
မိုးမိတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြ ဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သုံးကိရိယာများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာဦးစီး ဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ဘော်နှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင် သာယာရေးအမှုဆောင်အရာရှိ ဦးတင်ရှိန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကော်မတီဝင်များနှင့် ဈေးသူ ဈေးသား များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးလောင် ပြင်တွင် ရှာဖွေကယ်ဆယ်ရေးသုံးကိရိယာ များ၏ အသုံးပြုပုံအား လက်တွေ့ပြသ ခြင်းများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့မဈေးမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း၊ အပြင်ရှိ မီးသတ်ရေကန်များရေအပြည့် ထားရှိပြီး ဈေးဆိုင်ခန်းများ၏ လျှပ်စစ်မီး သုံးစွဲမှုအခြေအနေ၊ မီးဘေးလုံခြုံမှုရှိ/ မရှိ၊ ဈေးဆိုင်ခန်းများတွင် ထားရှိသော မီးသတ်ဆေးဘူးများ ကောင်း/မကောင်း စသည်တို့ကို လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်ရှိန်က ပြောသည်။
စည်သူဌေး (ပြန်/ဆက်)