
မြင့်စိုး(နတလ)
“မိုခါ”နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များထဲတွင် ကြိုတင် ပြင်ဆင်မှုအပိုင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဟူ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်ငြားလည်း ရခိုင် ပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော “မိုခါ” မုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရာတွင် အချိန် ကာလ၊ ရာသီဥတုနှင့် လက်တွေ့မြေပြင် အခြေအနေတို့အရ အရေးပေါ်တုံ့ပြန်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း များကို အချိန်ကာလ ခွဲခြားဆောင်ရွက်၍ မရတော့ဘဲ တစ်ပြိုင်တည်းဆောင်ရွက် ခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရပါသည်။ မုန်တိုင်း ဝင်ရောက်ပြီးနောက် ကူညီ ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ကို အားချင်းဆောင်ရွက်ရသလို ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် လည်း အရေးပေါ်ကုသမှုများ ပြုလုပ်ပေး ခြင်း၊ ဆေးရုံဆေးခန်းများရှိ လူနာများ အမိုးအကာအောက်သို့ ပြန်လည်ရရှိရေး၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်၊ ICU ခန်းမများ၊ ကျောက်ကပ်ဆေးသည့်စက်များ လေလုံ မိုးလုံဖြစ်ရေးနှင့် လျှပ်စစ်မီးရရှိရေး စသည့် ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။ ဆေးရုံ၊ ဆေးခန်း အဆောက်အအုံများကို ချက်ချင်း ပြန်လည်ပြုပြင်တည်ဆောက် ခဲ့ကြရသည်။
အချိန်ကာလနှင့် ရာသီဥတုဟု ကျွန်တော်ပြောရခြင်းမှာလည်း မိုခါ မုန်တိုင်း ဝင်ရောက်လာသည့် မေလ သည် မိုးကြိုကာလ၊ တစ်နည်းပြောရလျှင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူ လယ်သမားများ လယ်ယာစိုက်ပျိုးရေး အတွက် မျိုးစပါးများစုဆောင်း၍ ထယ်ရေးထွန်ရေး ပြင်ရတော့မည့် ကာလဖြစ်သည်။ ယင်းအချိန်မှာမှ မိုခါ ဝင်ရောက်လာခြင်းကြောင့် မျိုးစပါးများ ဆုံးရှုံးခြင်း၊ ကျွဲ၊ နွားများ ဆုံးရှုံးခြင်း၊ ရေငန်တား တာများ ကျိုးပေါက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အရေး ပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရသည်။ ပညာရေးဝန်ကြီး ဌာနသည်လည်းပဲ ထိုနည်းတူစွာပင် ဇွန်လ ၁ ရက်နေ့တွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အရေးပေါ်တုံ့ပြန် ခြင်းလုပ်ငန်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန် အချိန်ကာလက ခွင့်မပြုတော့ပေ။ ပုံမှန်ထက် နှစ်ဆ၊ သုံးဆ အားထည့်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရသည်။ အခြား သောဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ် စွမ်းအား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး စသည့် ဝန်ကြီးဌာနများသည်လည်းပဲ မိမိတို့၏ လုပ်ငန်းတာဝန်များကို အချိန် နှင့်တစ်ပြေးညီဆောင်ရွက်ရင်း မိုခါကို တုံ့ပြန်နိုင်ခဲ့ကြပါသည်။
အဆိုပါ ဝန်ကြီးဌာနများထဲတွင် ပါဝင်သော ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အောက်ဖော်ပြပါလုပ်ငန်း များကို ပါဝင်ဆောင်ရွက်ခဲ့ပါသည် -
(က) ကျန်းမာရေး ဝန်ကြီးဌာန၏ စစ်တွေမြို့ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ အပါအဝင် သူနာပြုသင်တန်း ကျောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေး အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊
(ခ) ကျောင်းများ အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တက္ကသိုလ် များ၊ နည်းပညာအထက်တန်း ကျောင်း၊ အခြေခံပညာအထက် တန်းကျောင်းများနှင့် အထက် တန်းခွဲကျောင်းများကို ပြုပြင် တည်ဆောက်ပေးခြင်း၊
