
မြိတ် မတ် ၂၇
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ပျိုးမှုကို လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော် ခန့်က စီမံကိန်းချ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၌ ဧက ပေါင်း ၄၀၄၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်းနှင့် မြိတ်ခရိုင်တွင်လည်း လာမည့် ငါးနှစ်အတွင်း ဧက ၅၀၀၀ ခန့် တိုးချဲ့စိုက်ပျိုးသွားရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြိတ်ခရိုင်အနေနဲ့ ဆီအုန်းစိုက်ပျိုးမှုကို နောင်လာမယ့် ငါးနှစ်အတွင်းမှာ ဧက ၅၀၀၀ လောက် ထပ်မံတိုးချဲ့စိုက်ပျိုးသွားဖို့ လျာထားချက်တွေရှိပါတယ်။ မြိတ်ခရိုင်မှာ ဆီအုန်းစိုက်ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၂၁ ခု ရှိပါတယ်။ ပုဂ္ဂလိကခြံရှင် ၃၉ ဦးရှိပါတယ်”ဟု ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အင်ကြင်းခိုင် က ပြောသည်။
မြိတ်ခရိုင်အတွင်းရှိ ဆီအုန်းစိုက် တောင်သူများအတွက် ပြည်တွင်းမျိုးစပ် အပင်များနှင့် နည်းပညာပိုင်းဆိုင်ရာသင်တန်း များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြိတ် ခရိုင်တွင် ဆီအုန်းစိုက်ပျိုးဧက ၆၈၉၆၀ ခန့်ရှိပြီး အသီးဆွတ်ခူးရိတ်သိမ်းထုတ်လုပ် မှုဧရိယာမှာ တနင်္သာရီတိုင်းတစ်တိုင်းလုံး တွင် ဧက ၁၂၇၀၀၀ ခန့်နှင့် မြိတ်ခရိုင်၌ ဧက ၂၃၇၀၀ ခန့်ရှိကြောင်း သိရသည်။
“၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ တစ်နှစ် ပတ်လုံးထွက်ရှိတာက တစ်ဧကပျမ်းမျှ ၂ ဒသမ ၈ တန်လောက်ထွက်ရှိပါတယ်။ တစ်တန်ကို ကျပ်သုံးသိန်းဝန်းကျင်ရှိပါတယ်။ ဆီကြမ်း စက်ရုံတွေအနေနဲ့ မြိတ်ခရိုင်စိုက်ခင်း တွေမှာ ဒေသလုပ်စက်ငယ်လေးတွေသာ ရှိပါ တယ်။ ဒေသလုပ် ဆီကြမ်းကြိတ်စက်ငယ် လေးက ခြံကထွက်ရှိတဲ့ ဆီသီးခိုင်တွေကို ကုန်စင်အောင် မကြိတ်ခွဲနိုင်ပါဘူး၊ ဒါကြောင့် မြိတ်ခရိုင်ကထွက်ရှိတဲ့ ဆီသီးခိုင်တွေကို ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ တောင်ဒဂုန် ဆီကြမ်းစက်ရုံနဲ့ ကော့သောင်းမြို့နယ်မှာရှိတဲ့ ယုဇနဆီကြမ်းစက်ရုံအမှတ် (၂) တို့ကို တင်ပို့ ရောင်းချလျက်ရှိပါတယ်။ မြိတ်ခရိုင်အတွင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက် မြင့်မားရေးအတွက် ဆီကြမ်းစက်ရုံတည် ဆောက်ဖို့ လျာထားစီစဉ်ထားတာ ရှိပါတယ်” ဟု ခရိုင်ဦးစီးမှူးက ဆက်ပြောသည်။
ဒေသခံတောင်သူများနှင့် ကုမ္ပဏီများ အနေဖြင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုး လုပ်ကိုင်ပါက စတင်စိုက်ပျိုးချိန်မှ ငါးနှစ် အကြာတွင် စီးပွားဖြစ်ဆွတ်ခူးနိုင်ပြီး နောက်ထပ် သုံး/လေးနှစ်တွင် အရင်းကျေကာ နောက်ထပ်နှစ်ပေါင်း ၂၀ ကျော်အထိ ဝင်ငွေ များရရှိသွားမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနကလည်း ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် သင်တန်းများ၊ နည်းပညာများကို စဉ်ဆက်မပြတ် ကူညီပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)