
မြိတ် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် စနစ်တကျ ထွန်ယက်ခြင်းနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ခြင်းကြောင့် တစ်ဧကလျှင် စပါး အစိုတင်း ၁၄၀ အထိ ထွက်ရှိလာသလို စပါး တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းခွဲဝန်းကျင်အထိ ဈေးကောင်းရနေသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ယခင်နှစ် များကထက် သွင်းအားစုများ ဈေးကြီးမြင့်မှု များကြုံတွေ့ရသည့်အတွက် တောင်သူ များ လယ်ယာလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် မြိတ်ခရိုင်ဆန်ကုန်သည်ကြီးများအသင်းနှင့် သက်ဆိုင်ရာစိုက်ပျိုးရေးဌာန များက လယ်ယာမြေများကို သက်သာသော နှုန်းထားများဖြင့် ထွန်ယက်ပေးခြင်း၊ မျိုးစေ့ ထုတ်စိုက်ခင်းများနှင့် မိုးစပါးစံပြကွက် စိုက်ခင်းများသို့ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုး များ ထုတ်ပေးခြင်း၊ ဓာတ်မြေသြဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း တို့ကြောင့် ယခုနှစ်တွင် စပါးအထွက်နှုန်းများ လည်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရ သည်။
မြိတ်ခရိုင် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွေးဝေက “အရင်က သာမန် ထွန်ယက်စိုက်ပျိုးနေပေမယ့် မိုးစပါးအမီ ကျွန်တော်တို့က လယ်ထွန်စက်ကြီးတွေနဲ့ အနက် ခြောက်လက်မအထိ မြေညက်အောင် ထွန်ပေးခဲ့ပါတယ်။ စပါးမျိုးကောင်း မျိုးသန့် တွေကိုလည်း ထုတ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် မိုးစပါးစံပြစိုက်ကွက်တွေမှာ တင်း ၁၄၀ အထိ ထွက်လာတာဖြစ်တယ်။ စက်ကြီး တွေနဲ့ စနစ်တကျ မထွန်ယက်နိုင်သေးတဲ့ လယ်ယာတွေမှာလည်း မျိုးကောင်းမျိုးသန့် ချပေးနိုင်လို့ ယခင်က တစ်ဧက တင်း ၇၀ ထွက်တဲ့ လယ်တွေက အခုဆို တင်း ၁၀၀ လောက်အထိ ထွက်လာနေတယ်။ လာမယ့်နှစ် တွေမှာ စနစ်တကျထွန်ယက်ပေးပြီး မျိုးကောင်း မျိုးသန့်ချပေးတာ ဆက်လုပ်သွားနိုင်ရင်တော့ လယ်တွေအားလုံး တင်း ၁၄၀ အထိ ထွက်လာ မယ်။ အခုနှစ်ရာသီအစမှာ တင်း ၁၀၀ ကို ကျပ် ၁၂ သိန်းပေးဝယ်ပေမယ့် အခုစပါးအခြောက်မှန်လာတဲ့အတွက်ကျွန်တော်က ကျပ် ၁၂ သိန်းခွဲ အထိ တိုးပေးလိုက်တာပါ။ နွေစပါးကိုလည်း စနစ်တကျစိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက် နေပြီး အထွက်နှုန်းတိုးအောင်လုပ်ဆောင်မှာပါ” ဟု ပြောသည်။
မြိတ်မြို့နယ်အတွင်း ယခုနှစ် နွေစပါး စိုက်ပျိုးရန်အတွက် ရေရရှိနိုင်သည့် စန္ဒဝတ်၊ အင်္ဂမော်၊မဇောစသည့် ရွာများ၌ ဒီဇင်ဘာ လအကုန်တွင် စတင်စိုက်ပျိုးနိုင်စေရန် လက်ရှိတွင် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းမြတ်စိုးက “ဒီနှစ် မြို့နယ်အတွင်းမှာ တစ်ဧက စပါးအစိုအထွက်နှုန်း တင်း ၁၄၀ ခန့်၊ အခြောက်အနေနဲ့ဆိုရင် တစ်ဧက တင်း ၁၂၀ ခန့် ထွက်ရှိပါတယ်။ ယခင်နှစ်ကထက် ဒီနှစ်မှာ စပါးအထွက်နှုန်း ကောင်းလာပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ စပါးရိတ်သိမ်းမှုက ၆၅ ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါ တယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တော့ ရိတ်သိမ်းပြီးစီးပါမယ်။ မိုးစပါး ရိတ်သိမ်းပြီးရင်တော့ နွေစပါး ၈၅ ဧကနဲ့ ဆောင်းသီးနှံဖြစ်တဲ့ နှမ်း ၆၄ ဧက၊ နေကြာ ငါးဧက၊ မတ်ပဲ ငါးဧက စုစုပေါင်း နွေစပါးနဲ့ ဆောင်းသီးနှံ ၁၅၉ ဧကကို စိုက်ပျိုးဖို့လျာထား ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
မြိတ်မြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါး စိုက်ရာသီတွင် မိုးစပါး ၄၂၄၇၆ ဧက စိုက်ပျိုး ခဲ့ပြီး နိုဝင်ဘာလဆန်းက စတင်ရိတ်သိမ်း ခဲ့ရာ လက်ရှိတွင် မိုးစပါးရိတ်သိမ်းပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ ဇန်နဝါရီလဆန်းပိုင်းတွင် အပြီးရိတ်သိမ်း သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)