(ဂ) သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အဆောက်အအုံများ အား ပြုပြင်ဆောင်ရွက်ပေးခြင်း၊
(ဃ) ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီ၏ ပင်မလုပ်ငန်းတာဝန် ဖြစ်သော ပြည်နယ်အတွင်းလမ်း/ တံတားများ၊ အခြားအခြေခံ အဆောက်အဦများအား ပြန် လည်ပြင်ဆင် တည်ဆောက်ပေး ခြင်း၊
(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စစ်တွေမြို့တွင်း ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ ဖြစ်ပါသည်။
ကြိုတင်စုဖွဲ့၊ တာဝန်ခွဲဝေသတ်မှတ်
မုန်တိုင်းသတင်းများ အတည်ပြုပြီး နောက် မိုခါမဝင်ရောက်မီ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့မှစတင်ကာ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအပါအဝင် မုန်တိုင်း ဝင်ရောက်ရန် ခန့်မှန်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး တို့၌ စက်ယာဉ်ယန္တရားစီးရေ ၂၁၀၀ ကျော်ကို စုဖွဲ့ထားရှိခဲ့ပါသည်။ မုန်တိုင်း ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ တံတားများ ထိခိုက်ပျက်စီးနိုင်သော ကြောင့် လမ်းပန်းဆက်သွယ်ရေး မပြတ် တောက်စေရန်အတွက် ဘေလီတံတား များ အရေးပေါ်တည်ဆောက်နိုင်ရေး ဘေလီသံပေါင်နှင့် ဆက်စပ်ပစ္စည်း ၅၂၄၈ ပေ ကြိုတင်စုဆောင်းထားရှိခဲ့ ပါသည်။ ရခိုင်ပြည်နယ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်/ မြို့နယ်များနှင့် လမ်း/ တံတား အထူး အဖွဲ့များမှ စက်ယာဉ်ယန္တရား ၁၉၅ စီး၊ ဘေလီသံပေါင် ပေ ၆၈၀၊ လူအင်အား ၇၂၂ ဦး စုဖွဲ့ပြင်ဆင်ထားရှိခဲ့သည်။
၎င်းပြင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများ၏ အဆောက်အအုံများ ပြန်လည်ပြုပြင် ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေး အထူးအဖွဲ့များအပြင် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များ အသင်းချုပ် MLCA ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ချုပ် MCEF၊ မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင် များအသင်း MDA ၊ အခြားသော ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့ များ၊ မြို့မိမြို့ဖများက တာဝန်ယူပြင်ဆင် ပေးမည့်အဖွဲ့များ စသည်ဖြင့် စုဖွဲ့ ဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့်အတူ မေလ ၁၅ ရက်နေ့တွင် ပြည်နယ် ပြည်သူ့ဆေးရုံကြီးအပါအဝင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ အဆောက်အဦ အထူးအဖွဲ့ ငါးဖွဲ့နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းသုံးသင်းတို့ကို လုပ်ငန်းများ အမြန်စတင်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းမှာကြားခဲ့သည်။
စစ်တွေမြို့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့မှ အဆောက်အအုံ အလုံး ၉၀ ကို အဆောက် အဦ အထူးအဖွဲ့ငါးဖွဲ့မှ တာဝန်ယူပြင်ဆင် ဆောင်ရွက်ပေးခဲ့သည်။ ကျန်မြို့နယ် ၁၆ မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲ များမှ အဆောက်အအုံ ၂၄၉ လုံးကို မြို့နယ်ဆရာဝန်များ၏ ကြီးကြပ်မှုဖြင့် လည်းကောင်း၊ အဆောက်အအုံ ၁၆၈ လုံး ကို MLCA၊ MCEF အသင်းတို့ကို တာဝန် ခွဲဝေ၍လည်းကောင်း ပြင်ဆင်ဆောင် ရွက် စေကာ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင် နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။
