မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ်ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

မြစ်ကြီးနား    နိုဝင်ဘာ     ၁


မြန်မာပြည်အလယ်ပိုင်းနှင့် မြန်မာပြည် မြောက်ဖျား ပိုင်း ကချင်ပြည်နယ်တို့အတွက် ပြည်တွင်း ကုန်စည် ပို့ဆောင်ရေးနှင့် ခရီးသွားရေးလုပ်ငန်းတွင် အဓိက အားထားရသော ရထားပြေးဆွဲခြင်းကို နှစ်နှစ်ကျော် ကြာ ရပ်နားထားခဲ့ပြီး နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီ က မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ် ပြန်လည် ပြေးဆွဲခြင်း    ဖွင့်ပွဲအခမ်းအနားကို      မြစ်ကြီးနား ဘူတာရုံ၌ ကျင်းပသည်။


အခမ်းအနားတွင်       ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရထားပြေးဆွဲခြင်းအားဖြင့် ဒေသ တွင်း  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်  လွယ်ကူချောမွေ့စေသည့်အပြင် ပြည်သူ လူထု၏ လူမှုစီးပွားဘဝကိုလည်း ပိုမိုတိုးတက်မြင့်မား စေခြင်း၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်လျော့ကျ စေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကိုလည်း လျော့ကျစေ ရေး    အထောက်အကူဖြစ်စေမည်   ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍     ရထား    ပြန်လည်ပြေးဆွဲရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားသည်။


ထို့နောက်    မြန်မာ့မီးရထားမှ     အထွေထွေ မန်နေဂျာ (အထက်မြန်မာပြည်အုပ်ချုပ်ရေး) ဦးစိုင်း သော်လင်းက မြန်မာ့မီးရထား၏ အထက်မြန်မာပြည်  ရထားလမ်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ရထားခရီးစဉ် ပြေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ပြီး ရထားခရီးစဉ်ပြေးဆွဲနိုင်ရေး ဒေါက်တာ ဖာသာ ယုံဝါနှင့်  သိက္ခာတော်ရဆရာ  မဒိန်ဇုန်းကျန်းတို့က ဆုတောင်းဆက်ကပ် ကောင်းချီးပေးကြသည်။


ဆက်လက်၍        မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ်ပြေးဆွဲသွားမည့် ရထားစက် ခေါင်းကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး၊  မြန်မာ့မီးရထား အထွေထွေ မန်နေဂျာတို့က    ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ ရထားစက်ခေါင်း ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ 


ယင်းနောက် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို စတင်ပြေးဆွဲရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်   ဇနီး၊    ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ် တို့က     ပြည်နယ်ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံများ နှင့်အတူ ပျော်ရွှင်စွာ စီးနင်းလိုက်ပါခဲ့ကြပြီး ရထား ခရီးစဉ်လိုက်ပါစီးနင်းသူများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက  ရထားစတင်ပြန်လည် ပြေးဆွဲခြင်းအတွက် လက်ဆောင်များနှင့် စားသောက် ဖွယ်ရာများကို     ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လိုက်ပါလာသည့် ရထားခရီးစဉ်အတွင်း  နန်းကွေ့ဘူတာ၊ ပြည်ထောင်ဘူတာ၊ မလိခဘူတာ၊ မရမ်းဘူတာ၊ နမ္မတီးဘူတာတို့၌  ဒေသခံပြည်သူများ၊  ကျောင်းသား ကျောင်းသူများက ရိုးရာအတီးအမှုတ် များနှင့်     ရထား       ပြန်လည်ပြေးဆွဲခြင်းအတွက် သောင်းသောင်းဖြဖြ      ကြိုဆိုကြနှုတ်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘူတာ စဉ်တစ်လျှောက်   ပြည်သူများအား   ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး   အမှတ်တရ  လက်ဆောင်များ နှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်   မိုးကောင်းဘူတာသို့    ရောက်ရှိပြီး ဌာနဆိုင်ရာများ၊    တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများက ဘင်ခရာ အဖွဲ့များဖြင့် ကြိုဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မိုးကောင်း - မြစ်ကြီးနား ရထားခရီးစဉ်မှသည် မြစ်ကြီးနား - မိုးညှင်းအထိ    တစ်ဆင့်ပြီးတစ်ဆင့် အဆင်ပြေချောမွေ့စွာပြေးဆွဲနိုင်ရေး အများပြည်သူ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြား ပြီး မြန်မာ့မီးရထားဖြင့် မြစ်ကြီးနားမြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။


အဆိုပါ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ခရီးစဉ်လမ်းပိုင်းသည်   ၃၆ ဒသမ ၇၅  မိုင်ရှိပြီး လမ်းပိုင်းအတွင်း ဘူတာ ခုနစ်ဘူတာ၊ ရပ်နားစခန်း တစ်ခုပါဝင်ကြောင်းနှင့်    ရထားပြေးဆွဲမှုအနေဖြင့် နေ့စဉ် မိုးကောင်းဘူတာမှ နံနက် ၇ နာရီမှ စတင် ထွက်ခွာ၍  မြစ်ကြီးနားဘူတာသို့   ၉  နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး      မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၂  နာရီတွင် ပြန်လည်ထွက်ခွာ၍ မိုးကောင်း ဘူတာသို့  ၄  နာရီခွဲတွင်   ပြန်လည်ဆိုက်ရောက် မည်ဖြစ်ကြောင်း၊    အဆိုပါခရီးစဉ်လိုက်ပါ    စီးနင်း မည့်     ခရီးသည်များအတွက်     တစ်လတိတိ  အခမဲ့     ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပြည်နယ် (ပြန်/ဆက်)