
မောင်မော် (သတ္တဗေဒ)
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး အမျိုးအစားစုံလင်သော ပင်လယ်မြက်၊ သန္တာကျောက်တန်း၊ ဒီရေတောများ ရှင်သန်ပေါက်ရောက်လျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ ကျက်စားမှီတင်းနေထိုင် ကျက်စားလျက်ရှိပါသည်။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် များတွင် မြန်မာနိုင်ငံအနေဖြင့် ဝေးလံသောကျွန်းများသို့ သွားရောက်၍ ငါးနှင့်အခြားသောသက်ရှိ၊ သက်မဲ့သယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် စစ်ဆေး ကြီးကြပ်ရန် လိုအပ်ချက်များရှိနေသေးသည့်အတွက်ကြောင့် တန်ဖိုးရှိသော ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရန် ခြိမ်းခြောက်မှုများရှိနေပြီး လှပ ကောင်းမွန်သော ကမ်းခြေဒေသများတွင် နေထိုင်သော ဒေသခံပြည်သူများအနေဖြင့်လည်း ငါးသယံဇာတ လျော့နည်းပြုန်းတီးစေမည့် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
ရာသီဥတု ပြောင်းလဲခြင်း၊ ငါးအလွန်အကျွံ ဖမ်းဆီးခြင်း၊ နိုင်ငံတော်မှ သယံဇာတများကို ထိခိုက်စေနိုင်သည့် တရားမဝင် ငါးဖမ်းနည်းများ၊ တားမြစ်ငါးဖမ်းကိရိယာများ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် နည်းလမ်းများကို အသုံးပြု၍ ဖမ်းဆီးခြင်း၊ ဒေသခံများအနေဖြင့် ငါးဖမ်းသင်္ဘော များ၊ ငါးဖမ်းစက်လှေကြီးများနှင့် ယှဉ်ပြိုင်ငါးဖမ်းဆီး နေရခြင်း အစရှိသည့် အခြေအနေများကြောင့် ငါးသယံဇာတကျဆင်းရသလို ဒေသခံရေလုပ်သား များ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုစီးပွားဘဝ သည်လည်း ကျဆင်းနေကြရခြင်းဖြစ်ပါတယ်။ မြိတ် ကျွန်းစုဒေသရှိ အနာဂတ်မျိုးဆက်သစ်များ ရေရှည် တည်တံ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် ငါးသယံဇာတ ထုတ်ယူသုံးစွဲနိုင်ရေး၊ အဏ္ဏဝါသယံဇာတများကို ထိရောက်စွာထိန်းသိမ်းနိုင်ရေး ထိရောက်စွာ အမြန်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါတယ်။
ဂေဟစနစ်ရေရှည်တည်တံ့စေရန်
စာရေးသူအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အဆိုပါ ဒေသများသို့ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံနှင့် မှတ်တမ်းများအရ ငါးလုပ်ငန်းဦးစီးဌာနနှင့် Funna and Flora International (FFI) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကမ်းနီးရေတိမ်ဒေသ အဏ္ဏဝါရေပြင်ရဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ရေရှည်တည်တံ့ စေရန်၊ ဒေသခံရေလုပ်သားတို့၏ အသက်မွေး ဝမ်းကျောင်းနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး ရိုးရာဓလေ့ ရေရှည်တည်တံ့စေရန်၊ ဒေသတွင်း အဏ္ဏဝါသယံဇာတများနှင့် ငါးလုပ်ငန်းများကို စီမံ ခန့်ခွဲဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းဦးစီးဌာန ကို အကူအညီပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး သဘောတူလက်မှတ်ရေးထိုး၍ သန္တာကျောက်တန်း များ၊ ပင်လယ်မြက်ခင်းများနှင့် ငါးသယံဇာတတည်ရှိ မှုကို ပျံ့နှံ့တည်ရှိမှုကို သုတေသနပြုဆောင်ရွက် ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး စစ်တမ်း များ ကောက်ယူခြင်း၊ ဒီရေတောတည်ရှိမှု အခြေ အနေ အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းများကို အစဉ်တစိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါတယ်။
