မြိုင်မြို့နယ် ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသည့်ရွာသားများအား အကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား တစ်ဦး သေဆုံး

နေပြည်တော်   ဩဂုတ်   ၁၁


မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ် ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသော          တာဝန်သိကျေးရွာသားများအား အကြမ်းဖက်သူများက  ဖမ်းဆီးတုပ်နှောင်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြိုင်မြို့နယ် ပိုက်သင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၉ ရက်တွင် ကျေးရွာသားများဖြစ်ကြသည့် ဦးတင့်လွင်(ဘ)ဦးပိုက်၊ ဦးစန်းလွင် (ဘ)ဦးစိန်သောင်း၊ ဦးကျော်နိုင်(ဘ) ဦးတင့်ဆွေ၊ ဦးကျော်စိုး (ဘ) ဦးတင်ဆောင်၊   ဦးအောင်ဇေယျ (ဘ) ဦးချစ်တီးတို့ ငါးဦးသည် အဆိုပါစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် ညနေ ၃ နာရီခန့် တွင် မော်တော်ယာဉ် တစ်စီးဖြင့် အကြမ်းဖက်သူ ခြောက်ဦးခန့် ရောက်ရှိ လာပြီး ၎င်းတို့အား  လက်ပြန်ကြိုးတုပ်၍  မြေကြီးပေါ်မှောက်ခိုင်းခဲ့ ကြောင်း၊ ယင်းနောက် အကြမ်းဖက်သူများက အဆိုပါဂိတ်၌ အစောင့် နှစ်ဦးထားရှိပြီး ကျန်သူများက ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်ကာ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူအား ရှာဖွေခဲ့ကြောင်း၊ တွေ့ရှိခြင်းမရှိသဖြင့် စစ်ဆေးရေးဂိတ်သို့  ပြန်လည်ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် ရွာသားများအနက်မှ ဦးအောင်ဇေယျအား လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပခုက္ကူ-မြိုင်သွား ကားလမ်းဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်ဇေယျတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                                              

 

     သတင်းစဉ်