
ဘိုကလေး ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမ လှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် လူတို့ ၏ အလွန်အကျွံ စည်းကမ်းမဲ့ထင်းခုတ်ယူမှုနှင့် နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးမုန်တိုင်းဒဏ် များကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးလာခဲ့ရာ ယင်းဘေးမဲ့တောကြီးအား ဒီရေတောများ ပြန်လည် ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေ အခွင့်အလမ်းဖော်ဆောင်နိုင်ရေးစီမံကိန်းအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိန်းမလှကျွန်းနှင့် ထိစပ်နေသည့် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ စီမံကိန်းကို အကောင် အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြမည့် သစ်တော နှင့် ဒီရေတောဆိုင်ရာအဖွဲ့များ၊ ဘိုကလေးမြို့နယ် အခြေစိုက် “မြင့်မြတ်သူတို့ နှလုံးသား” ပရဟိတအဖွဲ့ တို့ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အမှာစကားပြောကြား ပြီး မြင့်မြတ်သူတို့နှလုံးသားအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မျိုး က စီမံကိန်းချိတ်ဆက်ဆောင်ရွက်မှုများ၊ စီမံကိန်း အရာရှိ ဦးထွန်းထွန်းဇော်က စီမံကိန်းလုပ်ဆောင် ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ဖြေရှင်းနိုင် သည့် နည်းလမ်းများကို ဆွေးနွေးသည်။
မိန်းမလှကျွန်းကို ၁၉၉၃ ခုနှစ်တွင် မိန်းမလှ ကျွန်းဘေးမဲ့တောအဖြစ် သစ်တောရေးရာဝန်ကြီး ဌာနက သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။
မိန်းမလှကျွန်းပေါ်မှ ဒီရေတောများသည် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် အပင်နှင့် အကောင်မျိုးစိတ်များအတွက် မှီခို နေထိုင်ရာအိမ်ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၂ ရွာမှ အိမ်ထောင်စု ၈၀၀၀ ကျော်၏ စားဝတ်နေရေး နှင့် ဝင်ငွေအတွက် မှီခိုရာဖြစ်ကြောင်းနှင့် ပို၍ အရေးပါသောအချက်မှာ ပတ်ဝန်းကျင်ဒေသများကို သဘာဝဘေး အန္တရာယ်များ၏ဒဏ်မှ ကာကွယ်ပေး လျက်ရှိနေကြောင်းလည်း သိရသည်။
ယခု မိန်းမလှကျွန်းပေါ်၌ ဆောင်ရွက်မည့် ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်း စီမံကိန်းသည် ဒီရေတောများ ပြန်လည်ထူထောင် စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သည်းလာစေရန်၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဒီရေတော မျိုးစိတ်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ များကို ပိုမိုကောင်းမွန်လာစေရန်နှင့် ဒီရေတော ဂေဟစနစ်ကို ပိုမိုကျန်းမာသန်စွမ်းလာစေရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ ဒီရေတောကို မှီခိုအားထားနေရသည့် ဒေသခံများနှင့် အတူ ဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံများအတွက် ဝင်ငွေအခွင့်အလမ်းများ ရရှိကာ ၎င်းတို့၏ စားဝတ် နေရေးကို အထောက်အကူပြုစေမည့်အပြင် ၎င်းတို့ ပါဝင်စိုက်ပျိုးထိန်းသိမ်းမှုများကြောင့် ကောင်းမွန် သန်စွမ်း ကျန်းမာလာမည့် ဒီရေတော ဂေဟစနစ် သည် စိုက်ပျိုးရေးသီးနှံနှင့် သား၊ ငါး၊ ပုစွန်များ ရေရှည်ရရှိနိုင်စေမည်ဖြစ်ကြောင်း စီမံကိန်းတာဝန် ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)