မြိတ် မတ် ၆
ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဈေးအရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ မတ် ၆ ရက်က သရုပ်ပြလေ့ကျင့်သည်။
“ဈေးမီးလောင်မှု ဖြစ်ပွားရင် ဆုံးရှုံးမှုတွေ များပြားပါတယ်။ ဒါကြောင့် မီးလောင်မှုမဖြစ်ဖို့လိုတယ်။ ဖြစ်ပွား လာရင်လည်း အမြန်ဆုံးထိရောက်စွာ ငြှိမ်းသတ်နိုင်ဖို့လိုပါတယ်။ မြိတ်မြို့မှာ ရှိတဲ့ ဈေးတွေကို မီးဘေးကြိုတင် ကာကွယ်ရေးနဲ့ မီးလောင်မှုဖြစ်ပွား ပါကလည်း အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်အောင် ကနဦး ငြှိမ်းသတ် နိုင်မယ့် ဈေးအဖွဲ့ကို မီးသတ်ဆေးဘူး၊ အပေါ့စား ရေစုပ်စက် မီးသတ်ပိုက်နှင့် ရှိတဲ့ ပစ္စည်းတွေနဲ့ မီးငြိမ်းသတ်နည်း တွေကို အဓိကထားပြီး လေ့ကျင့်ပေးတာ ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ရဲ့လုပ်ဆောင်ချက် တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သရုပ်ပြ လေ့ကျင့်တာဖြစ်ပါတယ်” ဟု ခရိုင်မီးသတ်ဦးစီးဌာနမှူးက ပြော သည်။
သရုပ်ပြလေ့ကျင့်ရာ၌ ဈေး လုံခြုံရေးအဖွဲ့မှ မီးလန့်အချက်ပေးခြင်း၊ မီးလောင်သည့်နေရာတွင် ဈေးအရန် မီးသတ်တပ်ဖွဲ့မှ DCP မီးသတ်ဆေးဘူး ဖြင့် ကနဦးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်း ရေကန်မှ အပေါ့စား မီးသတ်စက်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်အုပ်စုများဖြင့် အနီးဆုံး ဈေးဝင် တံခါးမှဝင်ရောက်၍ မီးထိန်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့တို့က လူနာကယ်ထုတ်ခြင်းနှင့် ဒဏ်ရာရလူနာများအား ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်း၊ ဈေးအရန် မီးသတ်တပ်ဖွဲ့က မီးသတ် ယာဉ်သို့ရေဖြည့်ခြင်း၊ မီးငြှိမ်းသတ်ရေး အဖွဲ့က အပြီးသတ် မီးငြှိမ်းသတ်ခြင်းကို အပိုင်းအလိုက် စနစ်တကျ သရုပ်ပြ လေ့ကျင့်ခဲ့သည်။
လေ့ကျင့်မှုကို မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးအရန် မီးသတ်တပ်ဖွဲ့၊ ဈေးဝန်ထမ်း၊ လုံခြုံရေး အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ ပူးပေါင်းကာ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင် ယာဉ်တစ်စီးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်မှုအပြီးတွင် အားသာချက်၊ အားနည်းချက်များနှင့် ပတ်သက်၍ ဈေးတာဝန်ခံရုံး၌ ပြန်လည်ဆွေးနွေးခဲ့ ကြသည်။
ခိုင်ထူး ( ပြန်/ဆက်)