မျိုးမှန်မှ အဖိုးတန် အကျိုးမှန်ရမည်

Type
99

 

မြင့်မောင်စိုး

 

ကမ္ဘာ့ရှေးဦးလူသားများကဲ့သို့ သလေးစပါးကိုသာ နေ့စဉ်နှင့်အမျှ ရှာဖွေစားသောက်ရမည်ဆိုပါက အဘယ်မှာ ဝမ်းဝကြမည်နည်း။ တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်အရ တီထွင်ကြံဆ သုတေသန၊ နည်းပညာတို့ကို အသုံးချတတ်လာကြ၍ အထွက်နှုန်းကောင်း  မျိုးကောင်းမျိုးသန့်များကို ရှာဖွေစိုက်ပျိုးလာကြသည်။ လယ်ယာမြေစနစ်ထွန်းကားလာမှုနှင့်အတူ   မျိုးကောင်းမျိုးသန့် ရှာဖွေစိုက်ပျိုးရေးမှာလည်း  တိုးတက်ပြောင်းလဲလာခဲ့သည်။   စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ရေးအတွက် သိပ္ပံပညာရှင်များက အပတ်တကုတ် စူးစမ်းရှာဖွေခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အထွက်နှုန်းကောင်းပြီး အနံ့အရသာနှင့်ပြည့်စုံသော သီးနှံမျိုးကောင်းမျိုးသန့်များကို စဉ်ဆက်မပြတ်သုတေသနပြု ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့ခေတ်တွင် ကမ္ဘာ့လူဦးရေတိုးတက်လာမှုကိုကာမိစေရန် စားရေရိက္ခာများ ကမ္ဘာ့နိုင်ငံအသီးသီးက  တစ်နှစ်ထက် တစ်နှစ် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်နေကြခြင်းဖြစ်သည်။

 

မျိုးကောင်းမျိုးသန့်နှင့် ရေမြေရာသီဥတု


စိုက်ပျိုးရေးလုပ်သည်ဖြစ်စေ၊ မွေးမြူရေးလုပ် သည်ဖြစ်စေ  မျိုးကောင်းမျိုးသန့်  ရွေးချယ်ခြင်း သည် ပထမဆုံးအရေးကြီးသော အချက်ဖြစ်သည်။ ထိုသို့မျိုးကောင်းမျိုးသန့်    ရွေးချယ်နိုင်ရုံမျှဖြင့် စိုက်ရေးပျိုးရေး၊  မွေးမြူရေးတို့မှာ     တထစ်ချ အောင်မြင်လိမ့်မည်ဟု မဆိုနိုင်ပါ။ သီးပင်၊ စားပင် ဖြစ်စေ၊ ပန်းမန်ဖြစ်စေ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် စေခြင်းငှာ    လုံလောက်သော  စိုက်ပျိုးရေရှိဖို့လို သည်။ ထို့နောက်   အပင်တစ်ပင်    ကောင်းစွာ ရှင်သန်ကြီးထွားစေရန်  မြေဆီမြေနှစ်ကောင်းသော မြေအမျိုးအစား၊ လေကောင်းလေသန့်နှင့် နေရောင် ခြည်   ကောင်းစွာရရှိရန်    လိုအပ်ပေလိမ့်မည်။ အတိုချုံးပြောရလျှင်   အပင်တစ်ပင်   ကောင်းစွာ ဖြစ်ထွန်း၍ သီးပွင့်စေခြင်းငှာ မျိုးကောင်းမျိုးသန့် နှင့်ရေမြေ ရာသီဥတု   ညီညွတ်မျှတစွာ   စိုက်ပျိုး လုပ်ကိုင်ကြမှသာ  အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ပါသည်။

 


