“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ(၉) (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)

Type
5

 

မြင့်စိုး(နတလ)

 

စာရေးသူ၏ ဆန္ဒမွန်


ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်သက်စွာဖတ်ခဲ့ ဖူးသည့် ကာတွန်းမြင့်သိန်း၏ ဇာတ်ကောင်စံရွှေမြင့် ပြောတာလား၊ ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက် ကိုပြာလောင် ပြောတာလားကတော့  မသဲကွဲတော့ ပါ၊ တိုးရင်းတိုးရင်းနဲ့ အလယ်ရောက်သွားတာပါ ဆိုသည့် စကားလို ရေးရင်းရေးရင်းနဲ့ ဆောင်းပါး အမှတ်စဉ် (၉) သို့ပင်   ရောက်သွားပါပကောလား။ အမှတ်စဉ် (၁) မှာ ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းမဝင်ရောက်မီ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက် များ၊ မုန်တိုင်းဝင်ရောက်ပြီး  ကိုယ်တိုင်သွားရောက် ကြည့်ရှု       ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ဆက်လက်၍ အမြန်အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များကို   ရေးသားတင်ပြခဲ့သလို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ဦးဆောင်မှု၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စစ်တွေသို့ ရောက်ရှိ တာဝန်ထမ်းဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်မှုများနှင့် စီမံခန့်ခွဲဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့၏  ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကို နိဒါန်းပျိုး၍ ရေးခဲ့သည်။

 


ဤသို့ရေးသားရာတွင် စာရေးသူ၏   အဓိက ရင်တွင်းဆန္ဒနှစ်ခု ရှိသည်။ တစ်ခုက နိုင်ငံတော် အစိုးရ၏ စေတနာကို   နိုင်ငံသူ  နိုင်ငံသားများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ သိစေလိုသည်။ သဘောပေါက်စေလိုသည်။ မိုခါ မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်ယှဉ်တွဲ၍ ငြိမ်းချမ်းရေး၏ အန္တိမ ခရီးလမ်းအဆုံးကိုလည်း   လှမ်း၍မြင်စေကြည့်စေ ချင်သည်။       ကူညီကယ်ဆယ်ထောက်ပံ့ရေး သင်္ဘောကြီးများ ဒလဟော    ဝင်ထွက်ဆိုက်ကပ် နေသော  ကမ်းခြေဒေသများအပါအဝင်   ရခိုင် ပြည်နယ်၏ ရေမြေတောတောင်သဘာဝကို  ဘုရား ပေးသောဆုလာဘ်အဖြစ်  သိမြင်ခံစားနားလည် စေလိုသည်။  ဒါကဆန္ဒတစ်ခု၊     နောက်တစ်ခု ကတော့ အရေးကြီးလျှင် အလိုလိုသွေးနီး သွားတတ် သော မြန်မာလူမျိုးတို့၏  ဓလေ့စရိုက်လက္ခဏာများ အတိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အနယ်နယ်အရပ်ရပ်က အပြေးအလွှား  ရောက်ရှိ လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ   ဝန်ထမ်းများ အား ဂုဏ်ပြုလို၍ဖြစ်သည်။ ရာထောင်ချီ၍ ရောက်ရှိ လာကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊   ပို့/ဆက် ဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ၊ မိုးထဲလေထဲ ညမှောင်မှောင်မည်းမည်းထဲမှာ  သူတို့ဓာတ်တိုင်များ ပေါ်တက်နေကြသည်။        ဆက်သွယ်ရေးလိုင်းများ ပြန်ကောင်းအောင်   လုပ်နေကြရသည်။    အလွန် လေးလံသော သွပ်ပြားများ၊ သံချောင်းများ၊ ဆန်အိတ် များအပါအဝင် ပစ္စည်းမျိုးစုံကို  ထမ်းပိုးသယ်ယူ တင်/ချပေးနေရသည်။ လွှဝိုင်းများမှာ စက်သံများ ညံနေသည်။   နေပူမိုးရွာမရှောင်    ရေဖြန့်ဝေရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေကြသည်။

