မျိုးမြန်မာပြည်ရွာ တို့စောင့်ရှောက်ဖို့ပါ (သမိုင်းကို ခြေရာကောက်ကြည့်ခြင်း)

Type

 

စာချစ်သူ

လက်ရှိရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ စာတွေတစ်ဝကြီးဖတ်ရှုဖြစ်သည်။ ကနဦးတွင် ဖတ်လက်စဗိုလ်မှူးကြီး(ဟောင်း)တင်မောင်၏    “မင်းရေး ကြွယ်ကြွယ်”။ ပြီးတော့  “ဂျပန်ခေတ် စစ်ပညာသင် တစ်ဦး”၊  “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊  “မုန်တိုင်းလွန်သော်” စာအုပ်တွေကို   တစ်ဆက်တစ်စပ်တည်း ပြန်လည်ဖတ်ရှုဖြစ်တော့သည်။
ထိုထိုသောစာအုပ်များကို တစ်ဆက်တစ်စပ် တည်း  ဖတ်ရှုလိုက်သောအခါတွင်   ဗိုလ်မှူးကြီး (ဟောင်း)တင်မောင်၏ အတ္ထုပ္ပတ္တိ  ဘဝပုံရိပ်လွှာများ ကိုသာမက    တပ်မတော်၏   ဆယ်စုနှစ် နှစ်စု၊ နှစ်ပေါင်း နှစ်ဆယ်နီးပါးစာ     သမိုင်းတစ်စိတ် တစ်ဒေသကို  တွေ့မြင်ခဲ့ရသည်။
အတွေ့အကြုံများ
ဂျပန်ခေတ် စစ်ပညာတော်သင်တစ်ဦး စာအုပ် တွင်    မြန်မာ့လွတ်လပ်ရေးအတွက်  ထိုခေတ် စစ်ကျောင်းသားများ၊    အထူးသဖြင့်   မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမပတ်ကျောင်းသားများ၏ဘဝ တစ်စိတ်တစ်ဒေသ၊ ဂျပန်ဆရာများထံမှ စစ်ပညာ များကို သွေးချွေးတို့ အရင်းတည်ကာ အပင်ပန်း အဆင်းရဲခံ သင်ယူခဲ့ရမှုများ၊ ထိုမှတစ်ဖန် ဂျပန် ပြည်ရှိ     ဘုရင့်စစ်တက္ကသိုလ်သို့    ဆက်လက် သွားရောက်ပညာဆည်းပူးခဲ့ကြရသော   မြန်မာ စစ်ပညာတော်သင်ကျောင်းသားတို့၏   အတွေ့ အကြုံများကို တပ်မတော်၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း       တစ်စိတ်တစ်ဒေသအဖြစ် မြင်တွေ့နိုင်သည်။ 
“တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”နှင့်  “မုန်တိုင်းလွန်သော်” စာအုပ်တို့တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် တိုင်းပြည် ၏အခြေအနေနှင့် တပ်မတော်၏ အခန်းကဏ္ဍကို တစ်စိတ်တစ်ဒေသ မြင်တွေ့ရပါလိမ့်မည်။
လွတ်လပ်ရေးရခဲ့
၁၉၄၈ ခုနှစ်    ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သည်။ ကွန်မြူနစ် ပါတီက   ထိုလွတ်လပ်ရေးသည်  စစ်မှန်သော လွတ်လပ်ရေးမဟုတ်ဟု    ကြွေးကြော်ခဲ့သည်။ ၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ပျဉ်းမနားမြို့၌ ကွန်ဖရင့်ကြီးတစ်ခုကျင်းပပြီး ထိုကွန်ဖရင့်ဆုံးဖြတ်ချက်အရ ဖဆပလအစိုးရကို  ပြောင်ပြောင်တင်းတင်း  စစ်ကြေညာလိုက်သည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖဆပလအစိုးရ က ကွန်မြူနစ်ခေါင်းဆောင်များအား ဖမ်းဆီးရန် အမိန့်ထုတ်သည်။ သို့ရာတွင်  ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင်ပိုင်းသည် သတင်းပေါက်ကြားမှု ကြောင့် ကြိုတင်တောခိုသွားခဲ့ကြလေပြီ။