စိုက်ပျိုးရေးထုတ်ကုန်တစ်မျိုးသည် အဓိက အားဖြင့်       အထွက်နှုန်းကောင်းရမည်ဖြစ်သည်။ ထို့နောက် စားသုံးမှုအရည်အသွေးကောင်းရမည်၊ ဈေးကွက်ဝယ်လိုအားကောင်းရမည်  ဖြစ်သည်။ သို့မှသာ အမြောက်အမြားထုတ်လုပ်၍ စျေးကွက် အလားအလာကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆန်စပါးစိုက်ပျိုးသည်ဆိုကြပါစို့။ ထိုဆန်စပါးသည်        အထွက်နှုန်းကောင်းရမည်၊ စားသုံးမှုအရည်အသွေးကောင်းမွန်ရမည်၊ စျေးကွက် ဝယ်လိုအား     လူကြိုက်များရမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း   တစ်ချိန်က   မြန်မာနိုင်ငံတွင် ငစိန်နှင့်ရာကျော်စပါးကို အဓိကထားစိုက်ပျိုးရာမှ ယခုအခါ    ဆန်သားပျော့ပျော့ပြောင်းပြောင်းရှိသော  ဆန်မွှေးစပါးများ   စိုက်ပျိုးလာကြသည်။ စားလို့လည်း  ကောင်း၊ အထွက်နှုန်းလည်း  ကောင်း၊ စျေးကွက်ဝယ်လိုအားလည်းရှိသော ပုသိမ်ပေါ်ဆန်း မွှေး၊    ဖျာပုံပေါ်ဆန်းမွှေး၊   ရွှေဘို ပေါ်ဆန်းမွှေး စသည်ဖြင့် စိုက်ပျိုးလာကြ၏။ စပါးကဲ့သို့ အခြား သီးနှံများဖြစ်သည့် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတို့ကိုလည်း    မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုးလာကြ သည်။       မည်သည့်သီးနှံမဆို   မျိုးကောင်းမျိုးသန့် ဖြစ်ခြင်းကြောင့် ကြီးထွားနှုန်းကောင်းပြီး    အထွက် နှုန်းလည်း  ကောင်းခြင်းဖြစ်သည်။   အချို့သော သီးနှံမျိုးစေ့များသည် ကြီးထွားနှုန်းကောင်းသော် လည်း အထွက်နှုန်းမကောင်းပေ။ ဥပမာအားဖြင့် ဝါစိုက်ခင်းတစ်ခင်းသည် အရွက်ဖားဖား စိမ်းစိမ်းစိုစို နှင့်     ကြီးထွားဖြစ်ထွန်းနေသော်လည်း    အမှန် တကယ်  အသီးအပွင့်အားနည်းသဖြင့်  ဝါပေါက် ထွက်ရှိမှုမကောင်းပေ။ အပင်ကြီးထွားဖြစ်ထွန်းမှုအားကောင်းသလို  ဝါသီးဝါပေါက်  အထွက်နှုန်း ကောင်းမှသာ မျိုးကောင်းမျိုးသန့်ဟုဆိုထိုက်ပေသည်။ ထို့ကြောင့် မျိုးကောင်းမျိုးသန့် ဟူသော အဓိပ္ပာယ်ဖွင့်ဆိုရာတွင်  အလွန်နက်ရှိုင်း  ကျယ်ပြန့် သည်ကို  သတိပြုမိသည်။

 


ပြပွဲကြီးနှစ်ခု


မကြာသေးမီက နေပြည်တော်၌ မွေးမြူရေး၊ စိုက်ပျိုးရေးတို့နှင့် ပတ်သက်သော အဓိကပြပွဲကြီး နှစ်ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနက  ဦးဆောင်ဦးရွက်ပြု၍   ကျင်းပခဲ့ သည်ကို သတိပြုမိသည်။ ထိုပြပွဲကြီးနှစ်ခုစလုံးသည် စိုက်ပျိုးရေး၊     မွေးမြူရေးလုပ်ကိုင်နေကြသော တောင်သူလယ်သမားဦးကြီးများအတွက်      မျိုး ကောင်းမျိုးသန့် ရွေးချယ်၍ မွေးမြူရေးနှင့် စိုက်ပျိုး ရေးကို  လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း မီးမောင်း ထိုးပြထားခြင်းဖြစ်သည်။ သမားရိုးကျ စိုက်ပျိုးခြင်း၊ မွေးမြူခြင်းထက်  အကျိုးကျေးဇူးများသည့်   မျိုး ကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး မွေးမြူခြင်းကို ခေတ်စနစ်နှင့်ညီအောင်       တိုးတက်ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း  အသိပေးထားခြင်း ဖြစ်သည်။

 


မျိုးစေ့ပြပွဲ ၂၀၂၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022)ကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ        ငါးရက်တိုင်တိုင် နေပြည်တော်ကောင်စီနယ်မြေ      ပျဉ်းမနားမြို့  စိုက်ပျိုးရေးသိပ္ပံကျောင်း၌  ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဦးစီးဌာန များရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော  ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့၊ ပျိုးပင်၊ ပြခန်းပြကွက်များနှင့် စိုက်ခင်းများစုံလင်စွာခင်းကျင်းပြသခဲ့သည်။ ယင်းပြပွဲသည် စတုတ္ထ အကြိမ်မြောက်      ခင်းကျင်းပြသခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့်   မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း  သိရသည်။