ကွင်းဆင်းရလဒ်များအရ မြိတ်ကျွန်းစု၊ သရော သတန်ကြီးကျေးရွာမှ ဇာဒက်ကြီးကျေးရွာအထိ ရေငုပ်သင်တန်းများ ပို့ချပေးပြီး ရေသယံဇာတ များကို လေ့လာခဲ့ကြရာ သန္တာကျောက်တန်းများစွာ သည် ဗုံးခွဲငါးဖမ်းခြင်းနှင့် တရွတ်ဆွဲငါးဖမ်းဆီးခြင်း များကြောင့်သော်လည်းကောင်း၊ ရာသီဥတုဒဏ် ကြောင့်သော်လည်းကောင်း၊ လူတို့၏အသက်မွေး ဝမ်းကျောင်းအတွက် ရေငုပ်ငါးဖမ်းဆီးခြင်းများ ကြောင့်သော်လည်းကောင်း၊ သန္တာကျောက်တန်း များတည်ရှိရာ နေရာများအတွင်း သား/ငါး ရှာဖွေမိ ကြသဖြင့် သန္တာကျောက်တန်းများ ကျိုးကျေပျက်စီး ရသဖြင့် ငါးများ မှီခိုကျက်စားရာနေရာများ ပျက်စီး ရခြင်းဖြစ်ပါတယ်။ သန္တာကျောက်တန်းများသည် ငါးများသားပေါက်ဥချရန် အလွန်အရေးပါသဖြင့် ယခုလိုသုတေသနများ ဆောင်ရွက်ရခြင်း ဖြစ်ပါ တယ်။ ဒေသခံများအနေဖြင့်လည်း ဒေသတွင်း ငါးသယံဇာတ လျော့နည်းနေသည်ကို သိရှိနားလည် သဖြင့် ပူးပေါင်းပါဝင်ထိန်းသိမ်းလိုသည့် အသိစိတ် ရှိဖို့လည်း အလွန်အရေးကြီးလှပါတယ်။
သန္တာကျောက်တန်း လေ့လာရေးသင်တန်းများ
မြန်မာနိုင်ငံ၏ ငါးသယံဇာတလျော့နည်းလာ မှုကို ဒေသခံများလည်းသိရှိပြီး ထိန်းသိမ်းလိုသည့် ဆန္ဒရှိကြသည့်အတွက် ယခုလို ဒေသခံများ ကိုယ်တိုင် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင် ဧရိယာ (Locally Managed Marine Areas – LMMA) ပေါ်ပေါက်လာစေရန် ကမ်းရိုးတန်းရေပြင် များရှိ သန္တာကျောက်တန်းလေ့လာရေး သင်တန်း များ ပို့ချခြင်း၊ လူမှုစီးပွားရေး စစ်တမ်းများ ကောက်ယူခြင်း၊ Workshop on Marine Protected Area Management in Myanmar ကျင်းပခြင်း၊ ကျွန်းများရှိဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသခံများ ကြုံတွေ့နေရသော အခက်အခဲများကို ဖော်ထုတ်ခြင်း၊ ဒေသခံများ ပူးပေါင်းထိန်းသိမ်းသင့် သည့် အဓိကအရေးပါသော နေရာများရွေးချယ်ခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ဖွံ့ဖြိုး ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းများကို ဒေသခံ များနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာန ဆိုင်ရာတာဝန် ရှိသူများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ မြိတ်တက္ကသိုလ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း များကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြရပါတယ်။
LMMA ဆိုသည်မှာ ကမ်းနီးရေပြင်များနှင့် ကမ်းရိုးတန်းသယံဇာတများ၏ အနီးဝန်းကျင် (သို့မဟုတ်) နေရာတွင် နေထိုင်သူ ကမ်းရိုးတန်း ဒေသနေပြည်သူများ၊ မြေပိုင်ဆိုင်သောအဖွဲ့များ ပူးတွဲလုပ်ဆောင်နေသော အဖွဲ့အစည်းများ (သို့မဟုတ်) ပူးပေါင်းပံ့ပိုးနေသော ဌာနဆိုင်ရာ များက နေရာအားလုံး (သို့မဟုတ်) နေရာအတော် များများကို ဒေသအဆင့်တွင် စီမံခန့်ခွဲနေသော နေရာအားလုံးကို ဆိုလိုသည်။ LMMA သတ်မှတ် လိုသည့် ကျေးရွာဧရိယာ သုံးခုကို အကြိမ်ကြိမ် သုတေသနပြု တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ဒေသခံများ၏ အတည်ပြုချက်နှင့် သဘော ထား မှတ်ချက်များရယူပြီး မြိတ်ခရိုင် ကျွန်းစု မြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု ဒုံးပုလဲအော် ကျေးရွာ (၄၆၃၇ ဧကရှိ ရေပြင်)၊ လင်းလွန်းကျေးရွာ (၈၉၀၇ ဧကရှိ ရေပြင်) နှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အလယ်မာန်ကျေးရွာအုပ်စု လငန်းကျေးရွာ (၁၁၀၉၉ ဧကရှိ ရေပြင်) များကို ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါ ရေပြင်ဧရိယာများအဖြစ် နိုင်ငံအဆင့် သတ်မှတ် လိုက်ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်း မှာလည်း ဒေသတွင်းနိုင်ငံများနည်းတူ နိုင်ငံတကာ ကတိကဝတ်များကို လိုက်နာဆောင်ရွက်သည့်အပြင် မြန်မာနိုင်ငံမှ ချမှတ်ထားသော နိုင်ငံဇီဝ မျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များအနက် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ် များထဲမှ တစ်ခုဖြစ်ပါတယ်။
