နေပြည်တော် မတ် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အတူ ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်ဖြစ်သည့် မြို့မ တံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေလမ်း ခရီးဖြင့် တစ်ဖက်နိုင်ငံသို့ ဝင်၊ ထွက် သွားလာသည့် အဓိကနေရာဖြစ်သည်နှင့်အညီ မြို့မတံတား ကြံ့ခိုင် ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေး၊ ဝင်၊ ထွက် သွားလာမှုများ စနစ်တကျဖြစ်စေရေးတို့အတွက် အမြဲမပြတ် စစ်ဆေးဆောင်ရွက်ကြရေး တာဝန်ရှိသူ များကိုမှာကြားကာ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့် ပါချန်မြစ်ကြောင်းတစ်လျှောက် ထွက်ခွာ၍ မြစ်ကမ်း ခြေ၌ ငါးဖမ်းလှေများ ဆိုက်ကပ်ထားရှိမှု၊ တစ်ဖက် နိုင်ငံသို့ ငါးရောင်းဝယ်ရေး ဆောင်ရွက်ရန် သွားရောက် မည့် ငါးဖမ်းလှေများကို လူဝင်မှုစစ်ဆေးရေးလုပ်ငန်း အပါအဝင် ဌာနဆိုင်ရာများပူးပေါင်း၍ One Stop Service ဖြင့် ဆောင်ရွက်သည့် Free On Boat (FOB)တံတားဆိပ်ကမ်းအခြေအနေကို ရေယာဉ် ပေါ်မှလည်းကောင်း၊ သူဌေးကျွန်းဟိုတယ်ရှိ လူဝင်မှု စစ်ဆေးရေးဂိတ်ကိုလည်းကောင်း လှည့်လည် ကြည့်ရှုကြကာ ငါးဖမ်းလှေများ ဝင်၊ ထွက်သွားလာမှု အဆင်ပြေစေရေးနှင့် တရားမဝင် ဝင်၊ ထွက်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူ များကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယနေ့နံနက် ၈ နာရီခွဲတွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံ ချက်အား သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်းအတွက် ဝန်ထမ်းအားလုံးအား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုမှုနှင့် ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းရာ သန်းခေါင်စာရင်းကောက်ယူ ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း များအား တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေ၊ ဝန်ထမ်းတိုင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်ပိုင်နိုင်ရေးနှင့် နည်းပညာကျွမ်းကျင်ရေး တို့အတွက် ဆည်းပူးဆောင်ရွက်နိုင်ရေး အခြေအနေ၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် မျက်ခြည်ပြတ်မခံဘဲ အစဉ်လေ့လာဆောင်ရွက် ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေး ခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့တွင် တာဝန် ထမ်းဆောင်နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံကာ ဧပြီ ၁၇ ရက်မှစ၍ သတ်မှတ်စည်းကမ်းများအတိုင်း နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနဝန်ထမ်းများကလည်း နိုင်ငံခြားခရီးသွားများ၏ လူဝင်မှုစစ်ဆေးရေးလုပ်ငန်း များကို စနစ်တကျ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အား အခြေအနေ နှင့် ကွန်ပျူတာစက်ကိရိယာများ ကြံ့ခိုင်ကောင်းမွန် ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြိုတင်မြော်တွေး ကာ လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ဆောင်ရွက် ထားကြရမည် ဖြစ်ကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေး
ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင် လည်း ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး အတွက် ယဉ်ကျေးပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ်ထိန်းချုပ်ရေး စင်တာ (Airport Opeartion Control Centre) သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက လေယာဉ် ဝင်၊ ထွက်မှု ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လာမည့် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