 


ဆိုတော့ကာ သူတို့အားလုံး   အပင်ပန်းခံ၍ စိတ်ရင်းစေတနာကောင်းစွာ လုပ်ကိုင်ဆောင်ရွက် ပေးနေမှုများကို ကိုယ်တိုင်ကိုယ်ကျလည်း  တွေ့မြင် နေရသည်မို့ ဂုဏ်ပြုရေးသားနေခြင်း ဖြစ်သည်။ အရေးကြီးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြ ရသည့်  လျှပ်စစ်၊ ပညာရေး၊  ကျန်းမာရေးဝန်ကြီးဌာနများအကြောင်းအရင်ရေး၍ ပြီးမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊      ကြားထဲမှာ အမှတ်စဉ် (၆) အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန    ဖြတ်ဝင်သွားသည်ကတော့    ရခိုင် ပြည်နယ်ဇာတိဖွား (၃၂) ကြိမ်မြောက် ဆီးဂိမ်းမှာ ငွေတံဆိပ်ဆုရ   မြန်မာ့လက်ရွေးစင်     အမျိုးသမီး ဘောလုံးအသင်း၏      ကွင်းလယ်ကစားသမား၊ ကျောနံပါတ် (၆)   နော်ထက်ထက်ဝေ၊     ဂျူဒိုနှင့် ပိုက်ကျော်ခြင်း    အားကစားများ၌      ငွေနှင့် ကြေးတံဆိပ်ဆုရ    အားကစားသမားများအား ဂုဏ်ပြုလို၍ ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက အမှတ်စဉ်(၇)၊    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်      ဆည်မြောင်းဝန်ကြီးဌာနက အမှတ်စဉ် (၈) ဖြစ်သည်။

 


မှတ်တမ်းပြု ဖော်ပြအပ်ပါသည်


အမှတ်စဉ်(၁)ကို   စရေးလိုက်ကတည်းက တောင်းပန်စရာကိစ္စက ပေါ်လာပါတော့သည်။ ဇွန် ၅ ရက်ထုတ်  သတင်းစာတွေမှာ  ဆောင်းပါးပါလာ ပြီး မကြာခင် ဖုန်းတစ်ခု ဝင်လာသည်။ ဖုန်းဆက် သူက   ပြန်ကြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးရဲတင့်။ ညီလေး - မင်းရေးတဲ့အထဲမှာ ငါ့နာမည် လည်း မပါဘူး…တဲ့။ ဟုတ်ပါ့ဗျာ၊ သွားရောပဲ…။ စစ်တွေတွင်  လာရောက်တာဝန်ထမ်းဆောင်နေ သော ဒုတိယဝန်ကြီးများ၏  အမည်နှင့် ဝန်ကြီးဌာန တွေကို ထည့်ရေးတဲ့နေရာမှာ အစည်းအဝေးခန်းမ ထဲ၌ထိုင်နေသူ ဒုတိယဝန်ကြီးများကို အစဉ်လိုက် ရေတွက်ပြီး ချရေးလိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန် မှာ အစ်ကိုကြီးရဲတင့်က   နေပြည်တော်သို့    ခေတ္တ ပြန်ရောက်နေချိန်ဖြစ်၍ ကျန်သွားခြင်းပင်၊ ပြောရ လျှင် ကျွန်တော်တို့ထက်ပင် စစ်တွေသို့ စောရောက် နေပါသေးသည်။ ခွင့်လွှတ်ပါခင်ဗျား ဟူ၍သာ…။

 


