
တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ဦးစားပေး၍မရနိုင်
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တာဝန်ယူခဲ့သည်မှာ ၁၁ လကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာမီအချိန်အတွင်း ၁ နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ တာဝန် ထမ်းဆောင်ချိန်ကာလအတွင်း နိုင်ငံတကာဆက်ဆံ ရေးနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် အလုပ်သဘောချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး အာဆီယံရေးရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ အဓိကအားဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်း အဝေး ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်၍ ဦးတည်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပထမဆုံးအချက် ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူ များအနေဖြင့် အကြမ်းဖက်မှုရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အကြမ်းဖက်အဖွဲ့ များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အမြဲမပြတ်ဆောင်ရွက် နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင် ရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ အလားတူ အာဆီယံ လူသားချင်းစာနာထောက်ထားမှုနှင့် သက်ဆိုင်သည့် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး မိမိတို့အနေ ဖြင့် လက်ခံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် တစ်ခုဖြစ်ခဲ့ကြောင်း။
ထိန်းသိမ်းဆောင်ရွက်နေ
နိုင်ငံတော်၏ ယေဘုယျအခြေအနေနှင့် ပတ်သက်ပြီး ပထမဦးစွာ နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများမရှိ သလောက်နည်းပါးခဲ့သော်လည်း ဖေဖော်ဝါရီ ၃ ရက် နောက်ပိုင်းတွင် ပြင်းထန်လာခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် ၆၀ ရာခိုင်နှုန်းခန့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ နောက်ပိုင်းတွင် ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ ဆန္ဒပြမှုများအား ထောက်ခံသူများရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိခဲ့ကြောင်း၊ သာမန်ဆန္ဒပြမှု များမှတစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှု၊ ဖောက်ခွဲ ဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများအထိ ဆောင်ရွက် လာခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ဆက်လက် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အုပ်ချုပ်ရေးအမိန့်များသတ်မှတ်ရာတွင်လည်း အလွန်ဆိုးရွားသည့် နယ်မြေ များကိုသာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဖက်မှ လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အချိန် ဖြစ်ကြောင်း။
စီမံခန့်ခွဲမှုအမှားများ
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား ချိန်မှစ၍ နိုင်ငံအတွင်း စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေး မှာ စီမံခန့်ခွဲမှုအမှားများကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ ငွေကြေး တည်ငြိမ်မှုရှိစေရန်အတွက် တရားနည်းလမ်းမကျ သည့် အခြားနည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက် ခဲ့ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်မှု မရှိခဲ့ခြင်းများကြောင့် ကုန်သွယ်မှုလိုငွေများ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ချိန်တွင် နိုင်ငံများအားလုံး စီးပွားရေးထိခိုက်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်ခြင်း၊ ဝန်ဆောင်ခ နှင့် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏ စီးပွားရေးပြန်လည် ကောင်းမွန်စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ် မှုများကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကမှာ ပြည်သူများအားလုံး ထမင်းမငတ်ရန်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် အဆိုပါ အားသာချက်ကို အသုံးချရမည်ဖြစ် ကြောင်း၊ ယခုအခါ စားသောက်ကုန်များ အထိုက် အလျောက် ထုတ်လုပ်နိုင်ခဲ့၍ ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ပြီ ဖြစ်ကြောင်း။
လူမှုရေးနှင့်ပတ်သက်၍ စာသင်ကျောင်းများ အား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ယခုအခါ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ကျောင်းတက်မှုနှုန်းများမှာ စတင်ဖွင့်လှစ် နိုင်ခဲ့သည့်အချိန်ထက် ကျောင်းတက်ရာခိုင်နှုန်းများ မြင့်တက်လာကြောင်း၊ သို့သော် ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက် နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် ပတ်သက်၍လည်း ပညာရေးဝန်ထမ်းအများစုသည် အမျိုးသမီးများဖြစ်ပြီး အရှက်တရားနှင့် အကြောက် တရားများကို အသုံးချ၍ ဖိအားပေးခြင်း၊ ခြိမ်းခြောက် ခြင်း၊ အရှက်ခွဲခံရခြင်းနှင့် အခြားသောအကြောင်း အမျိုးမျိုးကြောင့် CDM ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရ ကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် ကျောင်းသား ကျောင်းသူများအားလုံး စာမေးပွဲအောင်ရုံသာမက အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန် လိုကြောင်း၊ ထို့ကြောင့် တတ်နိုင်သမျှ ပညာရေးနှင့် ပတ်သက်၍ ရာနှုန်းပြည့်တိုးတက်စေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ် များကိုလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်း တက်ရာခိုင်နှုန်းများ တိုးတက်စေရေး ဆောင်ရွက် လျက်ရှိကြောင်း။
ဥပဒေနှင့်အညီ
ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များ CDM ပြုလုပ်ကြပြီး ဆူပူအကြမ်းဖက်သည့်အဖွဲ့များတွင် သွားရောက်နေကြသူများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်ပိုင်ဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ပြည်ပသို့ သွားရောက်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေမှု များရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် အားကစားဆောင်ရွက် မှုများကို ရပ်တန့်ထားခဲ့ရပြီး ယခုအခါ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် အားကစားပွဲများ ကျင်းပ နိုင်ရေး ပြန်လည်ခွင့်ပြုပေးထားကာ အားကစားပြိုင်ပွဲ များ ကျင်းပပြုလုပ်လျက်ရှိကြောင်း။
လုံခြုံရေးနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခ နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နောက်ပိုင်းမှ ပေါ်ပေါက် လာသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ အမြဲမပြတ် ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ရေးထိုးထားခြင်း မရှိသောအဖွဲ့များနှင့်လည်း အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါအဖွဲ့ များထဲတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲတွင်ပါဝင်သည့် KIA နှင့် KNPP အဖွဲ့တို့သည် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို ထောက်ပံ့ပေးပြီး ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း၊ ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင် ၍ လမ်းကြောင်းများ၊ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းလုပ်ရပ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ကယား ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ဒေသတည်ငြိမ်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ချင်းပြည် နယ် NLD အဖွဲ့နှင့် CNF အဖွဲ့များ ပူးပေါင်း၍ အကြမ်းဖက်မှုများနှင့် မီးရှို့ ဖျက်ဆီးခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အိမ်များ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် CDM ပြုလုပ်ပြီး အကြမ်းဖက်မှုများ ဆောင်ရွက်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး အချို့ကိုလည်း သတင်းထုတ်ပြန် ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း အကြမ်းဖက်မှုများ ဆောင်ရွက်ရေးအတွက် ဦးဆောင် ပြီး ဆောင်ရွက်နေသည့် NLD ပါတီမှ ဖြိုးဇေယျာသော် အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက် မှုများ ဆောင်ရွက်နေသူများကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပစ်ခတ်သတ်ဖြတ်မှုများ နည်းပါးလာပြီဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးဝန်ထမ်းများအား အကြောင်းမဲ့သတ်ဖြတ် ခြင်းသည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ခြင်း မဟုတ်ဘဲ တိုင်းပြည်ပျက်စီးစေရန်အတွက် ပြုလုပ် နေသောမိုက်မဲသည့် အပြုအမူများပင်ဖြစ်ကြောင်း။