ထို့နောက်မှာတော့ တောခိုကွန်မြူနစ်တို့သည် စစ်ကြီးအပြီးက ဝှက်ထားခဲ့သော လက်နက်ပုန်း တို့ကို ဖော်ထုတ်ဆွဲကိုင်ကြကာ နီးရာကျေးရွာများ၊ ရဲကင်းတို့ကို    စီးနင်းတိုက်ခိုက်ကြတော့သည်။ တံတားများကို ဖောက်ခွဲကြသည်။ မီးရထားလမ်းများ ကို ဖျက်ဆီးကြသည်။ ထိုပွဲဦးထွက်အောင်မြင်မှုများ ကြောင့်လည်းကောင်း၊   ဝါဒဖြန့်ကောင်းမှုကြောင့် လည်းကောင်း ရိုးသားသော  တောသူတောင်သား အများအပြားတို့သည် ကွန်မြူနစ်တို့၏အလံအောက် သို့ မျက်စိလည် လမ်းမှား ရောက်ရှိသွားကြသည်။
မတည်မငြိမ် ဖြစ်လာခဲ့
ကွန်မြူနစ်တို့           တောခိုကြသောအခါ ထိုကွန်မြူနစ်တို့အပေါ်တွင်    သံယောဇဉ်ငြိတွယ် လျက်ရှိသော ပြည်သူ့ရဲဘော်တို့သည် မတည်မငြိမ် ဖြစ်လာခဲ့ကြသည်။ ထိုအခါ မုန်တိုင်း၏နောက်ဆွယ် တွင် ဒီရေလှိုင်းတံပိုးတို့သည် ကပ်ကာပါလာတတ် သည့်အလား ကရင်အမျိုးသားသမဂ္ဂ(ကေအင်န်ယူ)နှင့်  ၎င်း၏   လက်နက်ကိုင်အဖွဲ့ဖြစ်သော    ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့(ကေအင်န်ဒီအို)တို့ သည်လည်း လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ထိုအညှီ တွင် ပြည်ပယင်ကောင်တို့သည်လည်း အုံခဲကြလေ သည်။
၁၉၄၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထိုစဉ်က ဝန်ကြီးချုပ် ဦးနုက  လက်ဝဲညီညွတ်ရေးအတွက် “နုမူ ၁၅ ချက်”ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်း၏ ဂယက်အဖြစ် ပြည်သူ့ရဲဘော်တို့ နှစ်ခြမ်း ကွဲသွားသည်။ ရဲဘော်ဝါတို့က“နုမူ”ကို လက်ခံ ကြသည်။ ရဲဘော်ဖြူတို့က  လက်မခံကြ။ ၁၉၄၈ ခုနှစ်    ဇူလိုင်လအတွင်းမှာတော့   ရဲဘော်ဖြူတို့ တောခိုသွားကြပြန်သည်။
တောခိုသွားခဲ့ကြ
ထိုဂယက်သည်       တပ်မတော်တပ်တွင်းသို့ ရိုက်ခတ်လာပြန်သည်။    ကွန်မြူနစ်အနွယ်ဝင် အရာရှိ၊ အကြပ်၊ တပ်သားအချို့သည် ကျိတ်ဝိုင်း ကလေးတွေဖြင့် နိုင်ငံရေးအခြေအနေအရပ်ရပ်ကို လေ့လာကြသည်။ ဆွေးနွေးကြသည်၊ စည်းရုံးကြ သည်။ အဖြေရှာကြသည်။ ၁၉၄၈ ခုနှစ် သြဂုတ်လ တွင် တပ်ရင်း (၃)  တစ်ဝက်ခန့်၊ တပ်ရင်း (၆) မှ အရာရှိ တစ်ဦး၊ နှစ်ဦးနှင့် ရဲဘော်အချို့နှင့် သရက်မြို့ ရှိ တပ်ရင်း(၁) တစ်ရင်းလုံး တောခိုသွားခဲ့ကြသည်။ 
ထို့အပြင်  တောင်ငူ၊   မန္တလေး၊   ရန်ကုန်   မီးရထားလမ်းတစ်လျှောက်တွင်လည်း   ကရင် သေနတ်ကိုင်တပ်များနှင့် ကရင်စစ်ရဲများသာရှိနေ သည်။ သူတို့အဖို့  တောခိုရန်ပင်မလို။ လက်ရှိတပ်စွဲ ထားသော မြို့ရွာများကို  “တို့သိမ်းလိုက်ပြီဟေ့”ဆိုရုံဖြင့် ကိစ္စပြီးနိုင်သည့် အနေအထားတွင်ရှိနေ သည်။
