မျိုးဆက်များအကြား ညီညွတ်ရေး

Type
1

 

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုဆောင်းပါး

သိန်းထွန်း (IR)
 

၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ၁၉၉၉ ခုနှစ်က လစ်စဘွန်းတွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာဝန်ကြီးများ ညီလာခံမှ ထောက်ခံအတည်ပြုခဲ့သည့်  ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ ဩဂုတ် ၁၂ ရက်ကို  အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ 

 


သို့ဖြစ်၍ နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့နှင့်    သက်ဆိုင်သည့်     ဆောင်ပုဒ်သတ်မှတ်၍ ဩဂုတ်  ၁၂  ရက်တွင်   ကျင်းပလျက်ရှိကြသည်။ ယင်းသို့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပ ရသည့်   ရည်ရွယ်ချက်တွင်   ကမ္ဘာတစ်ဝန်းရှိ   လူမှု အသိုက်အဝန်းတွင်   လူငယ်များ၏    အနာဂတ်ကို အလေးထားလာရန်နှင့် မြှင့်တင်ရန်အတွက် ကျင်းပ ခြင်းလည်း ပါဝင်ပါသည်။ 

 


အပြည်ပြည်ဆိုင်ရာလူငယ်များနေ့


၂၀၂၂ ခုနှစ်  အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ဆောင်ပုဒ်မှာ Intergenerational Soli-darity: Creating a World for All Ages မျိုးဆက် များအကြား   ညီညွတ်ခြင်းဖြင့်   မျိုးဆက်အားလုံး အတွက်    ကမ္ဘာတစ်ခုဖန်တီးခြင်း   ဖြစ်ပါသည်။  ယင်း၏ ရည်ရွယ်ချက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များ (Sustainable Deve-lopment Goals)   အောင်မြင်ရန်   မျိုးဆက်များ အားလုံး၏ စွမ်းရည်များကို အပြည့်အဝ အသုံးချရန် လိုအပ်ကြောင်း၊ မျိုးဆက်များအကြား ညီညွတ်ရေး သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက် ဖြစ်ကြောင်း၊    ထို့အတွက်   မိမိတို့အားလုံးသည် မည်သူမှနောက် မကျန်ရစ်စေရဆိုသည့် ရည်မှန်းချက် ပြည့်ဝစေရန်အတွက်    အောင်မြင်၍   သာတူညီမျှရှိ သော      မျိုးဆက်များအကြား       ဆက်နွှယ်မှုနှင့် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်        ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါသည်။ တစ်နည်းအားဖြင့် မျိုးဆက်တစ်ခုနှင့် တစ်ခုအကြား   လက်ဆင့်ကမ်းခြင်း၊   ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ယနေ့ကမ္ဘာကြီးတွင် ရင်ဆိုင်နေ ရသော အခက်အခဲ စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် ဟု နားလည်မိပါသည်။

 


မျိုးဆက်အားလုံးညီညွတ်မှု


မျိုးဆက်များအကြား ညီညွတ်ခြင်းဖြင့် မျိုးဆက် အားလုံးအတွက် ကမ္ဘာတစ်ခုဖန်တီးခြင်း ဆောင်ပုဒ် သည်    အပြည်ပြည်ဆိုင်ရာ   လူငယ်များနေ့အတွက် ရည်ရွယ်သတ်မှတ်ထားသော်လည်း ယင်းဆောင်ပုဒ် ၏ ရည်ရွယ်ချက်တွင် လူငယ်များသာမက မျိုးဆက် များ အားလုံးနှင့် အကျုံးဝင်နေသည်ကို တွေ့ရပါ သည်။ မျိုးဆက်များအကြား  လက်ဆင့်ကမ်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိမှသာလျှင်  ကုလသမဂ္ဂနှင့် နိုင်ငံအလိုက် ဖော်ဆောင်နေကြသည့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်နိုင်မည် ကို  သတိပြုစေလိုခြင်းဖြစ်ပါသည်။  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ         ရည်မှန်းချက်များသည် မျိုးဆက်တစ်ခုစာ လုပ်ဆောင်ရမည့် ရေးရာကိစ္စများ မဟုတ်ဘဲ    မျိုးဆက်အလိုက်   လက်ဆင့်ကမ်း အကောင်အထည်ဖော်သွားကြရမည်ဖြစ်ရာ မျိုးဆက် များအကြား ညီညွတ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်ရေး သည် အရေးပါသော လုပ်ငန်းစဉ် ဖြစ်လာပါသည်။ 

