
လာမည့်စက်တင်ဘာလတွင် ရုပ်သံလိုင်းများအားလုံးမှ တစ်ပြိုင်တည်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ရန်ကုန် ဇူလိုင် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်း တင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင် သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဂီတ ကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေးသည်။
ထူးထူးကဲကဲ စီစဉ်တင်ဆက်
ထိုသို့ တွေ့ဆုံစဉ် ပြည် ထောင်စုဝန်ကြီးက လာမည့် စက်တင်ဘာလတွင် ရုပ်သံလိုင်း အားလုံးမှ တစ်ပြိုင်တည်းဖျော်ဖြေ တင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင် သုံးပွင့်တစ်ခိုင်” အစီအစဉ်အား ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်ရန်နှင့် အပန်းပြေစေ ရန်အတွက် ပုံမှန်တင်ဆက်ခြင်း မျိုးမဖြစ်စေဘဲ ထူးထူးကဲကဲဖြင့် စီစဉ်တင်ဆက်နိုင်ရန် လိုပါ ကြောင်း၊ ယင်းအစီအစဉ်တွင် ရုပ်ရှင်၊ သဘင်လောကသားများ နည်းတူ ဂီတလောကသားများ အနေဖြင့်လည်း စည်းစည်းလုံးလုံး၊ တက်တက်ကြွကြွဖြင့် ကျရာကဏ္ဍ မှ ပါဝင်တင်ဆက်ကြစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံဂီတအစည်း အရုံး (ဗဟို) အနေဖြင့် မြန်မာမှု၊ ခေတ်ပေါ်၊ စတီရီယိုစသည်ဖြင့် တေးသီချင်းများစုံလင်စွာ ပါဝင် တင်ဆက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက ဂီတ ဆိုင်ရာဆောင်ရွက်ထား ရှိမှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပြီး မြန်မာနိုင်ငံ ဂီတအစည်း အရုံး (ဗဟို) မှ တာဝန်ရှိသူများက အဆိုပါ အစီအစဉ်အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင် ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာ ကပွဲကြီးကို ပြည်သူများ အနုပညာ ရသများ ပြန်လည်ခံစားနိုင်စေရန် နှင့် အနုပညာလောကသားများအား စားဝတ်နေရေး ထောက်ပံ့နိုင်ရန်အတွက် လာမည့်စက်တင်ဘာလတွင် ရုပ်သံလိုင်းများ အားလုံးမှ တစ်ပြိုင်တည်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်