
မြိတ် ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသည့်အတွက် ကန်ခေါင်းရပ်ကွက်ရှိ ယာယီပိတ်ထားသော ပြည်သူ့ ဆေးရုံ မိခင်နှင့်ကလေးကုသဆောင်သို့ ဇူလိုင် ၉ ရက် က တိုးချဲ့ကာ ကျန်းမာရေး စောင့်ရှောက်ကုသ ပေးလျက်ရှိကြောင်း သိရသည်။
“လူနာတွေက များလာတော့ ပြည်သူ့ဆေးရုံ သီးခြားလူနာဆောင်မှာ ၈၀ လောက်ပဲ ဆံ့တော့ ၈၅ ဦး ဖြစ်လာတော့ ရောဂါအခံနဲ့ အောက်ဆီဂျင် ရှူရမယ့်သူတွေ ထားလို့ရအောင် မိခင်နှင့်ကလေး ကုသဆောင်ဘက်ကို မနေ့ကပိုးရှိပြီး လက္ခဏာမရှိတဲ့ ၂၂ ဦးကို ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။ ကုသရေးစင်တာအနေနဲ့ ပြည်သူ့ ဆေးရုံကြီးနှင့် မိခင်နှင့် ကလေး ကုသဆောင်မှာ ဆောင်ရွက်နေပြီး ထပ်မံလိုအပ်ပါက ဇီဝိတဒါန သံဃာ့ဆေးရုံမှာ ဆက်လက်ဖွင့်မှာပါ” ဟု ပြည်သူ့ ဆေးရုံ ဆေးရုံအုပ်ကြီးက ပြောသည်။
မြိတ်ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၅ ဦးရှိနေပြီး ဆေးကုသမှုခံ ယူလျက်ရှိကြကြောင်း၊ မြိတ်ပြည်သူ့ဆေးရုံတွင် မေ ၂၃ ရက်မှ စတင်၍ ဇူလိုင် ၉ ရက်အထိ ရောဂါပိုး တွေ့ရှိသူ ၁၇၇ ဦးရှိခဲ့ပြီး ဆေးရုံမှပြန်ဆင်းသူ ၉၂ ဦး ရှိ၍ သေဆုံးသူ လေးဦးရှိခဲ့ကြောင်း သိရသည်။
မြိတ်မြို့ရှိပြည်သူများအား မြန်မာနိုင်ငံဆရာဝန် များအသင်း(မြိတ်)မှ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပရဟိတစေတနာ့ ဝန်ထမ်းအဖွဲ့များ ပူးပေါင်းကာ သံဃာ့ဆေးရုံတွင် ဇူလိုင် ၅ ရက် နံနက်ပိုင်းမှ စတင်ကာ ဖျားနာ အခမဲ့ဆေးကုသခန်းအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဖွင့်လှစ်၍ အနံ့ပျောက်၊ ဖျားနာ လူနာများအား အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)