 


ယခင်က မျိုးဆက်တို့၏ ပူးပေါင်းလုပ်ဆောင်မှု၊ လက်ဆင့်ကမ်းမှုနှင့် ညီညွတ်မှုကြောင့် တိုးတက်မှု များ ယနေ့ ရရှိခံစားနေကြရပါသည်။ သို့သော်လည်း ပြောင်းလဲတိုးတက်လာသည့် ကမ္ဘာ့အခြေအနေများ ကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များသည် မျိုးဆက်ဟောင်းများနှင့် မျိုးဆက်သစ်တို့ အပေါ် အကျိုးသက်ရောက်စေလျက်ရှိပါသည်။ ကမ္ဘာ ကြီးတွင် လတ်တလော ရင်ဆိုင်နေကြရသော ကိုဗစ်-၁၉  ကပ်ရောဂါ၊ ဒေသဆိုင်ရာပဋိပက္ခများ၊ သဘာဝ ပတ်ဝန်းကျင်   ယိုယွင်းပျက်စီးမှု၊   ဆင်းရဲမွဲတေမှု၊ မညီမျှမှုတို့ကဲ့သော စိန်ခေါ်မှုများသည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့်  လူငယ်များ၏    အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရပါသည်။ ယင်း စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရေးမှာ မျိုးဆက်များ အားလုံး ညီညွတ်စွာ စုပေါင်းဖြေရှင်းမှု လိုအပ်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းသည်   မျိုးဆက်များအလိုက် စဉ်ဆက်မပြတ်   လုပ်ဆောင်ခြင်းဖြင့်သာ  ရေရှည် တည်တံ့သော သဘာဝပတ်ဝန်းကျင်ဖြစ်လာနိုင်ပါ သည်။ ထို့အတူ  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး၊ ပညာရေး၊  ကျန်းမာရေးနှင့်  အခြားသောနယ်ပယ် အသီးသီးတွင်လည်း မျိုးဆက်များ အလိုက်ဟန်ချက် ညီညီ  ပူးပေါင်းလုပ်ဆောင်မှသာ  စဉ်ဆက်မပြတ် အောင်မြင်မှုနှင့် တိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါ သည်။

 


နိုင်ငံတစ်နိုင်ငံ၏   အနာဂတ်သည်  လူငယ်များ အတွက် ပညာရေးနှင့် လူငယ်ရေးရာမူဝါဒ အကောင် အထည်ဖော်ဆောင်နိုင်မှုတို့အပေါ်တွင် တည်မီနေပါ သည်။ ထိုကဲ့သို့  နိုင်ငံ၏  အနာဂတ်၊  လူငယ်တို့၏ အနာဂတ်အတွက်   အရေးပါသော   ပညာရေးနှင့် လူငယ်ရေးရာမူဝါဒများ          ထိထိရောက်ရောက် အောင်မြင်စေရန် ပစ္စပ္ပုန်မျိုးဆက်များက တာဝန်ယူ လုပ်ဆောင်ရကြရပါသည်။   ယင်းမှာ   မျိုးဆက် အလိုက် တာဝန်ယူမှုလည်း ဖြစ်ပါသည်။ အနာဂတ် ကမ္ဘာကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး  ဆက်လက် တာဝန်ယူကြမည့် လူငယ်များကို လက်ရှိမျိုးဆက်တို့ က  ပြုစုပျိုးထောင်ခြင်း၊  ပညာနှင့်  အတွေ့အကြုံ မျှဝေခြင်း၊  လက်တွဲခေါ်ယူခြင်း၊  နေရာပေးခြင်းတို့ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 

