
မိုင်းယု ဇူလိုင် ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်း ယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မြို့မရပ်ကွက် ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေ ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသည့် ဒွန်းနွဲ့ချောင်းကူး သံပေါင်တံတားတစ်စင်း နမ့်ဖွန် ချောင်းရေ တိုက်စားမှုကြောင့် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ တံတားသည် မိုင်းယုမြို့ မြို့မရပ်ကွက်နှင့် ဒွန်နွဲ့ကျေးရွာအကြား နမ့်လွေ ချောင်းနှင့် နမ့်ဖွန်ချောင်း ဆုံရာနေရာတွင်တည်ရှိပြီး နမ့်ဖွန် ချောင်းပေါ်တွင် တည်ဆောက် ထားကြောင်း၊ ယင်းတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ထားပြီး အရှည် ၆၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိသည့် သံပေါင်တံတား တစ်စင်းဖြစ်ကာ ဇူလိုင်လတတိယ ပတ်က မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ဒွန်းနွဲ့ကျေးရွာဘက် ခြမ်းရှိ အဆိုပါ တံတားချဉ်းကပ် ခုံအနီး မြေသားကို တဖြည်း ဖြည်း ရေတိုက်စားသည့်ဒဏ် ကြောင့် ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တံတားမှာ မိုင်းယုမြို့ ပြည်သူများ၊ ဒွန်းနွဲ့ကျေးရွာ အုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိ ကျေးလက်ပြည်သူများ လူမှုစီးပွား ရေးလုပ်ငန်းများအတွက် အလွယ် တကူ အသုံးပြုကာ ဖြတ်သန်း သွားလာရသည့် တံတားဖြစ်ပြီး ယခုအခါ ချောင်းရေတိုက်စားပြီး ပြိုကျခဲ့သည့်အတွက် ဖြတ်သန်း သွားလာရန် အခက်အခဲဖြစ်နေ ကြောင်း သိရသည်။
ကိုကိုနိုင်
(မိုင်းယု)