ပြည်ထောင်စုဝန်ကြီးများ     ဖြစ်ကြသော ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါ်သက်သက်ခိုင်တို့ တာဝန်ဖြင့်   နေပြည်တော်သို့  ခေတ္တပြန်လည် ရောက်ရှိနေခိုက်မှာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ရခိုင်ဒေသ  ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို  ကွပ်ကဲဆောင်ရွက်လျက်ရှိသည်။ ဒုတိယ ဝန်ကြီးများဖြစ်ကြသော        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် လူမွန်၊ သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးအေးထွန်း၊   စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ  ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ဦးထွန်းအုံ၊   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဦးအေးကျော်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဦးဝင်းဖေ၊ ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာ မိုးဇော်ထွန်း၊ လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစိုးကြည် တို့ကလည်း မိမိတို့ဝန်ကြီးဌာနအလိုက်  ကော်မတီ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်နေသည်။        ပြည်ထဲရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ   ဖြစ်ကြသော ဗိုလ်ချုပ်တိုးရီနှင့် ဗိုလ်ချုပ်ဇင်မင်းထက်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တို့လည်း    လာရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

 


ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးကိုကို လှိုင်၊ ဒေါက်တာသီတာဦး၊   ဦးမောင်မောင်အုန်း၊ ဒေါက်တာချာလီသန်း၊   ဦးမြင့်ကြိုင်၊   ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်း သိန်းဇံ၊    ဒေါက်တာညွန့်ဖေ၊    ဦးအောင်သော်၊ ပြည်ထောင်စု   စာရင်းစစ်ချုပ်  ဦးတင်ဦး၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကလည်း စစ်တွေမြို့ သို့    ရောက်ရှိလာကြပြီး    ဝန်ကြီးဌာနအလိုက် လုပ်ငန်းတာဝန်များ၊ ရုံးများ ပြန်လည်တည်ဆောက် ပြုပြင်ရေးနှင့် ဝန်ထမ်းများ၏  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 


ဂုဏ်ပြုလိုက်ရပါသည် ကိုဇော်လတ်


ကျွန်တော်    ဒီကနေ့   ရေးသားတင်ပြမည့် အကြောင်းအရာမှာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုခါမုန်တိုင်းဒဏ် သင့် ရခိုင်ဒေသ   ပြန်လည်ထူထောင်ရေး  ကြိုးပမ်း ဆောင်ရွက်ချက်များပဲ  ဖြစ်သည်။  ကိုဇော်လတ်က ယင်းဝန်ကြီးဌာန၏   ဝန်ထမ်းတစ်ဦး၊ စစ်တွေမြို့သို့ ရောက်ရှိနေသော  သစ်ထုတ်လုပ်ရေးအဖွဲ့တစ်ခုမှ ဝိုင်းဆရာ ဖြစ်သည်။ တာဝန်ကျနေရာ၌  လွှဝိုင်းများ ကို ကြီးကြပ်ဆောင်ရွက်နေစဉ် မေ ၃၁ ရက် ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် ဦးနှောက်သွေးကြောပြတ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သူ၏နောက်ဆုံး ခရီးကို အောင်လံမြို့ရှိ မိသားစုဝင်များက ပြုလုပ် ပေးနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က     စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကိုဇော်လတ်၏     မိသားစုဝင်များမှာ   ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းဌေး (မှီခို)၊ သမီးကြီး ချိုသဲဦး (၂၀၂၃ ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲအောင်)၊    သမီးငယ် မေသဲဖူးဇော်(ပဉ္စမတန်း) တို့ဖြစ်ကြသည်။ သမီးကြီး ချိုသဲဦး၏    ပညာရေးခရီးလမ်း အဆင်ပြေချောမွေ့ စေရန်အတွက် သက်ဆိုင်ရာ    ဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးသွားမည် ဖြစ်သည်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင် ရေးအတွက် မိမိဝန်ကြီးဌာနမှ တာဝန်ယူထားရသော သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရင်း ကွယ်လွန်ခဲ့ရသည့် ကိုဇော် လတ်အား ဤဆောင်းပါးဖြင့် လေးစားစွာ မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါသည်။

