
မြိတ် ဇန်နဝါရီ ၂၃
တနင်္သာရီ တိုင်းဒေသကြီး အတွင်း တည်ရှိလျက်ရှိသော မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်း သည် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များမှ ကျွန်းကိုအခြေခံ ပြီး အဓိကလည်ပတ်ကြသည့် ကျွန်း အပန်းဖြေခရီးစဉ်များဖြစ်သည့်အတွက် မြိတ်ကျွန်းစုကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီး သွားဒေသကြီးအဖြစ် ဆောင်ရွက် ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှု နယ်မြေဒေသနှင့် တောင်ကြီး အခြေပြု ခရီးသွားဒေသသည် ကုန်းတွင်းခရီးသွား ဒေသကြီးများ ဖြစ်သည်ကို တွေ့ရသည်။ တနင်္သာရီ တိုင်းဒေသကြီးတွင် တည်ရှိသော မြိတ်ကျွန်းစု ခရီး သွားလုပ်ငန်းမှာ မြန်မာနိုင်ငံ၏ အဏ္ဏဝါအခြေပြု တစ်ခုတည်း သော ခရီးသွားလုပ်ငန်းဖြစ် သည်ကို တွေ့ရသည်။
“မြိတ်ကျွန်းစု ဒေသအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုး လာစေရေးအတွက် ပို့ဆောင်ရေးကဏ္ဍများ ပုံမှန် ပြန်လည်ပတ်နိုင်ရန် လိုအပ်နေ ပါတယ်။ ခရီးသွားလုပ်ငန်းစတင်ဖို့ အဓိက လိုအပ်ချက်ကတော့ ထားဝယ်မြို့နဲ့ မြိတ်မြို့ဘက်ကို လေကြောင်းလိုင်းတွေ၊ မော်တော် ယာဉ်လိုင်းတွေ ပုံမှန်ပြေးဆွဲပေးဖို့ လိုပါတယ်။ ဒါမှ ခရီးသွားလုပ်ငန်း တွေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းရဲ့ လက်ရှိအခြေအနေက ချာတာ ပြေးဆွဲတာမျိုး(လှေအစင်းလိုက် ငှားရမ်းကာ သွားလာခြင်း)၊ ဒေသတွင်းက မိသားစုအလိုက် ဖြစ်စေ၊ သူငယ်ချင်း အပေါင်း အသင်းများ စုပြီးတော့ဖြစ်စေ သွားလာတာမျိုးပဲ လုပ်နိုင်ပါသေး တယ်” ဟု မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြော ကြားသည်။
မြိတ်ကျွန်းစုတွင် ရေပေါ် ရေအောက် ရှုခင်းများ၊ လှပသော သဲသောင်ပြင်များ ပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၊ ဒေသခံကရင်လူမျိုးများ၊ မြန်မာ လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့် လူမှုဘဝ နေထိုင် မှုပုံစံများကို ပြည်တွင်း၊ ပြည်ပနှင့် ဒေသတွင်းမှ ခရီးသွားဧည့်သည် များအနေဖြင့် လေ့လာနိုင်မည့် အပြင် အဆိုပါ ကျွန်းပေါ်တွင် စက်ဘီးစီးခြင်း၊ ရေကူးခြင်းများ အပြင် ဒေသသုံးလှေငယ်များဖြင့် သဘာဝအလျောက် ပေါက်ရောက် နေသည့် ဒီရေတောများကို လေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်း လှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်း လုပ်ငန်းများကိုလည်း လေ့လာ လည်ပတ်နိုင်မည့် ခရီးသွားဒေသ တစ်ခုဖြစ်သောကြောင့် မြိတ် ကျွန်းစုဒေသကို မြန်မာနိုင်ငံ၏ ခရီးသွား ဒေသကြီးငါးခုမြောက် အဖြစ် ထည့်သွင်းပေးရန် လိုအပ် လျက်ရှိသည်။
အဏ္ဏဝါအခြေပြုခရီးသွား
"ကမ္ဘာ့ခရီးသွားများ၏ ၆၀ ရာခိုင်နှုန်းက အဏ္ဏဝါအခြေပြုခရီး သွားဒေသများကို သွားရောက် လည်ပတ်လျက်ရှိတာကို တွေ့ရ တယ်။ ကမ္ဘာလှည့်ခရီးသွား အများစုက မြိတ်ကျွန်းစုဒေသကို လာရောက်လည်ပတ်ဖို့ စိတ်ဝင် စားမှုရှိတာကို တွေ့ရပါတယ်။
မြိတ်ကျွန်းစုမှာရှိတဲ့ အဏ္ဏဝါရှုခင်း တွေက အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာထက်အများကြီးသာလွန်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့က ဒီမှာဘာလုပ်ရ မလဲဆိုတော့ ရေအောက် Coral တွေကို မပျက်စီးအောင်ထိန်းသိမ်း ဖို့လိုပါမယ်။ CBT (ဒေသခံအခြေပြု ခရီးသွားလုပ်ငန်း) ဖွံ့ဖြိုးအောင် ဆောင်ရွက်ရပါမယ်။ ကျွန်းတွေ မှာ Activity တွေဆောင်ရွက်ထား ဖို့လိုပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးရဲ့ အဏ္ဏဝါခရီးသွား လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေအကုန်လုံး အကျိုး အမြတ်ရှိတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် လူတန်းစားအလွှာ အသီးသီး အကုန်လုံးအကျိုး အမြတ် ရရှိမှာဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ကျွန်းပေါင်း ၈၀၀ ကျော်တည် ရှိသော မြိတ်ကျွန်းစုဒေသတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား အများစု စိတ်ဝင်တစားပိုမို လည်ပတ်လျက်ရှိသော ကျွန်းများ မှာ လေးကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်ကျွန်းနှင့် ဒုံရေ တံခွန်တို့ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အဆင်ပြေစေရန် အတွက် ခရီးသွားလုပ်ငန်း
ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီ ၄၀ ခန့်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)