတွင်းသို့ တင်သွင်းခြင်း၊ ADMIN Software မှ သတ်မှတ်ဖိုင်များနှင့် မဲရုံအချက်အလက်ဖိုင်များ ထုတ်ယူ၍ ဗဟိုအဆင့်စနစ်နှင့် DEO Software အတွင်းသို့ တင်သွင်း ခြင်း၊ DEO များက DEO Software အတွင်း ဆောင်ရွက်ပြီးရရှိလာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံအလိုက်စာရင်းဖိုင်များကို ADMIN Software တွင် ပြန်လည်စုစည်းခြင်း၊ မိမိမြို့နယ်အတွင်း မဲစာရင်း ထပ်မထပ်စစ်ဆေးခြင်း၊ ADMIN Software မှ မဲစာရင်းပုံစံများ ပြန်လည် ထုတ်ယူခြင်း၊ ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်သို့ စာရင်း များ ပြန်လည်တင်သွင်းခြင်း အစရှိသည့် လုပ်ဆောင်ချက်များပါဝင်မည် ဖြစ်ကြောင်း။
မဲစာရင်းများ တိကျမှန်ကန်စေသည့် အကျိုးကျေးဇူးများစွာရရှိ
DEO Software တွင် ADMIN Software က သတ်မှတ်ထုတ်ပေး ထားသည့် ဖိုင်များကို Software အတွင်းသို့တင်သွင်းခြင်း၊ လူဦးရေ စာရင်းများ တင်သွင်းခြင်း၊ မဲရုံအလိုက် လူဦးရေစာရင်းများ ခွဲဝေ သတ်မှတ်ခြင်း၊ မဲဆန္ဒရှင်အမျိုးအစားများ သတ်မှတ်ခြင်း၊ ပုံစံများ ရေးသွင်းခြင်း၊ မိမိတင်သွင်းထားသည့် အချက်အလက်များ ထပ်/မထပ် စစ်ဆေးခြင်း၊ DEO Software ဖြင့် ဆောင်ရွက်ပြီးသည့် မဲစာရင်းများကို ADMIN Software သို့ တင်သွင်းခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် သည် မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ကွန်ပျူတာစနစ် ဖြင့် ဆောင်ရွက်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်ပြီး ဗဟိုအဆင့်၊ ADMIN နှင့် DEO Software များအကြား အပြန်အလှန် ချိတ်ဆက်အသုံးပြုရသည့် စနစ်ဖြစ်ပါကြောင်း၊ ယခု Software များ အသုံးပြုခြင်းအားဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရာတွင် ပိုမို လွယ်ကူမြန်ဆန်စေမည်ဖြစ်သည့်အပြင် မဲစာရင်းများ တိကျမှန်ကန် စေသည့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း။
မဲဆန္ဒရှင်များမကျန်ရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်
ဆန္ဒမဲပေးပိုင်ခွင့်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အထောက်အထားသက်သေခံ ကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်း၌ပါဝင်မှသာ မဲပေးပိုင်ခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ပုံစံ (၆၆/၆) ရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ သက်ဆိုင်ရာမဲဆန္ဒနယ်၏မဲစာရင်းတွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ မဲစာရင်းပြုစုရာတွင် သက်ဆိုင် ရာ မဲဆန္ဒနယ်အတွင်းနေထိုင်ကြောင်း အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)တွင်ပါဝင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စာရင်းအမှန်အတိုင်းဖြစ်ရန် လိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်း၍ လူဦးရေစာရင်းများ မှန်ကန်စွာရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လို သကဲ့သို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မကျန်ရှိစေရေး စနစ် တကျ စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ယနေ့ သင်ကြားပို့ချမည့် မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် များဖြစ်သည့် ADMIN နှင့် DEO Software နှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန် လိုအပ်သည့်အတွက် သင်တန်းပို့ချချက်များအပေါ် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့လာသင်ယူသွားကြရန် ပြောကြား သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးတာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှ ဇန်နဝါရီ ၁၄ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်