 


သစ်ခွဲသားများ ဖြည့်ဆည်းပေးနိုင်ရေး 
ကြိုတင်ပြင်ဆင်


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည်  မိုခါမုန်တိုင်း    ဝင်ရောက် တိုက်ခတ်ခြင်းခံရပါက   ရခိုင်ဒေသ    မြို့ရွာများ အနည်းနှင့်အများဆိုသလို ပျက်စီးဆုံးရှုံးနိုင်ခြေကို ကြိုတင်တွက်ဆ၍    လိုအပ်သည်များ    ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းအား တာဝန်ပေးခဲ့သည်။   မြန်မာ့သစ်လုပ်ငန်းအနေဖြင့် လည်း မေ ၁၀ ရက်မှာပင် သစ်ခွဲသားများ ဖြည့်ဆည်း ပေးရေးဦးစီးအဖွဲ့ကို   ဖွဲ့စည်း၍   တာဝန်ရှိသူများ အား မေ ၁၂ ရက်တွင် စစ်တွေမြို့သို့ ကြိုတင်စေလွှတ် ကာ သစ်ခွဲသားများ  စုဆောင်းထားရှိရေး   မြေပြင် အကြိုလုပ်ငန်းစဉ်များ  ဆောင်ရွက်စေခဲ့သည်။    တစ်ချိန်တည်းမှာပင်  ပြည်တွင်းရောင်းဝယ်ရေးနှင့်     သစ်စက်ဌာန၏    ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သစ်စက် များမှ    လက်ရှိသစ်ခွဲသားများကိုလည်းကောင်း၊ သစ်ထုတ်လုပ်ရေးဌာန  အစီအစဉ်ဖြင့်    ခွဲသားဆိုဒ်စုံ များကိုလည်းကောင်း  ရန်ကုန်၌ အသင့်ရှိစေရေး စီစဉ်ဆောင်ရွက်ခဲ့သည်။

 


ရွှေ့ပြောင်းသစ်စက်များအား စစ်တွေသို့ ပို့ဆောင်


ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ သစ်စက် များမှ ရွှေ့ပြောင်းသစ်စက် (Mobile Sawmill) များ အဖြစ် စစ်တွေမြို့သို့ ၁၀ စုံ  ပေးပို့ခဲ့သည်။ ယင်းသို့ ပေးပို့ခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး    အမှတ်(၃၈)သစ်စက်ဘုရားလေးမှ သုံးပေဝိုင်းခုံ တစ်စုံ၊ လေး ပေဝိုင်းခုံနှစ်စုံ၊ အမှတ်(၉၆) သစ်စက်အောင်လံမှ သုံးပေဝိုင်းခုံတစ်စုံ၊ လေးပေဝိုင်းခုံ တစ်စုံ၊ အမှတ် (၃၀) သစ်စက် နတ်တလင်းမှ လေးပေဝိုင်းခုံ တစ်စုံ၊ ရခိုင်ပြည်နယ်အမှတ် (၉၉) သစ်စက်တောင်ကုတ်မှ သုံးပေဝိုင်းခုံတစ်စုံ၊ လေးပေဝိုင်းခုံတစ်စုံ၊ ဧရာဝတီ တိုင်းဒေသကြီး အမှတ် (၁၈) သစ်စက်ပုသိမ်မှ လေး ပေဝိုင်းခုံ တစ်စုံ၊ အမှတ် (၁၀၆) သစ်စက်ရေကြည်မှ သုံးပေဝိုင်းခုံ တစ်စုံ စုစုပေါင်း ၁၀ စုံတို့ ဖြစ်သည်။ ယင်းသစ်စက်များကို ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ဖြင့်လည်းကောင်း၊  ရန်ကုန်- အောင်လံ- ပြည်- ပဒန်း- အမ်းလမ်းနှင့်တောင်ကုတ်- စစ်တွေ ကားလမ်း များမှလည်းကောင်း ပို့ဆောင်ပေးခဲ့သည်။   ယင်း ရွှေ့ပြောင်းသစ်စက်များကို စစ်တွေမြို့ရှိ ဘက်စုံသုံး ဆိပ်ကမ်းတွင် လေးစုံ၊ ပြည်နယ်အကူရဲတပ်ဖွဲ့ဝင်းထဲ တွင် လေးစုံ၊  သစ်ဆိုင်ဝင်းတွင်  နှစ်စုံဖြန့်ခွဲထားရှိ၍ လုပ်ငန်းများ  လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