 


ထိုသို့လုပ်ဆောင်ရာတွင်    လူငယ်များအတွက် ကျွမ်းကျင်မှုနှင့် အခွင့်အလမ်းများ ဖန်တီးပေးရသကဲ့ သို့ အသက်အရွယ်ကြီးသော မျိုးဆက်များကိုလည်း နေရာပေး   ပူးပေါင်းရန်   လိုအပ်ပါသည်။   သို့မှသာ ပညာ၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ ဖျတ်လတ်မှု၊ ရဲရင့် မှု၊   တီထွင်နိုင်စွမ်း၊   ပြောင်းလဲနိုင်စွမ်းကဲ့သို့သော အရည်အသွေးများ စုစည်းရရှိနိုင်မည်ဖြစ်ပါသည်။  

 


ကြီးမားသော လူဦးရေအချိုး


ကမ္ဘာ့လူငယ်ဦးရေသည် ၂၀၁၉ ခုနှစ် စာရင်းအရ  အသက်   ၁၅  နှစ်နှင့် ၂၄  နှစ်အကြား   လူဦးရေမှာ ၁ ဒသမ ၂ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင် နှုန်းရှိကြောင်း   ကုလသမဂ္ဂစာရင်းများအရ   သိရ သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေ ၈ ဘီလီယံရှိလာမည်ဟု ကုလသမဂ္ဂမှ  ခန့်မှန်းထား ပြီး   ယင်းခန့်မှန်းချက်ပမာဏ၏  ၂၆ ဒသမ ၂ ရာခိုင်နှုန်းကျော်သည် အသက် ၁၅ နှစ် အောက် ဖြစ်သည်ကို တွေ့ရပါသည်။ ထိုပမာဏသည် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံကျော်ဖြစ်ပါသည်။ အသက် ၁၅ နှစ်နှင့် ၆၄  အကြား လူဦးရေသည် ၆၃ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ အသက် ၆၅ နှစ် အထက်သည် ၇ ဒသမ ၄ ရာခိုင်နှုန်းရှိပါသည်။ ထိုလူဦးရေစာရင်းတွင် လူငယ်များဆိုသည့် အသက် ကန့်သတ်ချက်ဖြင့်            သီးခြားဖော်ပြထားသည်ကို မတွေ့ရပါ။ 

 


နိုင်ငံတကာတွင်  လူငယ်ဆိုသည့် အသက်အပိုင်း ခြားနှင့် ပတ်သက်၍ အားလုံးသဘောတူ လက်ခံ ထားသော သတ်မှတ်ချက် မရှိသေးပါ။ သို့သော်လည်း စာရင်းဇယားဆိုင်ရာ ရည်ရွယ်ချက်အတွက် လူငယ် ၏ အသက်အပိုင်းအခြားကို အသက် ၁၅ နှစ်နှင့် ၂၄ နှစ်အကြားအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါ သည်။ မြန်မာနိုင်ငံတွင်မူ လူငယ်ဆိုသည်ကို အသက် ၁၅ နှစ်နှင့် ၃၅ အကြားအတွင်းရှိသူများဖြစ်ကြောင်း လူငယ်ရေးရာမူဝါဒ (၂၀၁၇၊ နိုဝင်ဘာ)တွင် သတ်မှတ် သည်ကို တွေ့ရပါသည်။ 

 


လက်ရှိကမ္ဘာ့လူဦးရေအရ အသက် ၁၀ နှစ်နှင့် ၂၄ နှစ်အကြား လူဦးရေမှာ ၁ ဒသမ  ၈ ဘီလီယံခန့် ရှိသဖြင့် လူငယ်သမိုင်းတွင်  အကြီးမားဆုံးမျိုးဆက် ဖြစ်ပါသည်။  ယင်းလူငယ်  ၉၀  ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်နေကြပါသည်။ ထိုသို့ လူငယ်အချိုးအစားပမာဏများစွာ     ပိုင်ဆိုင်ထား သော    ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်    ကြီးမားသော အခွင့်အရေး ဖြစ်ပါသည်။  သို့သော်လည်း လူငယ် လူဦးရေအချိုးအစား       များစွာရှိနေသည့်တိုင် သက်ဆိုင်ရာနိုင်ငံများက   လူငယ်ရေးရာအနာဂတ် စီမံကိန်းများကို နိုင်ငံ၏ ရေရှည်ရည်မှန်းချက်များနှင့်ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်နိုင် မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

 


စိန်ခေါ်မှုများ


လူငယ်များ           ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂအပါအဝင်   နိုင်ငံအလိုက်  မူဝါဒများ၊ စီမံကိန်းများ    ချမှတ်အကောင်အထည်ဖော်နေကြ သော်လည်း လူငယ်များအတွက် စိန်ခေါ်မှုများရှိနေ ဆဲ ဖြစ်ပါသည်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ လူငယ်များအတွက်      ပညာရေးအခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုအဖွဲ့အစည်း ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် မရေရာမသေချာမှုများ ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် ဒေသဆိုင်ရာ     ပဋိပက္ခများကြောင့်     ဖြစ်လာသည့် အကျိုးဆက်များသည်လည်း လူငယ်များ   အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရိုက်ခတ်လျက် ရှိပါသည်။ 

 


ကမ္ဘာ့ဖွံ့ဖြိုးမှု   အနည်းဆုံးနိုင်ငံ   ၄၇   နိုင်ငံရှိ လူငယ်လူဦးရေမှာ ၂၀၁၉ ခုနှစ်တွင် ၂၀၇ သန်းရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၃၆ သန်းအထိတိုးလာနိုင်သဖြင့် လာမည့် ဆယ်စုနှစ် သုံးခုအတွင်း ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားပါသည်။    ယင်းနိုင်ငံများရှိ    လူငယ်များ၏ အနာဂတ်မှာ အခြားသောဒေသများမှ လူငယ်များ ထက် အခက်အခဲများ ပိုမိုကြုံတွေ့နိုင်သည့် အခြေ အနေ ဖြစ်ပါသည်။    

 


ထို့အပြင် ၂၀၁၇ ခုနှစ်က မိမိတို့နိုင်ငံမှ ထွက်ခွာ ၍နေထိုင်သော အသက် ၁၅ နှစ်နှင့် ၂၄ နှစ်အကြား လူငယ်ဦးရေပမာဏမှာ ၂၈ သန်းခန့်ရှိခဲ့သဖြင့် ကမ္ဘာ့ ပြောင်းရွှေ့ လူဦးရေ ၂၅၈ သန်း၏ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ အသက် ၁၅  နှစ်နှင့်  ၂၄  နှစ်အကြား ရွှေ့ပြောင်းလူငယ်ပမာဏသည် အာဖရိက ဆာဟာရ ဒေသမှ ၁၆ ရာခိုင်နှုန်း၊ အရှေ့နှင့် အရှေ့အာရှမှ ၁၃ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့်  ကာရစ်ဘီယံ ဒေသ မှ ၁၃ ရာခိုင်နှုန်း၊ အလယ်နှင့် တောင်အာရှမှ ၁၂ ရာခိုင်နှုန်း၊ မြောက်အာဖရိကနှင့် အနောက်အာရှမှ ၁၂ ရာခိုင်နှုန်း၊ သမုဒ္ဒရာအတွင်းရှိ ကျွန်းဒေသများမှ ၁၁ ရာခိုင်နှုန်းနှင့် ဥရောပနှင့် မြောက်အမေရိကမှ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။

 


