မိုင်းဟိန်း(တိုးချဲ့)ကြိုးပြင်ကာကွယ်တော သတ်မှတ်

 

နေပြည်တော်  အောက်တိုဘာ  ၂၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တော  ဥပဒေပုဒ်မ ၆၊   ပုဒ်မခွဲ(င)အရ  အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက်  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊  မံစီမြို့နယ်အတွင်း  ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၈,၈၄၁)ဧကရှိသော နယ်မြေကို “မိုင်းဟိန်း(တိုးချဲ့) ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာ စာအမှတ်(၁၂၄/၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် (၂၀၂၃ ခုနှစ်၊  အောက်တိုဘာလ ၂၀ ရက်)မှစ၍ သတ်မှတ်ကြောင်း  ကြေညာလိုက်သည်။  


သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည်  မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့်  ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများ၏  အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုး စုံမျိုးကွဲများ   ထိန်းသိမ်းနိုင်ရန်နှင့်   ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်  ရည်ရွယ်၍    ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။


မိုင်းဟိန်း(တိုးချဲ့)       ကြိုးပြင်ကာကွယ်တော   သတ်မှတ်ခြင်း အားဖြင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော  ကျွန်း၊   တမလန်း၊ ပိတောက် စသည့်အဖိုးတန်သစ်မျိုးများနှင့် အင်၊ ကညင်၊  မအူ၊  ထောက်ကြံ့၊   ဖန်ခါး၊   သစ်ဆိမ့်၊ မျောက်ငို၊  လက်ပံ၊ ဇင်ပြွန်း၊ တောသရက်၊ တောင်တမာ၊ သပြေ စသည့်သစ်မျိုးများကို ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်း‌ပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ် များနှင့်  တောရိုင်းတိရစ္ဆာန်များအား   ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊   နေထိုင်ကျက်စားလျက်ရှိသော ဂျီ၊  ဆတ်၊ ပြောင်၊  တောဝက်၊  ဒေါင်း၊ တောကြက်၊ ရှဉ့်မျောက်၊  တောကြောင်  စသည့်တောရိုင်း တိရစ္ဆာန်များ၏   နေရင်းဒေသများ  တိုးပွားလာနိုင်ခြင်း၊   ဒေသခံ ပြည်သူများ၏   စိုက်ပျိုးမြေများအတွက်  ရေဝေရေလဲဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့်          သစ်တောသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန