မိုင်းဆတ်မြို့၌ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ် ဌာနဆိုင်ရာရုံးနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

 

 

မိုင်းဆတ် ဇန်နဝါရီ ၂၀


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့၌ ယမန်နေ့ ည ၉ နာရီက အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဌာနဆိုင်ရာရုံးနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 


မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မယ်ဆွမ် မြောက်ရပ်ကွက်ရှိ    ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မျက်နှာစာတံခါးချပ်များ ပျက်စီးခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်   စာရင်းအင်း ဦးစီးဌာနရုံးရှေ့ ဆိုင်းဘုတ်ပျက်စီးခြင်း၊  ဓာတ်တိုင် ၁၀ တိုင်နှင့်  MPT  ဆက်သွယ်ရေးတိုင်  လေးတိုင် ပြိုလဲခြင်း၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း ရုံးခန်းနှင့်   ရေစင်အမိုးလန်ပျက်စီးခြင်း၊   မယ်ဆွမ် မြောက်ရပ်ကွက်မှ နေအိမ်အချို့နှင့် မြို့မဈေး  အမိုး လန်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်း သိရသည်။ 

 


အဆိုပါ  ပျက်စီးမှုအခြေအနေများကို  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်တာဝန် ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ဆောင်ရွက်လျက်ရှိသည်။

မြင့်မောင်(မိုင်းဆတ်)