တစ်နေ့တခြား ထကြွလှုပ်ရှားလာ
ထိုအတွင်း ကေအင်န်ဒီအိုလက်နက်ကိုင်အဖွဲ့ တို့သည် တစ်နေ့တခြား ပိုမို၍ထကြွ လှုပ်ရှားလာ ကြသည်။ ပေါ်ပေါ်ထင်ထင်ပင် အစိုးရအား ပုန်ကန် လာကြသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် အင်းစိန်မြို့ကို သိမ်းပိုက်လိုက်ကြသည်။ ၁၉၄၉ ခုနှစ်   ဇန်နဝါရီလ ၂၇ ရက်နေ့၌ တောင်ငူမြို့ကို အတိအလင်း သိမ်းပိုက်လိုက်ကြသည်။ ထိုစဉ်က တောင်ငူတွင် ကရင်သေနတ်ကိုင်တပ်ရင်း (၁) ရှိနေ သည်။ ၁၉၄၉ ခုနှစ်  ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်မြို့ကို ကရင်သေနတ်ကိုင်တပ်ရင်း (၂) က သိမ်းလိုက်သည်။ တောင်ငူမှ သူပုန်တပ်တွေလည်း ပဲခူးသို့ဆင်းသည်။    ပြည်  သူပုန်တပ်တွေသည် ရန်ကုန်ဘက်သို့  စုန်သည်။     ထိုစစ်ကြောင်း နှစ်ကြောင်းစလုံးသည် အင်းစိန်ရှိ ကေအင်န်ဒီအိုတို့ နှင့်ပူးပေါင်းကာ ရန်ကုန်ကိုသိမ်းဖို့ ရည်ရွယ်သည်။ သို့ရာတွင် သူတို့နှစ်ဖွဲ့စလုံးသည် လမ်းခုလတ်၌ တပ်လန်သွားကြသည်။ ရည်မှန်းချက်သို့ မရောက် ကြ။
တောင်ငူမှ ဆင်းလာသူတို့အား ဒုဗိုလ်မှူးကြီး တင်ဦး   ခေါင်းဆောင်သော   ဗမာ့သေနတ်ကိုင် တပ်ရင်း (၆) နှင့် ဗိုလ်မှူးအေးငွေ၊ ဗိုလ်မှူးဝေလင်းတို့ ခေါင်းဆောင်သော စစ်ရဲဝန်ထမ်းတို့က ပဲခူးအဝင်မှာ ပင်    တိုက်ဖျက်တွန်းလှန်လိုက်သည်။   ပြည်မှ ဆင်းလာသူတို့ကို          ဒုဗိုလ်မှူးကြီးချစ်မြိုင် ခေါင်းဆောင်သော ဗမာ့သေနတ်ကိုင်တပ်ရင်း(၃) က ဝက်ကော်တစ်ဝိုက်တွင် တိုက်ခိုက်ချေမှုန်းလိုက် သည်။
အင်းစိန်၌ ဗိုလ်မှူးကြီးကျော်ဇော ခေါင်းဆောင် ၍   ဗိုလ်မှူးကြီးဘလိပ်၊    ဒုတိယဗိုလ်မှူးကြီး ကြည်မောင်၊      ဒုတိယဗိုလ်မှူးကြီးကဲပင်းနက်၊ ဗိုလ်မှူးစောမြင့်တို့က ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)၊ ချင်းသေနတ်ကိုင်တပ်ရင်းနှင့် အခြား ရရာတပ်တို့ကို ဦးဆောင်၍   ကေအင်န်ဒီအိုတို့အား   တတိတိနှင့် ခြွေနေကြရသည်။ 
တစ်ပြည်လုံး စိုးမိုးထားနိုင်
သို့ရာတွင်          တစ်တိုင်းတစ်ပြည်လုံးက မည်းမည်းမှောင်ဆဲ။      အစိုးရအနေဖြင့်    ထိုစဉ်က ပိုင်ပိုင်နိုင်နိုင်    သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့သည်မှာ ရန်ကုန်၊   ပဲခူး၊   သာစည်၊   စစ်ကိုင်း၊   ရွှေဘို၊ မြစ်ကြီးနားနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ အနည်းငယ် မျှသော ခရိုင်မြို့ကြီးများသာ။ ပုသိမ်ကဲ့သို့ မြို့ကြီး ကိုပင် သူပုန်တို့သည် နာရီပိုင်းမျှသိမ်းပိုက်နိုင်ခဲ့ကြ သည်။   မော်လမြိုင်၊  သထုံ၊  ညောင်လေးပင်၊ တောင်ငူ၊   မိတ္ထီလာ၊ မန္တလေး၊  ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ ပြည်နှင့် မြစ်ဝကျွန်း ပေါ်မှ မြို့ကြီးအချို့ပင် သူပုန်တို့၏ သိမ်းပိုက်ခြင်း မှ မလွတ်ခဲ့ကြ။