 


မျိုးကောင်းမျိုးသန့်  ရွေးချယ်စိုက်ပျိုးရေး


တောင်သူဦးကြီးများအနေဖြင့် မိမိတို့လယ်ယာလုပ်ငန်းခွင်တိုးတက်အောင်မြင်ရေးအတွက်  မျိုး ကောင်းမျိုးသန့်   ရွေးချယ်စိုက်ပျိုးရေးကို  အလေး အနက်ထားဆောင်ရွက်ကြရန် အသိပေးလိုက်ခြင်း ပင်ဖြစ်သည်။ သို့သော် ထိုမျိုးကောင်းမျိုးသန့် မျိုးစေ့ များကို  ဘယ်လိုချိတ်ဆက်ရယူရမည်၊   ဘယ်လို စိုက်ပျိုးရမည်၊ ဘယ်လိုရိတ်သိမ်းရမည်၊ ဘယ်လို စျေးကွက်တင်ပို့ရမည်  စသည်ဖြင့်  သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အင်တိုက်အားတိုက် စိတ်အား ထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့် (ဝါ) မျိုးစေ့ သို့မဟုတ်   ပျိုးပင်တို့ကို    ရွေးချယ်စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းကို စိုက်ပျိုးသူတောင်သူများ အကြား    စဉ်ဆက်မပြတ်    ရှင်သန်နေအောင် ဆက်လက်ကြိုးပမ်းကြရဦးမည်      ဖြစ်ပါသည်။ တစ်ဧက တင်း ၅၀၊ ၆၀ သာ ထွက်သော စပါးထက် တစ်ဧကတင်း  ၉၀၊ ၁၀၀ ထွက်သော   စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးနိုင်ရမည်။ တရုတ်နှင့် ထိုင်းတို့မှ တင်သွင်းနေရသော ပန်းသီးမျိုးကို ချင်းတောင်ဒေသ တွင် စိုက်ပျိုးသင့်သည်။ ထို့အတူ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတို့ကိုလည်း အထွက်နည်းသည့် မိရိုးဖလာမျိုး များကို   စိုက်ပျိုးခြင်းမပြုတော့ဘဲ   အထွက်နှုန်း ကောင်းသောမျိုးများကို ပြောင်းလဲစိုက်ပျိုးရမည့်အချိန်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။

 


ဆက်လက်ပြီး မွေးမြူရေးနှင့်ပတ်သက်၍လည်း အလျဉ်းသင့်၍ တင်ပြလိုပါသည်။ မွေးမြူရေးသည် လည်း  မျိုးကောင်းမျိုးသန့်   ရွေးချယ်မွေးမြူရန် လိုအပ်ပါသည်။ ဥပမာအားဖြင့်  ဝက်မွေးသည်ဆိုပါစို့။ မွေးမြူသောဝက်အမျိုးအစားသည် အကောင်ကြီး ထွားမှုကောင်းရမည်၊ သားပေါက်နှုန်းကောင်းရမည်၊ ရာသီဥတုဒဏ်ခံနိုင်ရမည်ဖြစ်ပါသည်။ သို့မှသာ မွေးမြူသူများအတွက်  အကျိုးဖြစ်ထွန်းမည်ဖြစ် ပါသည်။ ထိုနည်းလည်းကောင်း  ကျွဲ၊ နွား၊ ဆိတ်၊ သိုးအစရှိသဖြင့်    မွေးမြူသောတိရစ္ဆာန်များကို မျိုးကောင်းမျိုးသန့်  ရွေးချယ်မွေးမြူခြင်းဖြင့်  ပိုမို အကျိုးရှိမည်ဖြစ်ပါသည်။      စာရေးသူကိုယ်တိုင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သတင်းကိစ္စဖြင့် ရောက်ဖူးပါသည်။ လယ်ကွင်းများတွင် တွေ့ရသော နွားများမှာ အထက်အညာဒေသ၌ တွေ့ရသောနွား များထက် အကောင်သေးနေသည်ကို  သတိပြုမိပါ သည်။ ကြီးထွားမှုအားကောင်းသော နွားမျိုးများ ပြောင်းလဲမွေးမြူရမည့်      သဘောဖြစ်ပါသည်။ ထို့ကြောင့်      မွေးမြူရေးလုပ်ကိုင်ရာတွင်လည်း မျိုးကောင်းမျိုးသန့်ရွေးချယ်၍ မွေးမြူသင့်ကြောင်း အောက်ဖော်ပြပါပြပွဲကြီးက အသိပေးထားပါသည်။

