မိုးကြိုကာလ ဧပြီ၊ မေလများသို့ ရောက်သည်နှင့် မြန်မာနိုင်ငံ အနှံ့အပြား လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်သေဆုံးမှုသတင်းများ ကြားသိလာရပြီ ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများ အကြိမ်ရေနှင့် ပြင်းထန်မှုတို့ မြင့်တက်လာလျက်ရှိရာ မိုးကြိုးဘေးအန္တရာယ်သည်လည်း မြင့်မားလျက်ရှိပြီး မိမိတို့နိုင်ငံတွင် နှစ်စဉ် လူ ၁၀၀ ကျော် မိုးကြိုး ကြောင့် သေဆုံးနေကြရသည်ဟု သိရသည်။
မိုးကြိုကာလ အနောက်တောင်မုတ်သုံလေ လှုပ်ရှားသည့် အချိန်တွင် မိုးကြိုးလျှပ်စီးကို ဖြစ်ပေါ်စေသည့် မိုးတိမ်တောင် များ ဖြစ်ပေါ်ခြင်းကြောင့် မိုးကြိုးအန္တရာယ်ကို သတိပြုကြရမည် ဖြစ်သကဲ့သို့ အနောက်တောင်မုတ်သုံလေ ပြန်လည်ဆုတ်ခွာသည့် မိုးနှောင်းကာလများတွင်လည်း မိုးကြိုးအန္တရာယ်မြင့်မားလာ ခြင်းကို သတိပြုကြရမည်ဖြစ်သည်။ တစ်နေ့တာအတွင်း မိုးကြိုး ပစ်မှု အများဆုံးဖြစ်ပွားသည့်အချိန်သည် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်းဖြစ်သည်ဟုဆိုရာ မိုးကြိုမိုးနှောင်းကာလ မိမိနေထိုင်ရာဒေသအနီး မိုးခြိမ်းခြင်း၊ လျှပ်ပြက်ခြင်းတို့ မကြာ မကြာဖြစ်ပွားနေပါက မိုးကြိုးအန္တရာယ် မြင့်မားနေပြီဖြစ်သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများမှာ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုပတ်ဝန်းကျင်အနေအထားအရ သဘာဝဘေးအန္တရာယ် များနှင့် အနီးဆုံးဖြစ်ပြီး မိုးကြိုးဘေးအန္တရာယ်ကျရောက်အခံရ ဆုံးမှာလည်း ကျေးလက်ဒေသနေသူများ၊ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများက အများဆုံးဖြစ်သည်။ လယ်ကွင်း များ၊ သီးနှံစိုက်ခင်းများနှင့် ယာစိုက်ခင်းများ၊ ငါးမွေးမြူရေးကန် များ၊ လယ်တဲယာတဲများ၊ လယ်ကွင်းများအတွင်းရှိ သစ်ပင်ကြီး များ စသည်တို့မှာ မိုးကြိုးအန္တရာယ်မြင့်မားသည့်နေရာများ ဖြစ်ရာ မိုးကြိုမိုးနှောင်းကာလ မိုးရွာသွန်းခြင်း၊ မိုးခြိမ်းလျှပ်စီး လက်ခြင်းတို့ ဖြစ်ပေါ်နေချိန်တွင် မဖြစ်မနေ အလုပ်လုပ်နေကြ မည့်အစား အန္တရာယ်ကိုတွက်ဆ၍ လုပ်ကိုင်ကြရန်လိုသည်။ မြွေဆိပ်သည် အချိန်မီကုသနိုင်လျှင် အသက်အန္တရာယ်မှ လွတ်မြောက်နိုင်သော်လည်း မိုးကြိုးမှာ စက္ကန့်ပိုင်းအတွင်း အသက်အန္တရာယ်ကျရောက်နိုင်သည်ကို သတိထားကြရမည် ဖြစ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော် ထားရာ မိုးကြိုကာလ မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက် ခြင်းတို့ ဖြစ်ပေါ်နေချိန်တွင် တတ်နိုင်သမျှ အဆောက်အဦ အတွင်း၌သာ နေထိုင်ရန်၊ အိမ်အပြင်တွင် ရောက်ရှိနေပါက အိမ်ထဲသို့ ချက်ချင်းပြေးဝင်ရန်၊ သံ/သတ္တုပစ္စည်းများကို လက်တွင် ကိုင်မထားရန်၊ သစ်ပင်၊ ဓာတ်တိုင်နှင့် သံ၊ သတ္တုပစ္စည်းများအနီး တွင် မနေရန်၊ ရေကူးကန်၊ ရေကန်၊ မြစ်ချောင်းအင်းအိုင် စသည့် နေရာများတွင်ရှိနေခဲ့လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံသည့် နေရာ အမိုးအကာရှာ၍နေရန်၊ အိမ်အပြင်ဘက်တွင် လူစုလူဝေး နှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေရန်၊ ကွင်းပြင်တွင် ထီးထီးကြီး မနေရန်၊ လှေသမားများ၊ ရေကူးသမားများ ဖြစ်နိုင်သမျှ ကမ်းသို့ ကပ်ရန်၊ အိမ်အတွင်းတွင်ရှိနေပါက အဆောက်အဦ၏အလယ် တွင်သာနေရန်၊ ရေပိုက်များ၊ ရေဆေးခွက်များအနီး မနေရန်၊ ပြတင်းပေါက်မှ ဝေးဝေးနေရန်၊ လျှပ်လက်မိုးခြိမ်းနေစဉ် ဖုန်း၊ တီဗွီ၊ လျှပ်စစ်ပစ္စည်းများ မသုံးရန်နှင့် ခလုတ်ပိတ်၍ ပလပ်ဖြုတ် ထားရန်၊ ရေမချိုးရန်၊ အဆောက်အအုံတွင် မိုးကြိုးလွှဲများ ကြိုတင်တပ်ဆင်ထားရန်၊ မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော် ကြာမှ အိမ်ပြင်ထွက်ရန် အကြံပြုထားသည်။
မိုးကြိုး၏သဘောသဘာဝများကို သိနားလည်ထားခြင်း၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို လေ့လာမှတ်သား ကာ လိုက်နာဆောင်ရွက်ခြင်း၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်သို့ လည်း အသိပညာမျှဝေပေးခြင်းဖြင့် နှစ်စဉ် လူနှင့်တိရစ္ဆာန် ကျွဲ၊ နွားတို့အပေါ် အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေလျက်ရှိသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် မိုးကြိုးအန္တရာယ်မှ ကိုယ်စီ လွတ်ကင်းနိုင်ကြပါစေကြောင်း။ ။