
သစ်တောမောင်
တောပင်ကို တော်တော်ခုတ်ကြ
တောပြုတ်လိမ့် နောက်နောင်
တောပြုတ်လို့ တောပြောင်
မိုးခေါင်တော့မှာပဲ
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။
ဇော်ဂျီ
သဲကန္တာရဖြစ်ထွန်းခြင်း
သစ်တောများသည် လူသားများအတွက် သစ်၊ ထင်း၊ ဝါး၊ ဆေး၊ အဝတ်အထည်၊ အစားအစာ၊ အစရှိသည့် သစ်တောထွက်ပစ္စည်းများ သာမက ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ ရေနှင့် လေကောင်း လေသန့်ရရှိစေရန် သန့်စင်ပေးခြင်း၊ ကမ္ဘာ့လေထုအား ပူနွေးစေပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ စုပ်ယူသိုလှောင်ပေးခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုအား တားဆီးပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အထောက်အပံ့ပြုလျက်ရှိပါသည်။ ထို့ကြောင့် ‘သစ်တောများသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်သည်’ ဟု ဆိုနိုင်ပါသည်။
ဆရာဇော်ဂျီ၏ ကဗျာလေးသည် သစ်တောသစ်ပင်များ၏ အကျိုး ကျေးဇူးကို ဖော်ညွှန်းနေပြီး သစ်ပင်သစ်တောများကို စည်းမဲ့ကမ်းမဲ့ခုတ်ယူမှုများကြောင့် သစ်တောများပြုန်းတီးပြီး မိုးခေါင်ခြင်း၊ ရေရှား ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေဆီလွှာပျက်စီးပြီး နောက်ဆုံးတွင် သဲပင်လယ်၊ သဲကန္တာရများဖြစ်သွားနိုင်ကြောင်း ထိထိမိမိ ဆုံးမညွှန်ပြ ထားပါသည်။ မြန်မာနိုင်ငံသည် သယံဇာတများ ပေါများသည်ဆိုသော် လည်း အကန့်အသတ်ဖြင့်သာရှိပါသည်။ သစ်တောများ၏ နှစ်စဉ် တိုးပွားနှုန်းထက် ပိုမိုခုတ်ယူသုံးစွဲပါက သစ်တောများပြုန်းတီးပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်းနှင့် နောက်ဆုံးတွင် သဲပင်လယ်၊ သဲကန္တာရများ ဖြစ်ပေါ်လာနိုင်ပါသည်။ သဲကန္တာရ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသီးနှံ အထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေးလုပ်ငန်းများ အထွက်နှုန်း နည်းပါးလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး လူမှုစီးပွားရေး အခက်အခဲများ တိုးပွားလာ ခြင်း၊ ဆင်းရဲနွမ်းပါးမှု မြင့်မားလာခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်း၊ ပညာရေးနိမ့်ကျခြင်းစသည့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ် လာပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမည်ဖြစ်သည်။
ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD) အဖွဲ့ က သဲကန္တာရဖြစ်ထွန်းလာမှု ဝိသေသလက္ခဏာများကို အောက်ပါ အတိုင်း သတ်မှတ်ထားပါသည်-
i မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊
i လေထုနှင့် မြေထုအပူချိန်မြင့်မားမှုဒဏ် ကြာရှည်စွာ ခံစားရခြင်း၊
i အပူချိန် အတက်အကျလွန်ကဲခြင်း၊
i မြေဆီလွှာ ရေငွေ့ပျံမှုနှုန်း မြင့်မားခြင်း၊
i စိုထိုင်းဆနိမ့်ခြင်း၊
i မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်း နိမ့်ကျခြင်း၊
i ရေနှင့် လေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားမှု များခြင်း။
သဲကန္တာရဖြစ်ထွန်းခြင်းနှင့် မိုးခေါင်ခြင်း အကျိုးသက်ရောက်မှုများ
သဲကန္တာရဖြစ်ထွန်းမှုသည် အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်သည်။ သစ်နှင့် ထင်းများ အလွန်အကျွံထုတ်ယူ ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်တာတမံ များတည်ဆောက်ခြင်း၊ စားကျက်ချခြင်း၊ မြို့ရွာများ တိုးချဲ့တည် ထောင်ခြင်း စသည့်လုပ်ဆောင်ချက်များကြောင့် အပူပိုင်းဒေသ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်ပြီး အပူပိုင်းဂေဟစနစ်ပျက်စီးကာ သဲကန္တာရဖြစ်ထွန်းလာခြင်း ဖြစ် သည်။ မြေဆီလွှာပျက်စီးခြင်း၊ မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့ခြင်း ကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု မရှိတော့သဖြင့် အဆိုပါ ဒေသနေ ပြည်သူများ လူမှုစီးပွားဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြရသည်။
ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်းအရ ယနေ့ အချိန်တွင် သဲကန္တာရဖြစ် ထွန်းလာသော ဝိသေသလက္ခဏာများကြောင့် ကမ္ဘာတစ်ဝန်းစိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းခန့်အထိ အရည်အသွေးကျဆင်းခဲ့ကြောင်း သိရသည်။ အပူပိုင်းဒေသများသည် သဘာဝအားဖြင့် ပူပြင်းခြောက်သွေ့ပြီး ထိရှ လွယ်သော သဘောရှိပါသည်။ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ ထုတ်ပြန်မှုများအရ သဲကန္တာရဖြစ်ထွန်းနိုင်သော အခြေအနေများကြောင့် နောင်ဆယ်နှစ်အတွင်း လူသန်းပေါင်း ၅၀ ကျော် အပူပိုင်းဒေသနေရပ်ဒေသမှ အခြားဒေသများသို့ ပြောင်းရွှေ့ ကြရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ၂၀၅၀ ပြည့်နှစ်တွင် မိုးခေါင်မှုနှင့် ပူပြင်းခြောက်သွေ့မှု အကျိုးဆက်များသည် ကမ္ဘာ့ လူဦးရေ၏ လေးပုံသုံးပုံအပေါ် သက်ရောက်နိုင်မည်ဟုလည်း ခန့်မှန်း ထားပါသည်။ ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှုကာလနှင့် အကြိမ် အရေအတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်း သည် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ် တွင် ကလေး လေးဦးလျှင် တစ်ဦးနှုန်း ရေပြတ်လပ်မှုဒဏ် ခံစားရမည် ဖြစ်ကြောင်း၊ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်း ခြောက်သွေ့မှုကြောင့် လူပေါင်း ၂ ဒသမ ၇ သန်း အပေါ် သက်ရောက် ခဲ့ပြီး ၁၁ ဒသမ ၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့်
