မြိတ်ကျွန်းစုဒေသ ခရီးသွားဧည့်သည်များကြား နာမည်ကြီးသည့် စမတ်ကျွန်းသို့ အလည်တစ်ခေါက်

Type

 

မြင့်ဦး(မြိတ်)

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ကျွန်းစုဒေသမှ ကျွန်းများသည် သဘာဝအနေအထား၊ သဘာဝအလှများ၊ အစီအရီ ရေပေါ်အိမ်လေးများ၊ ဒေသခံများ၏ တံငါ လုပ်ငန်းနှင့် ရေပေါ်ရေအောက်ကျောက်ဆောင်ကျောက်တန်းများ၊ သဘာဝငါးမျိုးစိတ်ပေါင်းများစွာနှင့် သဘာဝအလျောက်ပေါက်ရောက်နေသော ဒီရေတော များကြောင့်  ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ခရီးစဉ်တစ်ခုဖြစ်ကာ  မြိတ်ကျွန်းစုဒေသအတွင်း ကျွန်းပေါင်း ၈၀၀ ကျော်  ရှိသည့်အနက် ပြည်တွင်းသာမက ပြည်ပခရီးသွားများကြားမှာပါ  နာမည်ကြီးသောကျွန်းတစ်ကျွန်းမှာ စမတ်ကျွန်းဖြစ်သည်။

 