 


ဝန်ထမ်းများ စုဖွဲ့စေလွှတ်


အထက်ဖော်ပြပါသစ်စက်များ လည်ပတ်ခွဲစိတ် နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊  ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းစုစုပေါင်း ၁၇၉ ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စေလွှတ်ပေးခဲ့သည်။ ဝန်ထမ်းအင်အား များပြားသလို ရာထူးအခေါ်အဝေါ် တွေကလည်း စုံလင်လှ၏။ ရာထူးကြီးတာငယ်တာ အပေါ်အောက်တွေ အသာထား၊ ကျွန်တော်လေ့လာ မိသမျှ ရေးချရလျှင် အထွေထွေမန်နေဂျာ၊ ဒုတိယ အထွေထွေမန်နေဂျာ၊ လက်ထောက်အထွေထွေ မန်နေဂျာ၊ ဒုလက်ထောက်    ကြီးကြပ်ရေးမှူး၊ အငယ်တန်းလက်ထောက်၊   ဝိုင်းဆရာ၊ မီးသတ် တပ်ကြပ်၊ စက်ပြင်-၅၊ စက်မောင်း၊ လုပ်သား၊ သစ် စာရင်းကိုင်၊ ပစ္စည်းထိန်း၊ စက်မှုကျွမ်းကျင်၊ နေ့စား ဝန်ထမ်း၊ မြဲလုပ်သား(အကူ) ဆိုတာတွေ   တွေ့ရ သလို    သစ်တောဘက်ကလည်း    သစ်အုပ်၊ ချောင်းခေါင်းများပါသည်။ ဆင်ဦးစီးက ချည်းပဲ အယောက် ၂၀ တွေ့ရသည်။ ဆင်အုပ်နှင့် ဆင်ပဲ့ ချိတ်ဆိုသော ရာထူးတွေကလည်း ခပ်ဆန်းဆန်းပင်။ နောက်ဆုံးမတော့ မည်သည့်ဖွဲ့စည်းပုံ၊ မည်သည့် ရာထူးနှင့်ပဲ ရောက်လာလာ၊ သူတို့၏ အဓိကလုပ်ငန်း တာဝန်မှာ မုန်တိုင်းသင့်ဒေသများရှိ  ဆေးရုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရေး၊သာသနိက အဆောက်အအုံများ          ပြန်လည်ပြုပြင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ပြန်လည် ပြုပြင်ရေး၊ ပျက်စီးသွားသော တံတားများ ပြုပြင်တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ်သောသစ် များကို အမြန်ခွဲစိတ်ပေးပို့သွားရန်ပဲ      ဖြစ်သည်။ သူတို့၏ စုပေါင်းစွမ်းအားကြောင့်   စစ်တွေမြို့မှာ လွှဝိုင်းအသီးသီးက  ထွက်ပေါ်လာသော စက်သံများ ဖြင့်  ညံနေပါတော့သည်။ 

 