ငါးမဖမ်းရနေရာများ သတ်မှတ်
ဒေသခံများသည် LMMA သတ်မှတ်ရေပြင် ဧရိယာများတွင် ငါးဖမ်းဆီးခွင့်ပြုသော နေရာ၊ ငါးဖမ်းကိရိယာ အမျိုးအစား၊ အရေအတွက်၊ ပိုက်ကွက်အရွယ်အစားများ၊ တားမြစ်ငါးဖမ်းနည်း များနှင့် ငါးအမျိုးအစားအလိုက် ကန့်သတ်ထား သော စည်းကမ်းချက်များ သတ်မှတ်ခြင်းနှင့် ရာသီ အလိုက် ငါးမဖမ်းရနေရာများ သတ်မှတ်ခြင်း များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြံပြု သတ်မှတ်ချက်များနှင့်အညီ ရေပြင်ဧရိယာ ထိန်းသိမ်းရေး ကော်မတီ အကြံပေးအဖွဲ့ ဖွဲ့စည်းပြီး ရေပြင်ဧရိယာကို ပူးပေါင်းထိန်းသိမ်းကာကွယ်ခြင်း ဖြင့် ရေသယံဇာတ ရေရှည်တည်တံ့စေရေး ထိရောက်စေရန် ဆောင်ရွက်စေခြင်း ဖြစ်ပါတယ်။
LMMA ကို ထိန်းသိမ်းနေသော ကျေးရွာများမှ ဒေသခံများသည် အကြံပြုသတ်မှတ်ခွင့်ပြုထား သော ငါးဖမ်းဆီးခွင့် နေရာများတွင် ငါးဖမ်းဆီးခြင်း၊ ငါးမဖမ်းရနေရာများတွင် မည်သည့်ရေလုပ်သား များကိုမဆို ငါးဖမ်းဆီးခွင့် တားမြစ်ထားမည် ဖြစ်သဖြင့် ထိုနေရာမှ ငါးများသည် ကောင်းမွန်စွာ ကြီးထွားသားပေါက်မျိုးပွားပြီး ထိုနေရာမှတစ်ဆင့် ငါးများသည် ငါးဖမ်းဆီးခွင့်ပြု ထားသော ရေပြင် များသို့ ပျံ့နှံ့သွားမည်ဖြစ်သည့်အတွက် ငါးသယံ ဇာတ ပိုမိုတိုးပွားလာခြင်း၊ ဂေဟစနစ်ကို ပျက်စီး စေမည့် ငါးဖမ်းကိရိယာ တားမြစ်နေရာများ သတ်မှတ်ခြင်းဖြင့် ဂေဟစနစ် (တစ်နည်းအားဖြင့် ငါးနေငါးထိုင်များ) ပြန်လည်ကောင်းမွန်လာခြင်း၊ ငါးအမျိုးအစား ကန့်သတ်ရခြင်းမှာ တချို့သော ငါးများသည် ဂေဟစနစ်ကို ကောင်းမွန်အောင် ပြုလုပ်ပေးသော ငါးမျိုးစိတ်များဖြစ်သဖြင့် ငါးအမျိုး အစား ကန့်သတ်ရခြင်းများကို လိုက်နာဆောင် ရွက်ကြခြင်းဖြင့် ငါးသယံဇာတ ရေရှည်တည်တံ့ လာမည်ဖြစ်ပါသည်။ ထို့အပြင် ဒေသခံများမှ ရွေးချယ်ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့များမှ တာဝန်ခံပြီး ရေပြင်ကင်းလှည့်ခြင်းနှင့် သတင်း အချက်အလက်များ ပေးပို့ခြင်းကို အလှည့်ကျ ကင်းလှည့်ခြင်းဖြင့် ကော်မတီအဖွဲ့မှတစ်ဆင့် တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပေးပို့ ကြရမှာဖြစ်ပါတယ်။
ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါ ကာကွယ်ရေပြင်ဧရိယာသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သဖြင့် (၈-၆-၂၀၁၇) ရက်နေ့ ကမ္ဘာ့သမုဒ္ဒရာနေ့တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာတွင် ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။ ယခုလို ဒေသခံများနှင့် ပူးပေါင်းပြီး အဏ္ဏဝါသယံဇာတများကို ထိန်းသိမ်း ခြင်းအားဖြင့် ဒေသတွင်းရေပြင်မှ ငါးနေငါးထိုင် နေရာများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်အတွက် အရေးပါသော ငါးမျိုးစိတ်တချို့နှင့် ကဏန်း သက်ငယ်ကောင်များ ကျက်စားရာ နေရာများကို ထိန်းသိမ်းကာကွယ်တတ်စေရန် ရေလုပ်သားများမှ တာဝန်ရှိအသိစိတ်ဓာတ်ဖြင့် ငါးဖမ်းဆီးသည့် အလေ့ အထ (Responsible Fishing Practice) များ ပိုမို များပြားလာခြင်းနှင့် ရေလုပ်သားများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်မှုမရှိစေခြင်း အစရှိသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။ ။
- Log in to post comments