
မြိတ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် သုံးလကျော် ရပ်နားထားသည့် မြိတ်- ရန်ကုန် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ခရီးသည် တစ်ဝက်သာ တင်ဆောင်၍ ကျန်းမာရေးဝန်ကြီး ဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရောဂါထိန်းချုပ်၊ ကာကွယ်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ တိုင်းကျော်ပြေးဆွဲနေသော ခရီးသည်တင် အဝေးပြေး ယာဉ်လိုင်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က သုံးလကျော်ကြာ ပြေးဆွဲခွင့် ယာယီပိတ်ထား ခြင်းဖြစ်ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာ ၁၅ ရက်မှာ ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ ညွှန်ကြားလာပါတယ်။ ပြီးရင် မူလစည်းကမ်းချက် ၁၈ ချက်နဲ့အညီ ၅၀ ရာခိုင်နှုန်း (ခရီးသည် တစ်ဝက်နှုန်း)နဲ့ ပြေးဆွဲရမယ်။ ဒီညွှန်ကြားချက်နဲ့ အညီ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ ကော့သောင်း အခြေစိုက် ယာဉ်အသင်းတွေကို လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပေးလိုက်ပါတယ်။ ရောဂါ ဖြစ်ပွားမှု ကျဆင်းသွားပြီဖြစ်တဲ့အတွက် ဒေသခံနဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေသွားရေး လာရေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ခွင့်ပြု တာ ဖြစ်ပါတယ်” ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မှ အတွင်းရေးမှူး ဦးမိုးကျော်သူက ပြောသည်။
အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဒေသန္တရ ညမထွက်ရ အချိန်ကန့်သတ်ထားခြင်းကြောင့် ညပိုင်းအချိန်တွင် ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် လမ်းခရီး တွင်ညအိပ်ရပြီး အခက်အခဲရှိနေကြောင်း ခရီးသည် တင် ယာဉ်မောင်းသူအချို့ထံမှ သိရသည်။
“လက်ရှိ ယာဉ်စီးခကတော့ မြိတ်- ရန်ကုန်ကို ခရီးသည်တစ်ဦးငွေကျပ် ၅၀၀၀၀ ၊ မြိတ် - ထားဝယ် ကို ငွေကျပ် ၃၀၀၀၀ နဲ့ ပြေးဆွဲပေးနေပါတယ်။ နဂိုမူလကတည်းက ကုန်ကားနဲ့ မှန်လုံကားတွေနဲ့ ပြေးဆွဲပေးပါတယ်။ အခုလက်ရှိပြေးဆွဲပေးနေတာက ငယ်လိုင်း ၃၅ လိုင်းနဲ့၊ ကားကြီးလိုင်း ၁၅ လိုင်းနဲ့ ပြေးဆွဲပေးနေပါတယ်။ တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်နဲ့အညီ ခရီးသည်ဦးရေ ၅၀ ရာခိုင် နှုန်း(တစ်ဝက်)နဲ့ ပြေးဆွဲရပါတယ်။ ဂိတ်တွေမှာ ကိုဗစ် ရှိ မရှိ မစစ်ဆေးဘဲ သွားလာရမယ်ဆိုရင် ခရီးသွားတွေ ပိုများလာနိုင်ပါတယ်။ ဒါကြောင့် ယာဉ်လိုင်းတွေက တောင်းဆိုနေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အချိန်ကန့်သတ်ချက်များရှိနေသည့်အတွက် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် အချိန်မီပြေးဆွဲနေရပြီး လမ်းခရီးတွင် ခရီးသည်များ ဖြင့် ညအိပ်ရပ်နားနေရသောကြောင့် အချိန်ကြန့်ကြာ ခြင်း၊ ငွေကြေးကုန်ကျမှု ပိုများခြင်း စသည့် အဆင် မပြေမှုများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
မိုးကောင်ကင်ကားဂိတ်မှ တာဝန်ခံ ကိုသိန်းဝင်း က “နိုဝင်ဘာ ၁၅ ရက်ထုတ်တဲ့စာအရ ယာဉ်လိုင်း တစ်ခုကို ခရီးသည်တစ်ဝက်နဲ့ ကိုဗစ် စည်းကမ်းချက် နဲ့အညီပြေးဆွဲဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ ယာဉ်စီးခကတော့ စာမထုတ်သေးပါဘူး။ ခရီးသည် ကိုတော့ လက်ရှိမှာ နှစ်ခုံတစ်ယောက်နှုန်း ရောင်းပေး နေတယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့သူဆိုရင်လည်း နှာခေါင်း တို့ဖတ် ဆေးလက်မှတ်မယူဘဲ ပေးဖြတ်စေချင်ပါ တယ်။ တရားဝင်စာထုတ်ပေးရင် ကောင်းပါတယ်။ အခု လက်ရှိမှာတော့ ကာကွယ်ဆေးမထိုးဘဲနဲ့ ပေးဖြတ်ပါလို့ ညွှန်ကြားထားတာမရှိပါဘူး။ စာထုတ် ပေးထားရင်တော့ ပိုအဆင်ပြေတာပေါ့။ လမ်းမှာ ည ၈ နာရီ ကျော်ရင် ပေးမဖြတ်ဘူးဆိုတော့ အချိန် ကြန့်ကြာမှုတော့ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ် များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက ကြီးကြပ်ကာ မြိတ်- ရန်ကုန် ခရီးသည် တင် အဝေးပြေးယာဉ်လိုင်းများကို ခရီသည်တစ်ဝက် သာ တင်ဆောင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)