 


မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ


စိုက်ပျိုးရေး၊    မွေးမြူရေးနှင့်   ဆည်မြောင်း  ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့    ပူးပေါင်း၍   (၇၅)   နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မွေးမြူ ရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက် မှ ၃၀ ရက်အထိ   နေပြည်တော်ကောင်စီနယ်မြေ   ပုဗ္ဗ သီရိမြို့နယ်     ကိုးရွာသပြေကုန်းကျေးရွာအနီး စက်စက်ယိုကွင်း၌ ကျင်းပခဲ့ရာ ပြခန်းပေါင်း  ၁၄၅ ခန်းတွင် မျိုးကောင်းမျိုးသန့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသဖြင့် တိရစ္ဆာန်များကို ပြသယှဉ်ပြိုင်စေခဲ့ သည်။ အသားတိုး၊ နို့စား၊  အလှမွေး၊   ခိုင်းနွား စသည်ဖြင့် ပြသယှဉ်ပြိုင်ကြရာ မွေးမြူရေးတောင်သူ များအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ် မွေးမြူနိုင်စေရန်အထောက်အပံ့ကောင်း  ပြပွဲပြိုင်ပွဲကြီး တစ်ရပ်ဖြစ်ခဲ့သည်။

 


မြန်မာနိုင်ငံတွင် မွေးမြူရေးတိရစ္ဆာန်အမျိုးမျိုးရှိကြသော်လည်း အဓိကအားဖြင့် နွားနှင့် ဆိတ်ကို အများဆုံးမွေးမြူကြလေ့ရှိပါသည်။  မွေးမြူပုံမှာ စားကျက်မြေတွင်   အုပ်စုလိုက်    လွှတ်ကျောင်း ကြလေ့ရှိပါသည်။   နွားကျောင်းခြင်း၊     ဆိတ် ကျောင်းခြင်းဓလေ့သည် ရှေးအခါမှ ယနေ့ခေတ် တိုင်တွေ့ရလေ့ရှိပါသည်။ ရာနှင့်ချီသော နွားအုပ် ကြီးများ၊ ဆိတ်အုပ်ကြီးများကို မကြာခဏ  တွေ့ရ လေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် နွား၊ ဆိတ်၊ သိုး တို့ကို တစ်ပိုင်တစ်နိုင်မှ တစ်အုပ်တစ်မ မွေးမြူသော ဒေသများမှာ   မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီးနှင့်    မကွေးတိုင်းဒေသကြီးတို့ပင်ဖြစ် သည်။ ထို့ကြောင့် နွားမျိုးကောင်းများထွက်ရှိရာ ဒေသသည်    မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ဖြစ်သည်ကိုတွေ့ရသည်။  အခြားသောတိုင်းဒေသ ကြီးများနှင့် ပြည်နယ်များတွင်လည်း  အနည်းနှင့် အများ မွေးမြူကြပါသည်။

 


မြန်မာနိုင်ငံအောက်ပိုင်းဒေသဖြစ်သည့် ဧရာဝတီ တိုင်းဒေသကြီးတွင် မိုးများဒေသဖြစ်ခြင်းကြောင့် နွားထက် ကျွဲကိုပို၍မွေးမြူကြလေ့ရှိပါသည်။  ကျွဲနှင့် ထွန်ယက်   လုပ်ကိုင်ကြသည့်အလျောက် ကျွဲကို   မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်    တွေ့ရမှုများသည်။  နွားနောက်ကိုမူ     ကချင်ပြည် နယ်၊  ချင်းပြည်နယ်   တောင်တန်းဒေသများ၌  မွေးမြူမှု များပြားသည်။ တောင်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများကိုဒေသအလိုက် မွေးမြူလျက်ရှိသည်ကို တွေ့ရပါသည်။  ကျွဲနှင့်နွားကို  တောင်သူလုပ်ငန်းခွင် အသုံးပြုရန်အတွက်သာ  အဓိက  မွေးမြူကြလေ့ ရှိပါသည်။ အသားစားသီးသန့် မွေးမြူမှုမှာ အလွန် ရှားသည်။

 