စစ်တွေမြို့ ပြည်သူဆေးရုံကြီး၏ ကျောက်ကပ်ဆောင်၊ သွေးလှူဘဏ်၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်လူနာဆောင်၊ ငှက်ဖျားတိုက်ဖျက်ရေးရုံး၊ မွေးခန်းနှင့် မွေးလူနာဆောင်၊ အောက်ဆီဂျင်စက်ရုံ၊ ဆေးသိုလှောင်ရုံ၊ ငါးထပ်ဆောင်အသစ်၊ ကိုဗစ်လူနာ ကုသဆောင်၊ CT Scan ဆောင်၊ တီဘီလူနာဆောင်များနှင့် ဆေးရုံဝန်ထမ်းအိမ်ရာများ အပါအဝင် အဆောက်အအုံပေါင်းများစွာကို အမြန် ပြုပြင်ပေးခဲ့သည်။ သူနာပြုသင်တန်း ကျောင်းတွင်လည်း နှစ်ထပ်စာသင် ဆောင်၊ သင်တန်းသူအိပ်ဆောင်၊ သုံးထပ် စာသင်ဆောင်၊ နှစ်ထပ်အိပ်ဆောင်ဟောင်း၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်၊ သားဖွား L-Shape တစ်ထပ်စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာ သုံးထပ်ဆောင်၊ သားဖွား နှစ်ထပ် စာသင်ဆောင်၊ နှစ်ခန်းတွဲသုံးထပ် အာရ်စီဝန်ထမ်းအိမ်ရာ၊ သားဖွားသင်တန်း သူ ၁၀၀ ဆံ့ နှစ်ထပ် အာရ်စီအိပ်ဆောင် စသည်တို့ကို မွမ်းမံပြုပြင်ပေးခဲ့ရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဆေးသို လှောင်ရုံ၊ အအေးခန်း ဆေးသိုလှောင်ရုံ၊ ပြည်သူ့ကျန်းမာရေးမှူးရုံး အမှတ် (၁) နှင့် (၂)၊ လေးခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ၊ ခြောက်ခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ၊ မိခင်နှင့် ကလေးကျန်းမာရေး အဆောက်အအုံ၊ မင်းဂံဒေသန္တရ ကျန်းမာ ရေးဆေးပေးခန်းတို့ကို ပြုပြင်ပေးခဲ့သည်။ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ပြည်နယ် တိုင်းရင်းဆေးပင်မဆေးရုံ၊ တိုင်းရင်း ဆေး နှစ်ထပ်တိုးချဲ့ဆေးရုံ၊ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ အမှတ် (၁) နှင့် (၂)၊ လေးခန်းတွဲတစ်ထပ် ဝန်ထမ်း အိမ်ရာ၊ တိုင်းရင်းဆေး ဆေးရုံအုပ်ကြီး နေအိမ်၊ လူနာစားဖိုဆောင် စသည်တို့ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
တက္ကသိုလ်နှင့် အခြေခံပညာအထက် တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက လိုက်နာဆောင် ရွက်လျက်ရှိရာ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာနသည် လိုအပ်သည့် ကူညီ ပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည်။ တက္ကသိုလ် သုံးခုဖြစ်သော စစ်တွေ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ အဆောက် အအုံ ၆၉ လုံး၊ အစိုးရနည်းပညာအထက် တန်းကျောင်းမှ အဆောက်အအုံ ၁၈ လုံး၊ စုစု ပေါင်း ၈၇ လုံးကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ် MCEF တို့က တာဝန်ခွဲဝေ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် အထက်တန်းကျောင်း ၂၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၄ ကျောင်းကို တာဝန်ယူပြုပြင်ဆောင်ရွက်ခဲ့ပြီး MLCA သည် အထက်တန်းကျောင်း ၂၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄၀ ကို လည်းကောင်း၊ MCEF သည် အထက် တန်းကျောင်း ၃၁ ကျောင်း၊ အထက် တန်းကျောင်းခွဲ ၃၈ ကျောင်းကိုလည်း ကောင်း၊ MDA သည် အထက်တန်း ကျောင်း ၁၂ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၃၀ ကိုလည်းကောင်း တာဝန် ယူပြုပြင်ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း ၂၉၅ ကျောင်းဖြစ်ပါသည်။ အခြေခံပညာ မူလတန်း၊ အခြေခံပညာ အလယ်တန်း ကျောင်း အားလုံးကိုမူ ပညာရေးဝန်ကြီး ဌာနမှပင် တာဝန်ယူတည်ဆောက်ပြုပြင် မွမ်းမံဆောင်ရွက်ပေးခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှု
အဆောက်အဦများ ပြုပြင်
မိုခါမုန်တိုင်းဒဏ်ကြောင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓ ပြတိုက်များ၏ ခေါင်မိုးများ ပျက်စီးခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည်။ ၎င်း အဆောက်အဦများနှင့်အတူ ပြတိုက် ဝန်းအတွင်းရှိ အရာထမ်းနေအိမ်၊ အမှု ထမ်းနေအိမ် ခုနစ်လုံးကိုပါ အဆောက် အဦအထူးအဖွဲ့က ပြန်လည်ပြုပြင်ပေး ခဲ့သည်။