လွတ်လပ်ရေးရရှိပြီးသည့်နောက် တိုင်းပြည် နုနုတွင်  ဝါဒစွဲပြင်းထန်မှု၊ လူမျိုးရေး စိတ်ဓာတ် ပြင်းပြမှု၊ တစ်ဦးနှင့်တစ်ဦး မယုံကြည်မှု၊ အကွဲကွဲ အပြားပြားဖြစ်ခဲ့မှု မုန်တိုင်းတွေကြောင့် ရရှိထား သည့် လွတ်လပ်ရေးကြီးပင်  ဆုံးရှုံးရခမန်းဖြစ်ခဲ့ကြ သည်။ ထိုအခြေအနေတွင် ထိုအချိန်က ပျိုရွယ် လှသေးသော   ထိုတပ်မတော်သည်  အခက်အခဲ အမျိုးမျိုးတို့အကြားမှ ရုန်းကန်ရင်း ပြည်ထောင်စု ကြီး၏အလံတော်ကို မယိုင်မလဲအောင် ထိန်းသိမ်း ခဲ့ကြရသည်။ 
တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့
ရန်သူနှင့်နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် အဆပေါင်းများစွာ နည်းပါးလှကာ ကျည်ဆန်ခဲယမ်း မီးကျောက်တို့ကို   တစ်တောင့်ချင်း   လက်ချိုး ရေတွက်ပြီး တိုက်ခိုက်နေရသည့် ထိုတပ်မတော် သည်    ထိုရန်သူမျိုးစုံတို့အား   အကြိတ်အနယ် ပြန်လည်ခုခံခဲ့ရာမှ တစ်စတစ်စဖြင့် တန်ပြန်ထိုးစစ် ကို ဆင်နွှဲနိုင်ခဲ့သည်။
၁၉၄၉ ခုနှစ်အတွင်း ရန်သူတို့လက်မှ မိတ္ထီလာ၊ မေမြို့(ပြင်ဦးလွင်)၊  အင်းစိန်၊  မန္တလေး၊  ကြို့ပင် ကောက်၊  ဇီးကုန်း၊  နတ်တလင်း၊  ရေနံချောင်း၊ တွံတေး၊ သထုံ၊ မလှိုင်၊ သာယာဝတီ၊ လက်ပံတန်း၊ လားရှိုး၊ သိန္နီ၊ လွိုင်လင်၊ သုံးခွ၊ ခရမ်း၊  ညောင်တုန်း၊ တောင်ကြီး၊ ဓနုဖြူ၊ စာဘူးတောင်းမြို့တို့ကိုလည်း ကောင်း၊ ၁၉၅၀ ပြည့်နှစ်အတွင်း ရန်သူတို့လက်မှ ကျောက်ပန်းတောင်း၊   ကွမ်းလုံ၊   ပြွန်တန်ဆာ၊  ညောင်လေးပင်၊ ဖြူး၊ တောင်ငူမြို့တို့ကို ထိုတပ်မတော် က  ပြည်သူ့သားကောင်း  အဖူးအညွန့်လေးတို့၏  အသက် သွေးပေါင်းများစွာပေးလှူ၍  တစ်မြို့ပြီး တစ်မြို့၊ နောက် တစ်မြို့ပြီး တစ်မြို့တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။


မင်းရေးကြွယ်ကြွယ်စာအုပ်တွင်မူ ၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့ကြီး၏ အကွဲအပြဲ။ တည်မြဲဖဆပလ ဖြစ်သည့် ဆွေငြိမ်းတို့က သန့်ရှင်းဖဆပလဖြစ်သော နုတင်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်း မဲခွဲမှုများ၊  ပမညတနှင့်   ပြည်နယ်အမတ်တို့၏  ထောက်ခံမဲဖြင့် နုတင်အစိုးရက ရှစ်မဲတည်းဖြင့် ကပ်နိုင်ခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့မှု၊ ထို့နောက် သန့်ရှင်း နှင့်တည်မြဲ နှစ်ဖွဲ့တို့ ဆက်လက်အားပြိုင်မှုကြောင့် ၁၉၅၈ ခုနှစ်  စက်တင်ဘာလ  ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုက “ဗိုလ်ချုပ်ကြီးက အိမ်စောင့် အစိုးရတစ်ရပ်ဖွဲ့ပြီး     တိုင်းပြည်အခြေအနေကို ထိန်းသိမ်းပေးပါရန်နှင့်          တရားမျှတသော ရွေးကောက်ပွဲကြီးကို ဦးဆောင် ကျင်းပပေးပါရန်”     ဗိုလ်ချုပ်ကြီးနေဝင်းထံ      စာတစ်စောင်ပေးပို့ ဖိတ်ကြားရာမှ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာမှု၊ အိမ်စောင့်အစိုးရက ၁၉၆၀ ပြည့် နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တတိယအကြိမ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပ ပေးမှု၊ ဧပြီလ  ၄   ရက်နေ့တွင်        အနိုင်ရသန့်ရှင်း ဖဆပလအစိုးရသစ် တက်လာပြီးနောက်     ထိုသန့်ရှင်းဖဆပလကို “ပြည်ထောင်စုပါတီ”(ပထစ)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းမှု၊        ရွေးကောက်ပွဲတွင် တပ်မတော်သည်  မည်သူ့ဘက်ကိုမှ   မည်သည့် အကြောင်းကြောင့်  မျက်နှာမလိုက် ဘက်မလိုက်မိ စေရန်၊ တရားမျှတ သော   ရွေးကောက်ပွဲကြီးအဖြစ်    ကျင်းပနိုင်ရန်   ဗိုလ်ချုပ်ကြီးနေဝင်း  ကိုယ်တိုင် တပ်ရင်းတပ်ဖွဲ့များ သို့         တွေ့ဆုံမှာကြားပြီး ထိုမိန့်ခွန်းတို့ကို   တိပ်ခွေများဖြင့်  အသံသွင်း၍ တပ်အသီးသီးတို့မှ ရဲဘော်များပါ ကြားနာစေရန် ပို့ပေးခဲ့မှု၊  သည်ကြား က  စည်းကမ်းဖောက်မိသူ ဗိုလ်မှူးချုပ်အောင်ရွှေ၊   ဗိုလ်မှူးကြီးကြည်ဝင်း၊ ဒုဗိုလ်မှူးကြီးကျော်မြင့်၊   ဒုဗိုလ်မှူးကြီးဘဖြူ၊ ဒုဗိုလ်မှူးကြီးချစ်ခိုင်၊ ဗိုလ်မှူး ကြီးတင်မောင်တို့အား   ဗိုလ်ချုပ်ကြီး၏ဆန္ဒအရ တပ်မတော်မှ ထွက်ခွင့်ပြု လိုက်မှုတို့ကို လေ့လာ တွေ့မြင်နိုင်ပါသည်။ 
တရားမျှတသော ရွေးကောက်ပွဲ
တစ်နည်းအားဖြင့်   နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည်  ၎င်းတို့ အာဏာရရှိရေး အတွက် တပ်မတော်ကိုအသုံးချခဲ့မှု၊ တပ်မတော် သည်       အိမ်စောင့်အစိုးရပီပီ     ကတိအတိုင်း ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့မှု၊ တပ်မတော် သည် အစဉ်အလာကောင်းတစ်ရပ်အဖြစ် မည်သည့် ဘက်မှ   ဘက်မလိုက်ဘဲ     တရားမျှတသော ရွေးကောက်ပွဲအဖြစ်  ပုံဖော်ပေးနိုင်ခဲ့မှုတို့ကို လည်း လေ့လာတွေ့မြင်နိုင်ပါသည်။ 
ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်သည် ထိုထို သော မှတ်တမ်းစာအုပ်များကို  ရေးသားရာတွင် ထိုခေတ်တပ်မတော်သည် မည်သို့သောအခက်အခဲ၊ မည်သို့သော  စွန့်စားမှုတို့ကို ရင်ဆိုင်ခဲ့ကြရသည်ကို ယနေ့လူငယ်လူရွယ်တို့အား သမိုင်း၏တစ်ကဏ္ဍ ကိုပြောပြလိုသည့် စေတနာဖြင့်ရေးသားပြုစုခဲ့ခြင်း ဖြစ်ပါသည်ဟု အမှာစာတွင်  ဖော်ပြခဲ့ပါသည်။ 
