
မိုင်းယန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အလုပ် အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် တစ်ဖက်တစ်လမ်းက မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရန် သင်တန်းဆင်းပွဲကို ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးသက်လင်းထွန်းက သင်တန်းထူးချွန်သူသုံးဦးကို အမှတ်တရလက်ဆောင်များနှင့် သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာ များ ချီးမြှင့်ပြီး သင်တန်းမှရရှိလာသည့် အသိပညာ၊ အတတ်ပညာ များကိုလည်း သင်တန်းသားများက အကျိုးရှိရှိအသုံးချရန် မှာကြား ခဲ့သည်။
အဆိုပါသင်တန်းကို မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြပြီး သင်တန်းတွင် လက်သမား၊ ပန်းရန်ကျွမ်းကျင်ဆရာနှစ်ဦးက ဇူလိုင် ၁ ရက် မှ ၂၅ ရက်အထိ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)