မြိတ်ခရိုင်၏ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်း အခြေခံတန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အားပေး

 

နေပြည်တော်   မတ်   ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့  နံနက်ပိုင်းက   တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ရေလုပ်ငန်းနှင့် ရေထွက် ပစ္စည်းများကို  တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်နေမှု များ၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု များအား ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်ချက်များ  ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်    ကျွန်းစု မြို့နယ် ပထော်ကျေးရွာရှိ ပြည့်ဖြိုးထွန်း   အင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်၏   ပုစွန်သားပေါက် စခန်းနှင့်   ပုစွန်သားပေါက်     မွေးကန်များတွင် ရက်သားအလိုက် ပုစွန်သားပေါက် မွေးမြူဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးပြီး ကုမ္ပဏီတာဝန်ရှိသူ များအား ပုစွန်သားပေါက်များကို ပြည်တွင်း၌ထုတ်လုပ် နိုင်သည်အထိ ကြိုးပမ်းကြရန်နှင့် ငါးပုစွန်များကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုး လာရေးအတွက် အသေးစား အငယ်စားမွေးမြူရေး တောင်သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည် ပထော်ရေလှောင်တမံအတွင်း ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်နှင့်   မြန်မာ ဆိုလာပါဝါထရေးဒင်းကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ၃ ဒသမ ၇၇ မီဂါဝပ် ရေပေါ် ဆိုလာစနစ်လုပ်ငန်းစီမံကိန်း၏ ဆိုလာပြားတပ်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။ 
အဆိုပါ   ရေပေါ်ဆိုလာစနစ်လုပ်ငန်းစီမံကိန်း သည် ပထော်ရေလှောင်တမံအတွင်း ရေပြင်အကျယ် အဝန်း ခုနစ်ဧကတွင်  ဆိုလာအချပ်ရေ  စုစုပေါင်း ၆၃၈၄ ချပ် တပ်ဆင်ဆောင်ရွက်ထားရှိပြီး   ဆိုလာ စွမ်းအင် ၃ ဒသမ ၇၇ မီဂါဝပ်ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ ၂၅၅ ကီလိုဝပ် ၁၂ လုံး တပ်ဆင်ထားရှိပြီး လာမည့် ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားထုတ်ယူ၍ ပြည့်ဖြိုးထွန်း  အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် ၏ အအေးခန်းစက်ရုံနှင့် စက်ရုံ အလုပ်ရုံများ၊ မကြာမီ တည်ဆောက်မည့် ဆီအုန်း ဆီချောစက်ရုံ လည်ပတ် ရေးတို့အတွက်   အသုံးပြုသွားမည်ဖြစ်သည့်အပြင် ပထော်၊ ပထက်ကျွန်းပေါ်ရှိ ဒေသခံပြည်သူများ လျှပ်စစ် မီးအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။  
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပထော်ကျွန်းပေါ်ရှိ ခေတ်မီရေငန်ပုစွန်   မွေးမြူရေး လုပ်ငန်းနှင့် ရက် ၈၀ သားရှိ မွေးပုစွန်များ ကန်ဖော် ဆယ်ယူ၍  အအေးခန်းစက်ရုံသို့   ပို့ဆောင်သည့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြ ပြီး လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက်  ခေတ်မီအအေးခန်းစက်ရုံအတွင်း ရေငန်ပုစွန်များ၊ ကဏန်းပျော့များနှင့် ရေထွက်ကုန် များကို  တန်ဖိုးမြင့်ကုန်ချောအဖြစ်   ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရန် ဆောင်ရွက်ထားရှိမှု၊ တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၏ သုတေသန ရန်ပုံငွေဖြင့်  မြိတ်နှင့် ကျွန်းစုဒေသတို့တွင် စီးပွားဖြစ် ကျယ်ပြန့်စွာ မွေးမြူထုတ်လုပ်လျက်ရှိသော ငါးပုစွန် မွေးမြူရေးလုပ်ငန်းများအတွက် ငါးပုစွန်ရောဂါစစ်ဆေး နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ငါးပုစွန်မွေးမြူရေးကန် များ ရေရှည်စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ထားရှိသည့် RT-PCR ဓာတ်ခွဲ ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေါင်းကူးမော်ကျေးရွာရှိ ကောင်းကောင်းမွေးမြူရေးကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကတ္တလူကျေးရွာရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေး  စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍   စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက   ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပုစွန်များ တိုးချဲ့မွေးမြူနိုင်ရေးအတွက်   ပုစွန်ကန်အသစ်များ တူးဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက ငါး ပုစွန်မွေးမြူထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝန်ကြီးဌာန၏ ကူညီ ဆောင်ရွက်ပေးနေမှု၊  မြေယာများအသုံးပြုရာတွင် တည်ဆဲမြေယာဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေ ရေး  အလေးထားဆောင်ရွက်ရန်   လိုအပ်ချက်များ၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ စံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရည်ကျွန်းရေပြင်တွင် ချင်းခရုမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆားကျွန်းအရှေ့ရေပြင်တွင် ယူနိုက် တက် (မြိတ်) ကေအမ်ကေကုမ္ပဏီ၏  ကျောက်ငါး၊ ကကတစ်ငါး မွေးမြူရေးဆောင်ရွက်နေမှု၊ မွေးမြူရေး သုတေသနဦးစီးဌာန၏ ကျောက်ငါးနှင့် ငါးပါးနီမျိုး သုတေသနငါးများ   မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌  တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်  လယ်ယာကဏ္ဍဆိုင်ရာ ဝန်ထမ်းများကိုတွေ့ဆုံ၍  ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်