သို့ရာတွင် မျက်မှောက်ခေတ်တွင်မူ လူငယ် လူရွယ်အချို့သည် တပ်မတော်နှင့်  မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာဖတ်ရှုမှုအားနည်းလာခဲ့ကြရုံမက    သူတို့သည်   နိုင်ငံရေးသမားများ၏ ဒီမိုကရေစီ စကားလုံးအပေါ်၌သာ တစ်ဖက်သတ် သာယာချိုမြခဲ့ကြကာ လစ်ဘရယ်လှိုင်းတံပိုးအောက် တွင်သာ စုံးစုံးမြုပ်သွားခဲ့ကြလေသည်။ 
မှေးမှိန်ပျောက်ကွယ်
သမိုင်းအစဉ်အလာကြီးမားခဲ့သော တပ်မတော် ၏အခန်းကဏ္ဍကို   မှေးမှိန်ပျောက်ကွယ်အောင် ပြည်သူနှင့်    တပ်မတော်ကို   ရန်တိုက်ပေးရန် ရည်ရွယ်ချက်ဖြင့်  ပြည်ပအားကိုးပုဆိန်ရိုး နိုင်ငံရေး သမားအချို့နှင့် ဝန်းရံသူလော်ဘီတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်က တစိုက်မတ်မတ် ဝါဒဖြန့်ချိခဲ့မှု တို့ကို နားယောင်ကာ ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်း ၍  မိတ်ဆွေကို ရန်သူထင်၊ ရန်သူကို မိတ်ဆွေဟု ထင်မှတ်မှားခဲ့ကြသည်။ 
ယုတ်စွအဆုံး ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပြဿနာများကို   ဒီမိုကရေစီနည်းလမ်း ကျကျ နိုင်ငံရေးနည်းလမ်းဖြင့်   မဖြေရှင်းကြဘဲ လက်နက်စွဲကိုင်  တောခိုခဲ့ကြသည့်  သောင်းကျန်းသူ အဖွဲ့အစည်းများ(ယခု  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ)၏ လက်ရှိ ခါတော်မီ ဒီမိုကရေစီစကားသံ များကိုပင် အဟုတ်မှတ်၍ အထင်တကြီး  ဖြစ်နေကြ သည်။
ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် လည်း တပ်မတော်က ကျောင်းသားများကို လိုက်လံ ဖမ်းဆီးနေသည်ဟူသော ကောလာဟလသတင်း များကြောင့် ထောင်နှင့်ချီသော  ရင်သွေးငယ်များ သည်   နယ်စပ်များတွင်   အခြေပြုထားသည့်  သောင်းကျန်းသူများထံ သွားရောက်ခိုအောင်းခဲ့ကြ ဖူးသည်။
သဘောထားကြေညာချက်ကို ထုတ်ပြန်
ထို့ကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်    ထိုစဉ်က   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)          ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေက ကျောင်းသား   ကျောင်းသူများနှင့်   ပတ်သက်၍ တပ်မတော်၏      သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 