ထို့ပြင်  လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြားသော စိန်ခေါ်မှုများကြောင့် လူငယ်များ   နိုင်ငံပြင်ပသို့  တရားဝင်၊ တရားမဝင် ထွက်ခွာသွားကြသဖြင့်   လူငယ်တို့၏   အနာဂတ် မရေရာ   မသေချာမှုများ ဖြစ်စေရုံမျှမက   နိုင်ငံ၏ လူသားရင်းမြစ်များ  ဆုံးရှုံးခြင်းနှင့် ဦးနှောက်ယိုစီး ခြင်းများ ဖြစ်ပေါ်စေလျက်ရှိပါသည်။ အချို့နိုင်ငံများ တွင်   လူငယ်ဦးရေအချိုးအစား   ပမာဏများစွာ ပိုင်ဆိုင်ထားသော်လည်း   ကိုဗစ်-၁၉   ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊  ဒေသဆိုင်ရာ  ပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုတို့ကဲ့သို့သော    ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကြောင့် လူငယ်များ၏ အနာဂတ် အပေါ် ထိခိုက်လျက်ရှိသည်ကို တွေ့ရပါသည်။

 


ပူးပေါင်းမှုဖြင့် အနာဂတ်အတွက် လမ်းဖွင့်ပေး


လူငယ်ဖြစ်ခြင်းသည်  ပြောင်းလဲမှု၊  တိုးတက်မှု နှင့် အနာဂတ်ဆိုသည့် အဓိပ္ပာယ်ဟု ဆိုကြပါသည်။ လူငယ်များ ယနေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အခွင့်အလမ်းနှင့် ဘဝတိုးတက်မှု အဖြေများအဖြစ် ပြောင်းလဲနိုင်မှသာ လူငယ်များသည် လူ့အဖွဲ့အစည်း အတွက် ကြီးမားသော မောင်းနှင်အား ဖြစ်လာမည် ဖြစ်ပါသည်။   ထိုသို့   မောင်းနှင်အားအဖြစ်သို့ ပြောင်းလဲရန်ဆိုသည်မှာလည်း လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန် လိုအပ်ပါ သည်။ ထို့အတူ လူငယ်များအတွက် ကျွမ်းကျင်မှု များနှင့်   အခွင့်အလမ်းများ   ပံ့ပိုးပေးခြင်းဖြင့် လူငယ်များ၏ အနာဂတ်များ တောက်ပလာနိုင်မည် ဖြစ်ပါသည်။   ကုလသမဂ္ဂသည်   ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်  ဖော်ခြင်း၊        စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း      လုပ်ငန်းစဉ်များနှင့် အစိုးရများ၏ တာဝန်ယူမှုရှိစေရေးလုပ်ငန်းစဉ်များတွင် လူငယ်များကို  အရေးပါသော အခန်းကဏ္ဍမှ ထည့်သွင်းထားသည်ကို တွေ့ရပါသည်။

 


မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတည်တံ့ခိုင်မြဲပြီး  ဟန်ချက်ညီသော   ဖွံ့ဖြိုးတိုးတက်ရေး   စီမံကိန်း (၂၀၁၈-၂၀၃၀) ၏ ရည်မှန်းချက်တွင် နိုင်ငံတော် အတွက် အဘက်ဘက်မှ စွမ်းရည်ပြည့်ဝသော လူငယ် မျိုးဆက်သစ်များ    ပေါ်ပေါက်လာစေရေးအတွက် အခွင့်အလမ်းများ  ဖန်တီးပေးနိုင်သော  စီးပွားရေး မူဝါဒအဖြစ် ကျင့်သုံးရန် ချမှတ်ထားသည်ကို တွေ့ရ ပါသည်။

 

ထို့ပြင်  စီးပွားရေးမူဝါဒများတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးကို ဖြစ်ထွန်းစေသည့် လူသားအရင်းအမြစ်များ  မွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဟု ဖော်ပြထားပါသည်။  ပန်းတိုင် ၅  တွင်   နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက်   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဟု ချမှတ်ထားသည်ကို တွေ့ရ ပါသည်။

 


