
ဗန်းမော် သြဂုတ် ၃
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက လမ်းမကြီးဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော် ခရိုင်အတွင်းမှ မိုးမောက်-ကျောက်စခန်း-စိန်လုံ- လွယ်ဂျယ်လမ်းအရှည် ၄၇ မိုင် လေးဖာလုံ ဖောက်လုပ် ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ် ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် လမ်းဦးစီး ဌာနတာဝန်ရှိသူများ၊ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် သြဂုတ် ၁ ရက်က ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က မိုးမောက် - လွယ်ဂျယ် လမ်းသည် မြန်မာ - တရုတ် နယ်စပ်ကုန်စည်စီးဆင်း ရာတွင် အဓိကလမ်းကြောင်းတစ်ခု ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်း အမြန်ဆုံးပြီးစီးအောင် မဖြစ် မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လမ်း ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် လိုအပ်ချက်၊ အခက်အခဲများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး တင်ပြ ဆွေးနွေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် လမ်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက် သည့် ဟုန်ရှင်းကျန်းဘ ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာဦးမောင်ချင်းက BOT စနစ် ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တာဝန်ခံအင်ဂျင်နီယာက မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်း ၄၇ မိုင် လေးဖာလုံ လမ်းပိုင်းအတွင်း လမ်းစီမံကိန်းအကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လမ်းနယ် အတွင်း ပါဝင်သွားသော မြေယာသီးနှံပင်များအတွက် လျော်ကြေးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ မိုးရာသီကာလအတွင်း လမ်းကြောင်း ပြတ်တောက်မှုမရှိစေရေး ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လမ်းဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ဖြည့်စွက်တင်ပြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လမ်းလုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစာချုပ်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်၊ အခက် အခဲများကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ မိုးမောက်-လွယ်ဂျယ်လမ်းသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း လွယ်ဂျယ် မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ခရိုင် ကျန်းဖုန်းမြို့အထိ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များ ကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် အဓိကကျသည့် လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ လမ်းပိုင်း ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာနနှင့် ကုမ္ပဏီတို့က ယခုနှစ် ဧပြီလဆန်း ပိုင်းက BOT လက်မှတ်ရေးထိုးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကာလမှာ သုံးနှစ်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)