ယင်းကြေညာချက်တွင်           “စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပြီးနောက်   စိုးရိမ်စိတ်ဖြင့်    မြို့ပေါ်တွင် ရှောင်တိမ်းပုန်းအောင်းနေသည့်   ကျောင်းသား ကျောင်းသူများရှိနေကြောင်းနှင့် အချို့မှာ သောင်းကျန်း သူ အဖွဲ့အစည်းများထံ သွားရောက်ခိုလှုံရန် ကြံစည် လျက်ရှိနေကြောင်း သိရှိရပါသည်။ တပ်မတော် အနေဖြင့် ရာဇဝတ်မှုကျူးလွန်ခဲ့သည့် ပုဂ္ဂိုလ်များ မှအပ   ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော သားငယ် သမီးငယ်အရွယ်များဖြစ်သည့်      ကျောင်းသား ကျောင်းသူများအပေါ်တွင် မည်သည့် အာဃာတ တရားမျှမထားသည့်အပြင် အတိဒုက္ခရောက်စေလို သောဆန္ဒ လုံးဝမရှိပါကြောင်း ကြေညာအပ်ပါသည်။ သို့ဖြစ်၍  ကျောင်းသား ကျောင်းသူများအနေဖြင့် ရှောင်တိမ်းပုန်းအောင်းခြင်း၊    သောင်းကျန်းသူ အဖွဲ့အစည်းများထံ ခိုလှုံရန်ကြံစည်ကြိုးစားခြင်း မဖြစ်ပေါ်စေရေးအတွက်         မိဘဆရာများမှ ထိန်းသိမ်းကြပါရန် တိုက်တွန်းအပ်ပါသည်” ဟူ၍ ဖော်ပြထားသည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီး အောက်တို ဘာလ ၁၇ ရက်နေ့မှစတင်၍ နယ်စပ်ဒေသတွင် တပ်မတော်ကကြိုဆိုရေးစခန်းပေါင်း ၂၇ ခု ဖွင့်လှစ် ပြီး ကျောင်းသား  ကျောင်းသူများအား ပြန်လည် ကြိုဆိုခဲ့ရာ    ၃၀-၁၂-၁၉၈၈ ရက်အထိ  နှစ်လ ကျော်ကျော်ကာလအတွင်း ကျောင်းသား ကျောင်းသူ ၁၈၃၅       ဦးတို့    ပြန်လည်ရောက်ရှိလာခဲ့ကြ သည်။ 
နှံ့စပ်စုံလင်စွာ လေ့လာဖတ်ရှု
ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်၏ ဖော်ပြပါ စာအုပ်များသာမက မိုးမိုးတာရောစန်၏ “မုန်တိုင်း ကိုမမှု အံတုလေသော်”၊ “ပန်းခင်းသောလမ်းမဟုတ် ပါ”၊   ဒေါက်တာမောင်မောင်၏    “သားမောင် စစ်သည်သို့”၊      ဗိုလ်မှူးချုပ်သန်းတင်(ငြိမ်း)၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ” ၊    ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်)၏   ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့”၊     မှူးသမိန်၏  “ဘုံဘဝကြုံတွေ့ရဇာတ်လမ်းများ”၊ သောင်းဝေဦး ၏ “စစ်သားဘဝ အတွေ့အကြုံများ”၊  ဇာနည်မောင် ၏    “ပြည်တွင်းစစ်နှင့် လေကြောင်းအကူ” နှင့် “တို့နိုင်ငံကိုလာမထိနှင့်”၊    တက္ကသိုလ်စိန်တင်၏ “အောင်ဆန်းသူရိယ   ဗိုလ်တိုက်ချွန်း”       နှင့် “အောင်ဆန်းသူရိယ  အေးချို”၊ တပ်ကြပ်မောင်ထူး၏ “အောင်ဆန်းသူရိယလှသောင်း”စသဖြင့်  မြန်မာ့  နိုင်ငံရေးသမိုင်းကြောင်းနှင့် မြန်မာ့တပ်မတော်၏အခန်းကဏ္ဍသမိုင်းစာပေများကို  မြန်မာလူငယ် မောင်မယ်များ နှံ့စပ်စုံလင်စွာ လေ့လာဖတ်ရှုခဲ့ကြပါ မူ အတိတ်သမိုင်း သင်ခန်းစာများအရ “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသည့် သီအိုရီသဘောတရားကို နားလည်သဘောပေါက် လက်ခံနိုင်ကြပါလိမ့်မည်။ 
အဘယ်ကြောင့်ဆိုသော်  တပ်မတော်သည် ခေတ်အဆက်ဆက်         မျိုးမြန်မာပြည်ရွာကို  စောင့်ရှောက်ခဲ့၍  ဖြစ်ပါသည်။    ။