စီမံကိန်းများဖြင့်   လူငယ်တို့၏   အနာဂတ်များ မြှင့်တင်ရာတွင် ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်   သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များအပြင် အခြားသောကဏ္ဍများ၌လည်း လူငယ်များအတွက် အခွင့်အလမ်းများ လိုအပ်ပါ သည်။ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ၏ ကဏ္ဍအသီးသီးသို့ လွှဲပြောင်း တာဝန်ယူကြရမည်ဖြစ် ရာ   နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးခြင်းဖြင့်  လက်ဆင့်ကမ်း တာဝန်ယူရာတွင် ပိုမို တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ 

 


ယင်းသည် မျိုးဆက်များအကြား မျှဝေခြင်း၊ အခွင့်အလမ်းဖွင့်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့်   လွှဲပြောင်းပေးခြင်းပင် ဖြစ်ပါသည်။ လူငယ် များသည် ကမ္ဘာကြီး သို့မဟုတ် လူမှုပတ်ဝန်းကျင် အား ပိုမိုကောင်းမွန်သော နေရာအဖြစ် ပြောင်းလဲနိုင် သည့် စွမ်းအားများ ပိုင်ဆိုင်ထားကြရာ ထိုစွမ်းအား များကို  ပြုစုပျိုးထောင်ခြင်းအပြင် အခွင့်အလမ်း ဖွင့်ပေးခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင် မည်ဖြစ်ပါသည်။

 


အထူးသဖြင့်  ကမ္ဘာလုံးဆိုင်ရာ  စိန်ခေါ်မှုများ မြင့်မားနေသည့်အချိန်တွင်  မျိုးဆက်များအကြား ဟန်ချက်ညီ   ပူးပေါင်းလုပ်ဆောင်ရေးမှာ    ပိုမို လိုအပ်လျက်ရှိပါသည်။      မျိုးဆက်များအကြား ပူးပေါင်းလုပ်ဆောင်မှုအားနည်း၍ မျိုးဆက်ခါးဆက် ပြတ်သွားပါက   နိုင်ငံအပေါ်   ရေရှည်ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မျိုးဆက်များ ပြန်လည် ပြုစုပျိုးထောင်ရေးအတွက်လည်း   အခက်အခဲများ ကြုံတွေ့လာနိုင်ပါသည်။   ပြည်တွင်း၊    ပြည်ပ  ဦးနှောက်ယိုစီးမှုများကြောင့် နိုင်ငံအတွက် အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သား များ ဆုံးရှုံးနေကြရပါသည်။

 


သို့ဖြစ်ရာ      ကမ္ဘာလုံးဆိုင်ရာအတွက်ဖြစ်စေ၊ နိုင်ငံအလိုက်အတွက်ဖြစ်စေ           ရေရှည်ဖွံ့ဖြိုး  တိုးတက်ရေးစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ရာတွင် ယင်းစီမံကိန်းများနှင့် ဟန်ချက်ညီသော လူငယ်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊  စီမံကိန်းများ နှင့်   ထိရောက်သော  အကောင်အထည်ဖော်မှုများ လိုအပ်သည့်အပြင် မျိုးဆက်ဟောင်းနှင့် မျိုးဆက် သစ်တို့အကြား ညီညွတ်စွာ  ပူးပေါင်းလုပ်ဆောင် မှုလည်း     လိုအပ်မည်ဖြစ်ပါသည်။   သို့မှသာ စဉ်ဆက်မပြတ်   တိုးတက်မှုကို မျှော်မှန်းနိုင်မည် ဖြစ်ပါသည်။      ။
ကိုးကား
၁။    https://countrymeters.info/en/World
၂။    https://www.un.org/development/desa/dspd/2022/07/iyd-6/
၃။    International Youth Day, 12 August 2019၊ United Nations | Department of Economic and Social Affairs | Population Division
၄။    လူငယ်ရေးရာမူဝါဒ (၂၀၁၇၊ နိုဝင်ဘာလ)
၅။    မြန်မာနိုင်ငံ၏    ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၁၈ ခုနှစ် ဩဂုတ်လ