မိုးခေါင်မှုတိုက်ဖျက်ရေးနေ့
သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံ မျိုးကွဲဆုံးရှုံး ပျောက်ကွယ်ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ် သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက်အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန် ၁၇ ရက်ကို “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့” (International Day Against Desertification, and Drought) ဟု သတ်မှတ်ခဲ့ပါသည်။ ယခုနှစ် အတွက် ဆောင်ပုဒ်မှာ “မိုးခေါင်မှုမှ လွတ်မြောက်ဖို့၊ သစ်ပင်အတူ စိုက်ကြစို့” (Rising Up From Drought Together) ဖြစ်သည်။
အပူပိုင်းဒေသတွင် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်း ခြင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းနိုင်မှုများကို တိုက်ဖျက်ရန်နှင့် အပူပိုင်းဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
“အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့”သည် ထင်ရှားသော အထိမ်းအမှတ်နေ့ တစ်နေ့ ဖြစ်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကုလသမဂ္ဂ သစ်တောဖိုရမ် အစရှိသည့် အဖွဲ့များက ကြီးမှူး၍ နှစ်စဉ် ဇွန် ၁၇ ရက် ရောက်တိုင်း “ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း” အဖွဲ့ဝင်နိုင်ငံအသီးသီးသည် အထိမ်းအမှတ်ပွဲများ ကျင်းပကာ သဲကန္တာရတိုက်ဖျက်ရေး အသိပညာပေးရေး လုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများကို ပိုမို အာရုံစိုက် အလေးထားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးအတွက်၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂသဲကန္တာရနှင့် သဲကန္တာရ တိုက်ဖျက်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ်ပြန်လည် တည်ထောင်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ပြီး သစ်တောဂေဟစနစ်များ ပြန်လည် တည်ထောင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။
သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးအတွက် “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း” က အောက်ပါလုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်-
p သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊
p ရေများကို ချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီး ပြန်လည်သုံးစွဲခြင်း၊ မိုးရေကို စနစ်တကျ စုဆောင်း အသုံးပြုခြင်းများ အပါအဝင်
ရေသယံဇာတများ ထိန်းသိမ်းခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲခြင်း၊
p လေတိုက်စားမှု၊ ရေတိုက်စားမှုများ ကာကွယ်ရန်အတွက် မြေဆီ
လွှာအကာအကွယ်အဖြစ် ရှင်သန်နိုင်မည့် ဒေသမျိုးရင်းအပင်များ၊
ကြီးမြန်သစ်ပင်များ၊ အပူဒဏ်ခံနိုင်သော အပင်များစိုက်ပျိုးခြင်း၊
လယ်၊ ယာအစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်း
အတွင်း Home Garden ကဲ့သို့ သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင်
စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင်ခြင်း၊
ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊
p သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် ကိုင်းချိုင်ခြင်းမှ ရရှိ
လာသော သစ်ရွက်၊ သစ်ကိုင်းများကို အပင်ခြေတွင်စုပုံပြီး
မြေဆီလွှာအား အကာအကွယ်ပေးခြင်း။
မြန်မာနိုင်ငံနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်းကျ ရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိမြင့်မားပြီး ခြောက်သွေ့ ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်ပါသည်။ မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာ ကုန်ခန်းပြီးအပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာ ပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)” တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၇ နိုင်ငံရှိပြီး သဲကန္တာရဖြစ်ထွန်းမှုများဖြစ်ပေါ်နေသော နိုင်ငံပေါင်း ၇၀ တွင် နိုင်ငံအဆင့် သဲကန္တာရတိုက်ဖျက်ရေး စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းကူညီပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသည် “ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း” အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတော ကျန်များပြုစုထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းက သစ်တော စိုက်ခင်းများ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ သစ်တောဦးစီးဌာနက ဆက်လက်တာဝန်ယူ စိုက်ပျိုးလုပ်ကိုင်ခဲ့ပါ သည်။ ၁၉၉၄ ခုနှစ်တွင် အထူးဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး၊ ၁၉၉၅ ခုနှစ်တွင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအဖြစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာန ဖွဲ့စည်းတည်ထောင်ကာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ် ၃၀ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဘက်စုံစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ရေးဆွဲပြီး သစ်တောစိုက်ခင်းများ တည် ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်း အစား အခြားလောင်စာများတိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ အပူပိုင်းဒေသတောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေးသစ်ပင် စိုက်ပျိုး ခြင်းလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သစ်တောထိန်းသိမ်းရေး အသိပညာပေးရေး၊ တိုးချဲ့ပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
သစ်တောဦးစီးဌာနအနေဖြင့်လည်း နှစ် ၃၀ အမျိုးသားသစ်တော ကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း (၂၀၁၅-၂၀၁၆ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ရေးဆွဲလျက် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲ ထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှု ကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း များ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ မြို့ပြသစ်တောများ တည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များ တည်ထောင်ခြင်း၊ မြစ်၊ ချောင်း အင်းအိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝသစ်ပင် သစ်တော ဂေဟစနစ်များထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဂေဟစနစ်ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အပူပိုင်းဒေသ၏ သဘာဝ တောကျန်များအား သစ်တောဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျစီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးချဲ့ ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
“မိုးခေါင်မှုမှ လွတ်မြောက်ဖို့၊ သဲကန္တာရတိုက်ဖျက်ဖို့
သစ်ပင်အတူ စိုက်ကြစို့”
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်လွယ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြင်းထန်လွန်ကဲသော မိုးလေဝသအခြေအနေများကြောင့် သဘာဝဘေးအန္တရာယ်များ နေရာအနှံ့ကြုံတွေ့ခဲ့ရပါသည်။ သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ် များသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို တိုးပွားစေ၍ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ဖော်ဆောင်ရန်ဖြစ်သည်။ သစ်တောများမှ အထောက်အပံ့ပြုသော သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ် နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို အထူး အလေးထား၍ သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ကြရန် လိုအပ်သည်။
ဝိုင်းဝန်းဆောင်ရွက်ကြပါစို့
ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ် (၂၀၂၁-၂၀၃၀) သည် ယနေ့ ရင်ဆိုင်နေရသော သဲကန္တာဖြစ်ထွန်းမှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုများကို တားဆီးနိုင်မည့်၊ ကုစားနိုင်မည့် ထူးခြားသည့် အခွင့်အလမ်း တစ်ရပ် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ် ပတ်သက်သူ များ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး၊ အပူပိုင်းဒေသ မိုးခေါင်ခြင်း၊ ပူပြင်း ခြောက်သွေ့ခြင်းနှင့် သဲကန္တာရတိုက်ဖျက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ဒေသနှင့်ကိုက်ညီသည့် ဂေဟ စနစ်ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ပြီး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဂေဟစနစ် ပြန်လည်ထိန်းသိမ်း ရေး ကမ္ဘာ့အရွေ့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ဖို့ အထူးလိုအပ် သည်။ မတူညီသော ဂေဟစနစ်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းဖို့၊ ပြန်လည်တည်ထောင်ဖို့ အစီ အစဉ်များစနစ်တကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်။ သစ်ပင် သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည် ပြီးတစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှု၊ သဲကန္တာရ ဖြစ်ထွန်းနိုင်မှု အခြေအနေများကို တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ များ၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော ဒေသကြီးဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေး နေ့” အား ဂုဏ်ပြုအပ်ပါသည်။
ကိုးကား-
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာ အချက် အလက်များ (၂၀၂၂)
နှစ်(၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်း စာအုပ် (၁၉၉၇-၂၀၁၇)
- Log in to post comments