အထက်ဖော်ပြပါလွှဝိုင်း ၁၀ စုံ၊  ဝန်ထမ်း ၁၇၉ ဦးတို့ဖြင့်    ဒေသ၏     သစ်လိုအပ်ချက်များကို လုံလောက်အောင် ဆောင်ရွက်ပေးရန် မလွယ်ကူပါ။    သည့်အတွက်    သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည်   စစ်တွေမြို့၌ ရွှေ့ပြောင်းသစ်စက်များနှင့်   သစ်ခွဲသားများ ခွဲစိတ် ခြင်း၊ ရန်ကုန်မြို့မှ သင်္ဘောများဖြင့် သစ်ခွဲသားများ တင်ပို့ခြင်းတို့အပြင်      ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊   အမ်း၊   မောင်တော၊    ပေါက်တော၊   တောင်ကုတ်နှင့်   သံတွဲမြို့များမှ   ပုဂ္ဂလိကပိုင် သစ်စက်များကို ငှားရမ်း၍ သစ်ခွဲသားများ ခွဲစိတ် ဖြန့်ဖြူးခြင်းလုပ်ငန်းကို   စီမံဆောင်ရွက်ပေးနေ သည်။    စုစုပေါင်းပုဂ္ဂလိကသစ်စက်  ၂၂ ခု   ပါဝင်  လုပ်ဆောင်လျက်ရှိကြောင်း   တွေ့ရသည်။

 


သစ်ခွဲသားများ ဖြန့်ဖြူးပို့ဆောင်ပေး


ရန်ကုန်မှ သစ်ခွဲသားများကို M.V AQUARIUS၊ M.V FORTUNE ၊ MCL-5 ၊ MCL-3 ၊ M.V CHARITY၊ ဝိရူပက္ခအစရှိသော         ရေယာဉ်ကြီးများဖြင့် တင်ဆောင်၍ စစ်တွေသို့     ပို့ဆောင်ပေးသည်။ ထိုနည်းတူစွာ ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊   အမ်းမြို့များမှ    သစ်ခွဲသားများကိုလည်း တပ်မတော်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်များ၊ သစ်တင်ယာဉ်များဖြင့်    စစ်တွေမြို့သို့အရောက် ပို့ဆောင်ပေးသည်။ ရောက်ရှိလာသော သစ်များ၊ စစ်တွေတွင် ခွဲစိတ်နေသော သစ်များကို မိုခါမုန်တိုင်း ဒဏ်အများဆုံးခံခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊    ပေါက်တော၊    ကျောက်တော်၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များသို့ စနစ်တကျ ဖြန့်ဝေပေးပို့လျက်ရှိသည်။

 


မြို့သန့်ရှင်းရေးအတွက် ကူညီဆောင်ရွက်


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် လိုအပ်သော သစ်ခွဲသားများကို အချိန်မီ   ထုတ်လုပ်ဖြန့်ဖြူးပေးရေး ဆိုသည့် အဓိကလုပ်ငန်း တာဝန်အပြင် စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက်     ပြန်လည် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းများမှာလည်း ပါဝင်ထမ်းဆောင်နေသည်။  ထိုသို့ပါဝင်ဆောင်ရွက် နိုင်ရန် Loader ယာဉ်လေးစီးကို ယာဉ်မောင်းရှစ်ဦး ဖြင့်လည်းကောင်း၊ Chain Saw/စက်လွှ ၂၄ လက် ကို ဝန်ထမ်း ၂၈ ဦးဖြင့်လည်းကောင်း       ပါဝင် ထမ်းဆောင်လျက်ရှိသည်။

 


သစ်ပင်များပြန်လည်စိုက်ပျိုးရန် 
စီမံချက်ရေးဆွဲဆောင်ရွက်


နိုင်ငံတော်အကြီးအကဲ၏ မေ ၁၅ ရက် ရခိုင် ပြည်နယ်ခရီးစဉ်၌   အုန်းပင်အပါအဝင် ဒေသနှင့် ကိုက်ညီသော   မုန်တိုင်းဒဏ်ခံ    အပင်များကို ပြန်လည်စိုက်ပျိုးသွားရန်    လမ်းညွှန်မှာကြားခဲ့ သည်။ ယင်းလမ်းညွှန်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ပြည်နယ်မြို့တော် စစ်တွေတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့်     သစ်ပင် စိုက်ပျိုးရေးလုပ်ငန်းစီမံချက်ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များနှင့်အညီ ရေးဆွဲခဲ့ပါသည် -