ကျွန်းစုမြို့နယ်အတွင်း၌ တည်ရှိသည့် စမတ် ကျွန်းသည် မြိတ်မြို့မှ  ရေမိုင်  ၅၁ မိုင် ခန့်ကွာဝေးပြီး ခရီးသွားများအနေဖြင့် Speed Boat ဖြင့်သွားလျှင် Speed Boat အမျိုးအစားပေါ်မူတည်ကာ နှစ်နာရီ ကျော် ကြာမည်ဖြစ်သည်။ 
စမတ်ကျွန်း၏ မြေဧရိယာအကျယ် ၅၄၅ ဒသမ ၀၆ ဧကအတွင်း သဘာဝအလျောက်ပေါက်သော အမြဲစိမ်းသစ်တောကြီးများရှိကာ ထိုသစ်တောကြီး အတွင်း ရေချိုများလည်းထွက်ရှိသည်။ သစ်ပင်ကြီး များသည် သက်တမ်းကြာမြင့်စွာရှင်သန်နေကြပြီး သဘာဝတောပန်းလေးများက ကျွန်းကို အလှဆင် ထားသလို ဖြစ်နေသည်ကိုလည်း တွေ့ရမည်ဖြစ် သည်။ ထို့ကြောင့် စမတ်ကျွန်းသည်   ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အလွန်သဘောကျရာ နေရာ၊ စိတ်အပန်းဖြေစရာ​  နေရာတစ်ခုလည်း ဖြစ်သည်ကို တွေ့ရသည်။ 
မပါမဖြစ် ဆွဲရတဲ့ခရီးစဉ် 
မြိတ်ခရိုင်ရှိ ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန် ရှိသူတစ်ဦးက “စမတ်ကျွန်းခရီးစဉ်က မပါမဖြစ် ဆွဲရတဲ့ခရီးစဉ်တစ်ခုပါ။ မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့ ဘေလီ၊ ကြယ်လိပ်နဲ့ စမတ်ကျွန်းက ခရီးသွားတွေ အများဆုံးစိတ်ဝင်စားတဲ့ ကျွန်းတွေပါ။ အဲဒီအထဲက စမတ်ကျွန်း (ခ) ပါပန့်ကျွန်းက   အထူးခြားဆုံးပါ။ တစ်ဖက်ကမ်းခြေက   ကျောက်စရစ်ကမ်းခြေ၊ နောက်တစ်ဖက်က ဖြူဖွေးနေတဲ့ သဲသောင်ကမ်းခြေ ဖြစ်ပါတယ်၊ ကမ်းခြေမှာလည်း လှပပြီးထူးခြားနေတဲ့ ကျောက်စွယ်တွေ၊ တိုးလျှိုးပေါက်ဂူတွေ၊ ကျောက် ဆောင်တွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါ တယ်၊ တစ်ကမ္ဘာလုံးမှာတောင် လက်ချိုးရေတွက် လို့ရတဲ့ကျွန်းမျိုးပါ၊ မြိတ်ကျွန်းစုအတွင်းမှာဆိုရင် တစ်ခုတည်းရှိတာပါ၊ ခရီးသွားလုပ်ငန်းဖော်ဆောင် ဖို့နဲ့ ကျွန်းရဲ့သဘာဝအလှအပတွေကိုထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
စမတ်ကျွန်းသည် အရှေ့တောင်အာရှ၌ တစ်ခု တည်းသော ကျောက်စရစ်ကျွန်းဖြစ်ပြီး အာရှအနေ ဖြင့် နှစ်ခုတည်းသာရှိသော ကျောက်စရစ်ကျွန်း ဖြစ်ကြောင်း သိရသည်။ ကျွန်း၏  ထူးခြားမှုမှာ ကမ်းခြေနှစ်ဖက်ရှိပြီး    ကမ်းခြေတစ်ဖက်မှာ ကျောက်စရစ် ၊ တစ်ဖက်ကမ်းခြေက သဲဖြစ်နေဖြင့်   ကမ်းခြေနှစ်ဖက်စလုံး  သဘာဝအလှအပများဖြင့် ပြည့်စုံနေသောကျွန်းဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍဖြင့် ဆောင်ရွက်သင့်
မြိတ်ကျွန်းစုအတွင်းသို့ လာရောက်လည်ပတ် ခဲ့သည့် ခရီးသွားတစ်ဦးကလည်း “စမတ်ကျွန်းမှာ ခရီးသွားလုပ်ငန်း  ပိုပြီးဖွံ့ဖြိုးစေချင်ရင်   ပုဂ္ဂလိက လုပ်ငန်းတွေကို လွှဲအပ်ပေးသင့်တယ်လို့ထင်တယ်၊ အရင်အစိုးရလက်ထက်က     ဌာနဆိုင်ရာကပဲ ထိန်းသိမ်းထားပြီး    လိုအပ်တဲ့   အပြင်အဆင် ဝန်ဆောင်မှုတွေ မလုပ်ပေးထားလို့   ကျွန်းက  လှပ ပေမယ့် ထင်ရှားကျော်ကြားလာခြင်းမရှိဘူး၊ ဒီအတိုင်း ကျွန်းပတ်ကြည့်ရုံနှင့် မပြီးပါဘူး။ ကျွန်းကို အမြဲ တစေ  ထိန်းသိမ်းထားဖို့၊ ကျွန်းပေါ်မှာ ခရီးသည် တွေ သက်သောင့်သက်သာ အနားယူမယ့်နေရာတွေ၊ စနစ်တကျအမှိုက်စွန့်ပစ်ဖို့နေရာတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကိုဖျက်ဆီးမယ့်သူတွေကို စောင့်ကြည့် မယ့် ဝန်ထမ်းတွေ စသဖြင့်အများကြီးလိုပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငှားရမ်းမယ်၊ လွှဲပြောင်း ပေးထားမယ်ဆိုရင် ထိန်းသိမ်းမှုပိုမိုအားကောင်း လာမှာဖြစ်သလို ကျွန်းနဲ့ပတ်သက်ပြီး ကြော်ငြာ တွေနဲ့ ခရီးသည်တွေ ဒီထက်ပိုမိုဝင်ရောက်လာမှာဖြစ်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
ရှားပါးပြီး ထူးခြားလှသည့် ကျွန်းပေါ်ရှိ ကျောက် စရစ်များကို ခရီးသွားအချို့က ကောက်ယူသွားလေ့ ရှိသဖြင့်    ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ဧည့်လမ်းညွှန်များက ခရီးစဉ်တစ်လျှောက် သတိ ပေးတားမြစ်မှုများ လုပ်ဆောင်ပေးနေရကြောင်း၊  ပုဂ္ဂလိကလုပ်ငန်းများကို ဝန်ဆောင်မှုများလုပ်ပိုင်ခွင့်ပေးထားပါက ထိန်းသိမ်းမှုပိုမိုအားကောင်းမည် ဖြစ်ကြောင်း သိရသည်။ 
လူသိများသည့်ကျွန်းတစ်ကျွန်းဖြစ်လာ
လွန်ခဲ့သည့် လေးနှစ်ခန့်က မြိတ်ကျွန်းစုဒေသရှိ ကျွန်းကမ်းခြေများအနက် နတ်သမီးကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်းစသည့် ကမ်းခြေ များနှင့် ဒုံးရေတံခွန်တို့ကို ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်မှုများပြားခဲ့ပြီး ယခုနောက်ပိုင်း တွင်  ပြည်တွင်း၊ ပြည်ပခရီးသွားအများစုက စမတ် ကျွန်းကို ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ် လျက်ရှိသည်။ ထို့ကြောင့် စမတ်ကျွန်းမှာ မြိတ်ကျွန်းစု ဒေသအတွင်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ခန့်အနက် နာမည်ကျော်ကြား လူသိများသည့်ကျွန်းတစ်ကျွန်း ဖြစ်လာပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း ခရီးသွား ရာသီနှင့်     နှစ်သစ်ကူးသင်္ကြန်ကာလများတွင်  ပြည်တွင်း၊ ပြည်ပ   ခရီးသွားဧည့်သည်များ   ပိုမို လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 
ယခုနှစ်တွင်လည်း ပွင့်လင်းရာသီ သီတင်းကျွတ် ကာလမှစတင်ကာ ကျွန်းခရီးစဉ်များသို့ ခရီးသွား ဧည့်သည်များ   အစုအဖွဲ့အလိုက်   လာရောက် လည်ပတ်လျက်ရှိရာ  ကျောက်စရစ်ကမ်းခြေနှင့် သဲသောင်းပြင်ကမ်းခြေတို့အကြား  အမြဲစိမ်းစိုနေ သည့် သစ်တောနှင့် နှစ်ဖက်ပေါက်ကျောက်လှိုဏ်ဂူ ပါရှိသော  စမတ်ကျွန်းခရီးစဉ်ကို ခရီးသွားအေဂျင်စီ များက မပါမဖြစ်ခရီးစဉ်တစ်ခုအနေဖြင့် ရေးဆွဲထား ကြသည်။ 
မြန်မာနိုင်ငံတွင်းသာမက အရှေ့တောင်အာရှ တွင်ပါ တစ်ခုတည်းသာရှိသော ကျောက်စရစ်နှင့်သဲသောင်ပြင်ကမ်းခြေ နှစ်ခုလုံးပါဝင်ကာ ပြည်တွင်း မက ပြည်ပခရီးသွားဧည့်သည်များအကြားတွင်ပါ ကျော်ကြားနေသည့်  စမတ်ကျွန်းသို့   ပြည်တွင်း ခရီးသည်များ    တစ်ခါတစ်ခေါက်   လာရောက် လည်ပတ်နိုင်ရန် ဖိတ်ခေါ်လိုက်ရပါသည်။    ။