သို့သော် မကြာသေးသည့်နှစ်များက အိမ်နီး ချင်း  တရုတ်နိုင်ငံ၌  အမဲသားစားသုံးမှု  အတော် လေး  များပြားလာသည်။ အထူးသဖြင့် အမဲစွပ်ပြုတ် ကို  မိသားစုထမင်းဝိုင်းမှသည် ဟိုတယ်ကြီးများ အထိ တွေ့ရသည်။ ထို့ကြောင့်လည်း   မူဆယ်မှ တစ်ဆင့် တရုတ်ပြည်သို့   နွားနှင့်  ဆိတ်တင်ပို့မှု များပြားလာသည်။ သို့သော် မူဆယ်တွင်  တိရစ္ဆာန် များကို   ကျန်းမာရေး   အသေအချာစစ်ဆေးပြီးမှ တင်ပို့ကြလေ့ရှိသည်။  ထို့ကြောင့်  နွားနှင့်ဆိတ် စျေးကွက်သည်  မြန်မာနိုင်ငံနှင့်   နီးကပ်စွာရှိနေ သည်ကိုတွေ့ရမည်ဖြစ်ပါသည်။    ထိုအချက်ကို  အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ်       အမိအရ ဆုပ်ကိုင်၍   နွားနှင့်ဆိတ်ကို   မြန်မာနိုင်ငံအလယ် ပိုင်းဒေသများ၌ ခေတ်မီစီမံခန့်ခွဲမှုနှင့်  ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားကြမည်ဆိုလျှင်   ဝင်ငွေကောင်းရရှိ မည်မှာအသေအချာပင်ဖြစ်ပါသည်။  အထူးသဖြင့် နွားမွေးမြူ ထုတ်လုပ်တင်ပို့ရေးကို အရှိန်အဟုန်ဖြင့် စီးပွားဖြစ် လုပ်ကိုင်သင့်သောအချိန်ဖြစ်ပါသည်။ နွားစျေးကွက်ကြီးသည်   လက်တစ်ကမ်းတွင်ရှိပါ သည်။  နွားမွေးမြူရေးကို  အရှိန်အဟုန်မြှင့်တင် လုပ်ကိုင်သင့်သော အချိန်ဖြစ်ပါသည်။

 


မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် တိရစ္ဆာန်ကောင် ရေစာရင်းအရ နွားကောင်ရေ  ၈ ဒသမ ၈  သန်း၊ နို့စားနွားကောင်ရေ ငါးသောင်းကျော်၊ နွားနောက် ကောင်ရေ ငါးသောင်းကျော်၊ ကျွဲကောင်ရေ ၁ ဒသမ ၆ သန်းကျော်ရှိပြီး  စုစုပေါင်း   ကျွဲ၊ နွားကောင်ရေ ၁၀ ဒသမ ၆ သန်းကျော်  ရှိကြောင်း  သိရသည်။

 


အချုပ်အားဖြင့်  တင်ပြရလျှင်   စိုက်ပျိုးရေး လုပ်ကိုင်သည်ဖြစ်စေ၊  မွေးမြူရေးလုပ်ကိုင်သည် ဖြစ်စေ  မျိုးကောင်းမျိုးသန့် ရွေးချယ်ရေးသည် မရှိမဖြစ် လိုအပ်လာပါသည်။ မျိုးကောင်းမျိုးသန့် ရွေးချယ် လုပ်ကိုင်ခြင်းဖြင့် အထွက်နှုန်းကောင်း၍ ဝင်ငွေစီးပွား       တိုးတက်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေ ၅၅ သန်းခန့်ရှိပါ သည်။ ထိုအထဲတွင် ၇၀ ရာခိုင်နှုန်းသည် ကျေးလက် နေ  ပြည်သူများဖြစ်ပါသည်။

 

 တစ်နည်းအားဖြင့် ၃၈ သန်းသောပြည်သူများသည် ကျေးလက်ဒေသ များ၌ နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို လုပ်ကိုင်ကြခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းပြု ကြရပါသည်။ ကျေးလက်နေပြည်သူများ၏ လူမှု ဘဝမြှင့်တင်ရေးသည်  စိုက်ပျိုးရေးနှင့်  မွေးမြူရေး ကို အဆင့်မြင့်မားစွာ လုပ်ကိုင်နိုင်ရေးဖြစ်ပါသည်။ ထို့ကြောင့် မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုး ခြင်း၊ မွေးမြူကြခြင်းဖြင့်  အထွက်နှုန်းကောင်းပြီး လူမှုဘဝမြင့်မားတိုးတက်ရေးအတွက်  တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။