လမ်း/ တံတားများ ပြုပြင်တည်ဆောက်
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မေလ ၁၉ ရက်နေ့တွင် တပ်မတော်လေယာဉ် ဖြင့် စစ်တွေမြို့သို့ သွားရောက်ခဲ့ကြသော ဒုတိယဝန်ကြီး လေးဦးထဲမှ တစ်ဦးဖြစ် သည်။ ဦးဝင်းဖေ၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စာရေးသူ ကျွန်တော်တို့ ပါဝင်ပါသည်။ ဦးဝင်းဖေ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အထက်ဖော်ပြပါ ပညာ၊ ကျန်းမာ အဆောက်အအုံများကို အချိန်မီပြီးစီး အောင်ဆောင်ရွက်နေသကဲ့သို့ မူလ လုပ်ငန်းတာဝန်ဖြစ်သော လမ်း/ တံတား ပျက်စီးမှုများကိုပြုပြင်၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမှုမရှိ စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ထို့အတူ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ဇွန်လ ၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ လည်း ကောင်း လာရောက်နေထိုင် ကွပ်ကဲ စီမံ ဆောင်ရွက်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စစ်တွေ - ပလ္လင်ပြင် လမ်းပေါ်ရှိ ပေ ၁၀၀ သဲချောင်းတံတား ကို ပေ ၁၄၀ ဘေလီတံတား တည် ဆောက်ပေးခြင်း၊ ပေ ၄၀ ဒါးပိုင်တံတား ကို ပေ ၆၀ ဘေလီတံတား တည်ဆောက် ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့ပါ သည်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင် စဉ်ကာလ၌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်ကို အမှတ်ရမိသည်။
မြို့တွင်းရှင်းလင်းရေးလုပ်ငန်းများ ကူညီ
မိုခါမုန်တိုင်းဒဏ်ကြောင့် မြို့နယ် ၁၀ မြို့နယ်ဖြစ်သော စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များတွင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။ မြို့တွင်းရှင်းလင်းရေး လုပ်ငန်းများကို တာဝန်ပေးထားသည့် တပ်မတော်အရာရှိကြီးများက ကြီးကြပ် ၍ ဆောင်ရွက်ခဲ့သည်။ စစ်တွေမြို့တွင် လည်း လာရောက်ကြီးကြပ်ကွပ်ကဲနေ သော ပြည်ထောင်စုဝန်ကြီးများက ဦးဆောင်၍ မြို့တွင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဆောက် လုပ်ရေးဝန်ကြီးဌာနသည် ဌာနပိုင် ယာဉ်၊ ယန္တရားအစီး ၂၀ ပူးပေါင်းပါဝင် အားဖြည့်ကူညီ ဆောင်ရွက်ခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် မြို့တွင်းလမ်း အားလုံးကို တစ်လမ်းသွား ဖွင့်ပေးနိုင် ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် မူလလမ်း အကျယ်အတိုင်း သွားလာနိုင်ရေး ရှင်းလင်းဖယ်ရှား ဆောင်ရွက်နိုင်ခဲ့ပါ သည်။
စစ်တွေကမ်းခြေပတ်လမ်း ပြုပြင်မှု
စစ်တွေ Viewpoint မှ စစ်တွေ ဟိုတယ်အထိ ကမ်းခြေပတ်လမ်းသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ယင်းလမ်းသည် စစ်တွေမြို့၏ အထင်ကရနေရာ၊ မြို့သူ မြို့သားများ Super Sunday တွင် အပြည့် အဝအပန်းဖြေနားနေရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့ဖြစ်၍ စည်ပင်သာယာ ရေးအဖွဲ့ပိုင် ယင်းလမ်းကို အမြန်ပြုပြင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီး အကဲက လမ်းညွှန်မှာကြားခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကြီးကြပ်၍ ပြုပြင်ဆောင်ရွက် မှုများ စတင်ခဲ့သည်။ လတ်တလော သွားလာနိုင်ရေးအတွက် အမာခံလမ်းရ အောင် တည်ဆောက်ပေးခဲ့သည့်အပြင် ရေရှည်ကောင်းမွန်ရေးအတွက်ပါ အစီ အမံများ ရေးဆွဲတင်ပြဆောင်ရွက်လျက် ရှိပါသည်။ မုန်တိုင်းဒဏ်သင့် နေရာ ဒေသအားလုံးတွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးသမျှ မူလအခြေအနေ ထက် သာလွန်ကောင်းမွန်ရမည်ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ အေးချမ်းသာယာလှပသော ကမ်းခြေပတ်လမ်းတစ်ခုကို စစ်တွေ မြို့သူမြို့သားများ ပိုင်ဆိုင်ခွင့်ရကြလိမ့် မည်ဟု ကျွန်တော်ယုံကြည်မိသည်။