    (က)    စစ်တွေမြို့      ပြန်လည်စိမ်းလန်းစိုပြည်
                သာယာလှပလာစေရန်၊
    (ခ)    ဆိုင်ကလုန်းမုန်တိုင်း အပါအဝင် အခြား 
                သဘာဝဘေးအန္တရာယ်များအား တားဆီး 
                ကာကွယ်နိုင်ရန်၊
    (ဂ)    ရာသီဥတု ကောင်းမွန်မျှတပြီး သဘာဝ 
                ပတ်ဝန်းကျင်     ထိန်းသိမ်းရေးကို 
                အထောက်အကူပြုစေရန်၊
    (ဃ)    ရခိုင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုကို 
                တိုးတက်လာစေရန်။

 


ယင်းစီမံချက်အရ စစ်တွေမြို့နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် သဘာဝ ဘေးဒဏ်ခံနိုင်ရန်အတွက် လေကာပင်များ၊ အရိပ် ရပင်များ၊ အမြဲစိမ်းအပင်များ၊ အကြီးမြန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သည့်ပန်းပင်များ၊ ဒီရေတောပင် များ စုစုပေါင်းအပင် ၂၀၄၂၀၀ စိုက်ပျိုးမည်ဖြစ်သည်။ ရေသင်းဝင်၊    ပင်လယ်ကဗွီး၊     အုန်း၊ ဗာဒံ၊ ခရေ၊ သင်္ဘောတည်၊ ရေတမာ၊ ပျဉ်းမ စသည့်အပင်မျိုးများ၊ ဒီရေတောအပင်များဖြစ်သည့် ဗြူးခြေထောက်၊ သမဲ့ ကြီး၊ လမု စသည့်အပင်များသည် အရွက်သေး၍ ရေသောက်မြစ်ရှည်ခြင်း၊ ဘေးမြစ်များ  ရှည်လျား ပြန့်ကားပြီး မြေဆီလွှာတွင်  ခိုင်မြဲစွာကုပ်တွယ် နိုင်ခြင်း၊   ပင်စည်နှင့်    ကိုင်းတက်များ   ယိမ်းနွဲ့ ကွေးညွတ်မှု အားကောင်းခြင်း၊    အပင်လတ်အမျိုး အစား ဖြစ်ပြီး သင့်တင့်သော ရွက်အုပ်အရွယ်အစား ရှိခြင်းတို့ကြောင့် လေပြင်းမုန်တိုင်းဒဏ်   ခံနိုင်ပြီး ပျက်စီးမှုနည်းပါးကြကြောင်း သိရသည်။ ထိုအပင် များကိုလည်း နေရာကိုက်ညီစွာ   စိုက်ပျိုးပေးသွား မည်ဖြစ်သည်။

 


သစ်ပင်ကိုခုတ်၊    သစ်များကိုထုတ်ပြီး    ရခိုင် ပြည်နယ်  မုန်တိုင်းသင့်ဒေသများ   ပြန်လည် ထူထောင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေကြသလို ရခိုင်ဒေသတစ်ခွင် ပြန်လည်စိမ်းလန်း စိုပြည်သာယာလှပရေးအတွက်    သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်     သူတို့  ကူညီပေးကြပါဦးမည်။ ဖြစ်ထွန်းလာမည့် သစ်တောသစ်ပင်များကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းကြရင်း   ရခိုင်တိုင်းရင်းသား သွေးချင်းများအားလုံးက သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန    ဝန်ထမ်း များအား ကျေးဇူးတင်စွာ အမှတ်ရနေကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။    ။