မြိတ်ခရိုင်အတွင်း ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ကျော်ဖြင့် လမ်း၊ တံတား အဆင့်မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 

မြိတ်   စက်တင်ဘာ   ၂၅


တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်း လမ်းပန်းဆက်သွယ်မှု  လွယ်ကူလျင်မြန်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက်   လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို   လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း  ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများ ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။


“လမ်းဦးစီးဌာနက   လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းအသစ်ခင်းခြင်း၊ လမ်းချဲ့ခြင်းတွေကို  ဆောင် ရွက်လျက် ရှိပါတယ်။ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း (ပလောက်-ပုလော-မြိတ်အပိုင်း)နဲ့( မြိတ်-တနင်္သာရီ-ထုံခါ အပိုင်း)၊    တိုင်းဒေသကြီး လမ်းပိုင်း ၁၂ လမ်းတို့မှာ  ယခုနှစ် ဆောင်ရွက်လျက် ရှိတဲ့    လမ်းလုပ်ငန်းတွေ   ရာနှုန်းပြည့်  ဆောင်ရွက် ပြီးစီးပြီဖြစ်ပါတယ်” ဟု ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးအောင် ကိုကိုကျော်က ပြောသည်။ 


မြိတ်ခရိုင်  လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လမ်းလုပ်ငန်းများတွင် ကတ္တရာကွန်ကရစ်(AC)လမ်း ခင်းခြင်း ၇ ဒသမ ၉၈ ကီလိုမီတာ၊  ကွန်ကရစ်လမ်းခင်း ခြင်း ၁၉ ဒသမ ၄၇၆ ကီလိုမီတာ၊  ကတ္တရာလမ်းသစ် ခင်းခြင်း ၅ ဒသမ ၈၉၅ ကီလိုမီတာ၊  ကတ္တရာလမ်း ချဲ့ခင်းခြင်း   ၆ ဒသမ ၆၅၆ ကီလိုမီတာ၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း   ၉ ဒသမ ၆၆၇ ကီလိုမီတာ၊ မြေသားတာပေါင်တင်ခြင်း/     မြေဖြတ်လုပ်ငန်း ဆောင်ရွက်ခြင်း၂၀ဒသမ၉၆၅ကီလိုမီတာ၊ အမာခံ လမ်းခင်းခြင်း ၀ ဒသမ၂၂ ကီလိုမီတာ၊   ပေ ၅၀ အောက်   တံတားတစ်စင်း၊    မြောင်းကူးတံတား/ တံတားငယ်အသစ် ၁၇ စင်း၊   မြောင်းကူးတံတား တိုးချဲ့မှု  ၅၅ စင်း၊  ကျောက်စီ/အုတ်စီရေမြောင်း ၂၂၅၁ မီတာ၊   ကျောက်စီမြေကာနံရံတည်ဆောက် ခြင်း ၁၉၂ မီတာ၊ လမ်းအန္တရာယ်အသိပေး/သတိပေး ဆိုင်းဘုတ် စိုက်ထူခြင်း ၁၆၃ ခုတို့ကို ပြည်ထောင်စု/ တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်းပေါင်း   ၁၆၀၀၀ ကျော်ဖြင့်  ဆောင်ရွက်ခဲ့ကြောင်း  လမ်းဦးစီးဌာနမှ သိရသည်။


မြိတ်ခရိုင်အတွင်း  လမ်းဦးစီးဌာနမှ  လမ်းအဆင့် မြှင့်တင်ခြင်း၊   လမ်းအသစ်ခင်းခြင်း၊ လမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းများကို အသုံးပြုကာ    ဒေသတစ်ခုနှင့်တစ်ခု    လွယ်ကူ လျင်မြန်စွာ  သွားလာနိုင်ပြီဖြစ်သည့်အတွက်     ဒေသ ထွက်ကုန်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင် နိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု  သွက်လက်မြန်ဆန် လာနိုင်မည်ဖြစ်ကာ  ယခင်ကထက်   စီးပွားရေး၊ လူမှုရေးအပါအဝင်  ဘက်စုံမျှတစွာ ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)