ဒေသခံများတွင် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်
‘မိုခါ’မုန်တိုင်း ဝင်ရောက်တိုက်ခတ် ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရာတွင် ဒေသခံများအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူပြုပြင် တည်ဆောက်ပေးခဲ့သော ပညာရေး ကဏ္ဍ တည်ဆောက်ရေးလုပ်ငန်းများ အတွက် လုပ်သားဦးရေ ၁၈၉၅ ဦး၊ ကျန်းမာရေးကဏ္ဍ တည်ဆောက်ရေး လုပ်ငန်းများအတွက် လုပ်သားဦးရေ ၂၀၄၅ ဦး၊ အခြားလုပ်ငန်းများအတွက် လုပ်သားဦးရေ ၁၄၂ ဦး စုစုပေါင်း ၄၀၈၂ ဦးကို ရက်၊ လ အတန်ကြာသည်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။
MCEF မှ ဒေါ်မြသောင်းဝေ
ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင် နေခိုက် အသိမိတ်ဆွေတစ်ဦး တိုးခဲ့သည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ် (MCEF) တွင် Project Coordinator အဖြစ် ဆောင်ရွက်နေသူ တူမမြသောင်းဝေ ဖြစ်သည်။ ဖခင်ဖြစ်သူ မှာ နိုင်ငံကျော်စာရေးဆရာ သောင်းဝေဦး ဟု လူသိများခဲ့သော ဗိုလ်မှူးကြီး သောင်းဝေ (ငြိမ်း) ဖြစ်ပါသည်။ ဗိုလ်မှူး ကြီးသောင်းဝေသည် ကျွန်တော်၏ ယောက္ခမဖြစ်သူ ကြည်း(၁၀၉၅၃)ဒုတိယ ဗိုလ်မှူးကြီးကျော်လွင် (ကျဆုံး) နှင့် လည်း သိကျွမ်းခဲ့ဖူးသလို ကျွန်တော်၏ စာပေရေးသားခြင်းကိုလည်း အားပေး ချီးမြှောက်ခဲ့သူဖြစ်ပါသည်။ ကျွန်တော် အနေဖြင့်မူ စာရေးဆရာ သောင်းဝေဦး (ခ) ဗိုလ်မှူးကြီးသောင်းဝေကို ၁၉၈၄ ခုနှစ်က ကျိုင်းတုံဒေသသို့ စစ်ဆင်ရေး ထွက်ရင်း တပ်မ ၈၈ ၏ စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ် စတင်မြင်ဖူးခဲ့ခြင်း ဖြစ်၏။
ယခု သူ၏သမီးဖြစ်သူ တူမ မြသောင်းဝေ တို့အဖွဲ့သည် မိုးထဲရေထဲ၌ မြစ်ကူးချောင်းဖျား ကျော်၍သွားကာ ရခိုင်ဒေသ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ မြို့နယ် များအတွင်းက ကျောင်းများ အချိန်မီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေချိန်၊ အလုပ်သမား ရှားပါးနေ ချိန်၊ အစားအသောက် အနေအထိုင် ကျပ်တည်းနေချိန်မှာ စေတနာရှေ့ထားဆောင်ရွက်ပေးခဲ့ကြသော MCEF ၊ MLCA ၊ MDA အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များ အားလုံးကိုလည်း မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြအပ်ပါ သည်။
“မိုခါ” ဆောင်းပါးများနှင့် စပ်လျဉ်း၍
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ချက်များဆိုင်ရာ ဆောင်းပါး များ ရေးသားတင်ပြခဲ့ရာတွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် များဖြင့် နိဂုံးကမ္ပတ်အဆုံးသတ်ပါတော့ မည်ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနက မှတ်တမ်း စာအုပ် ပြုစုထုတ်ဝေတော့မည်ဖြစ်ရာ အချိန်ကန့်သတ်ချက်ရှိသဖြင့် ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန် အနည်းငယ်ရဦးမည်ဖြစ်၍ ကျန်ရှိနေ သော ဝန်ကြီးဌာန နှစ်ခုထဲမှ ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ကြိုးပမ်းစွမ်းဆောင် မှုများကို ဂုဏ်ပြုရေးသားလိုက်ခြင်း ဖြစ်ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက် များကို ရေးသားတင်ပြပါဦးမည်။ ။
- Log in to post comments