ခြေလှမ်းသစ်စတင်မည်ဖြစ်
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့သည် နိုင်ငံတော်အတွက် ထူးခြားလေးနက်သည့်နေ့တစ်နေ့ ဖြစ်သဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် လွတ်လပ် ရေးနေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ် ကြောင်း၊ မိမိအနေဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် ၇၅ နှစ်ကြာပြီဖြစ်သည့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို မကြာခဏ ခြိမ်းခြောက်ခံ နေရပြီး နိုင်ငံ၏ စုစည်းညီညွတ်သည့်အားဖြင့် ခိုင်မာ အောင် ဆောင်ရွက်နေရန်လိုကြောင်း၊ လွတ်လပ်ရေးမှ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ခံစားနိုင်အောင် ဆောင်ရွက်ရန်လိုအပ်သဖြင့် မိမိအနေဖြင့် ယခုနှစ် တွင် နိုင်ငံ၏ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ခြေလှမ်းသစ်စတင်မည်ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း ရရှိခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အပေါ်တွင် အခြေခံပြီး ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏ လာရောက်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးအတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့ သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင်လည်း ခေတ်ကာလ နှင့် ကိုက်ညီအောင်ပြင်ဆင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေ တည်ခဲ့ခြင်းဖြစ်သဖြင့် လတ်တလောအခြေအနေ နှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင်ဆင်ရန် ရှိသည်များကို နားလည်သဘောပေါက်ကြောင်း၊ သို့သော် တို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့် အချက်များအား လုံးဝ ထိခိုက်၍မရကြောင်း၊
မိမိတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုကိုသွားနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဟူသောစကားသည် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထားအကောင်အထည်ဖော် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်ရာတွင် ပြည်ထောင်စုကို အခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ် နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်တွင် တူညီ သည့်အခွင့်အရေးကိုသာ ပေးထားကြောင်း၊ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦး တစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက် ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် အခြေခံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှု မရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဖွံ့ဖြိုးတိုးတက်မှုများ မျှတမှုရှိရန်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်း ရေးနှင့်စပ်လျဉ်း၍ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှုများ မျှတမှုရှိရန်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် “ငြိမ်းချမ်းရေးကိစ္စနဲ့ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ ပြည်နယ်နဲ့ တိုင်းဖွံ့ဖြိုးတိုးတက်မှုမမျှ တာတွေရှိတယ်။ တခြားမပြောနဲ့ ရန်ကုန်နဲ့ မန္တလေးတောင် ဖွံ့ဖြိုးတိုးတက်မှုမတူဘူး။ ရန်ကုန်နဲ့ မော်လမြိုင်မတူဘူး။ ရန်ကုန်နဲ့ ပုသိမ်မတူဘူး။ မတူညီချက်တွေ။ ကွာခြားချက်တွေရှိတယ်။ ရန်ကုန် ကတော့ ရန်ကုန်မြို့ပေါ်နဲ့ အစွန်အဖျားမှာရှိတဲ့၊ ဥပမာ ကွမ်းခြံကုန်းတို့၊ တွံတေးတို့၊ ကော့မှူးတို့၊ ဒလတို့၊ မှော်ဘီတို့၊ တိုက်ကြီးတို့၊ အစွန်ဒေသတွေပေါ့၊ ဖွံ့ဖြိုးတိုးတက်မှုတွေက မြို့ပေါ်နဲ့မတူဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမတူပါဘူး ကွာခြားမှုရှိပါ တယ်။ ကျွန်တော်တို့လိုအပ်တာဘာလဲဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသအားလုံးဟာ ဆူကြုံအနိမ့် အမြင့်ကွာခြားမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးဖို့လိုတယ်။ အဲဒီဆူကြုံအနိမ့်အမြင့် ကွာခြားမှု များတဲ့အတွက်ကြောင့် ပဋိပက္ခတွေကျွန်တော်တို့ ဖြစ်နေကြတယ်။ ပစ္စည်းမဲ့ဒေါသတွေ။ ကွန်မြူနစ် စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ဒေါသတွေ ဖြစ်တယ်။ ငါတို့မှာမရှိဘူး။ မင်းတို့မှာရှိတယ်။ ငါတို့ မှာ မလုပ်ရဘူး။ မင်းတို့မှာလုပ်ရတယ်။ ငါတို့မှာ မစားရဘူး။ မင်းတို့မှာစားရတယ်။ ငါတို့မှာမဝတ် ရဘူး။ မင်းတို့ မှာဝတ်ရတယ်။ ငါတို့မှာပညာမသင် ရဘူး။ မင်းတို့မှာသင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီကွာခြားချက် ကိုအနိမ့်ဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေး ရမယ်။ ဟိုတစ်နေ့ကကျွန်တော် ပညာရေးမှာပြောပြ တယ်။ ထားဝယ်မှာလည်း ကျွန်တော်ပြောတယ်။ မြိတ်မှာလည်းကျွန်တော်ပြောတယ်။ ကျွန်းစုမှာ လည်း ကျွန်တော်ပြောတယ်။ ပညာရေးကွာခြားမှုတွေ သိပ်များနေပါတယ်။ အဲဒီတော့ ပညာရေးကွာခြားမှု မများအောင် ကျွန်တော်တို့ရအောင်လုပ်ရလိမ့်မယ်။ ဒါကြောင့် KG+9 ကို ပြည်နယ်နှင့်တိုင်းအားလုံးကိုရအောင်လုပ်ပေးရမယ်။ ပညာရေးမြှင့်တင်မှုလုပ်ပေး ရမယ်။ ပြည်နယ်နှင့် တိုင်းတွေမှာ လုပ်နေတဲ့စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ပိုပြီး တော့ငွေပိုပေးရမယ်။ ဥပမာအားဖြင့် ချင်းတို့၊ ကယားတို့ ပိုပေးဖို့လိုတယ်။ ကျွန် တော်ပြောပြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဟာကိုစိတ်ဝင်စားတယ်။ မျက်ခြည်မပြတ်ကြည့်နေ တယ်။ ဘယ်လိုအခြေအနေပေးရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စောင့်ကြည့်နေတယ်။ ဆိုလိုတာကတော့ ဒေသတွင်းနဲ့ဒေသအလိုက် ကွာခြားမှုတွေမကြီးမား အောင် ကျွန်တော်တို့သွားရမယ်။ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး ဒါတွေ ကွာခြားချက်တွေ။ ဒေသတွင်း၊ ဒေသအလိုက် ကွာခြားချက်မများအောင် ပြန်လုပ်ရမယ့် ဟာရှိပါတယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အဓိကအားဖြင့် ပညာတတ်တွေအများကြီးလိုပါ တယ်။ စီးပွားရေးလုပ်မလား။ ပညာမတတ်ရင်ဘာမှ လုပ်လို့မရပါဘူး။ ကျန်းမာရေးကောင်းအောင်လုပ် မလား။ စားရေးသောက်ရေး နေရေးထိုင်ရေးမြင့်ဖို့ အတွက်ဆိုလည်း ပညာမတတ်ဘဲ၊ ဝင်ငွေမရှိဘဲ လုပ်လို့မရဘူး။ မှောင်ခိုချနေလို့မရဘူး။ မူးယစ် ဆေးဝါး လုပ်နေလို့မရဘူး။ Illegal Trade မှာ၊ ဒီ Production မှာ သွားလုပ်လို့မရဘူး။ တရားဥပဒေနှင့် အညီ၊ သမာအာဇီဝလုပ်ငန်းတွေနဲ့ပဲ ကြီးပွားချမ်းသာ အောင် လုပ်ပေးရမယ်။ အဲ့ဒါဆိုရင်တော့ အတတ် ပညာ၊ အသိပညာမရှိလို့မရဘူး။ ပညာရေးမြှင့်တင် မှုမလွဲမသွေလုပ်ပေးရမယ်။ ကျေးလက်အရောက် ပညာရေးမြှင့်တင်မှုတွေကို ဆောင်ရွက်ပေးရမှာဖြစ်ပါ တယ်။ တိုင်းပြည်အတွက် အရေးကြီးပါတယ်။ အနာဂတ်အတွက် အရေးကြီးပါတယ်”ဟုပြောကြား သည်။
ထို့နောက် ပညာရေးမြှင့်တင်မှုများဆောင်ရွက် ပေးရာတွင် ကျောင်းသား ကျောင်းသူများအားလုံး စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် အတန်းပညာများ အမှန်တကယ်တတ်မြောက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများပြည့်စုံရန်နှင့် ဆရာ ဆရာမများအားလုံး ဘာသာရပ်အလိုက် ပညာရပ်များအား တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မွမ်းမံသင်တန်းများဖွင့်လှစ်သင်ကြားပေးရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆရာ ဆရာမများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုပြီး စားသောက်ရေး၊ နေထိုင်ရေးနှင့် ဘဝရပ်တည်နိုင်ရေး အတွက်အာမခံချက်များရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍လည်း တာဝန် ထမ်းဆောင်မှုနှင့် ပညာအရည်အချင်းနှင့် အဆင့် အလိုက် ထောက်ပံ့ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးမြှင့်တင်မှုများဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရန်အချက်များ များစွာရှိကြောင်း၊ အလားတူ ကျန်းမာရေးဝန်ထမ်း များ မွေးထုတ်မှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံ တွင် ဆရာဝန်များ အခက်အခဲရှိကြောင်း၊ ဆရာဝန် များ မွေးထုတ်မှုနှင့်ပတ်သက်၍ လာမည့်ပညာသင်နှစ် များတွင် ပညာသင်ကြားရေး၌ နိုင်ငံတော်တာဝန် ထမ်းဆောင်မည့်သူမဟုတ်ဘဲ မိမိကိုယ်ပိုင် ဆေးကုသ ခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ပညာသင်ကြား ရေးတွင် ငွေကြေးကောက်ခံမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမှသာ နိုင်ငံတော်ရှိ ဆေးရုံများအတွက်လိုအပ်သည့် ဆေးဝန်ထမ်းများ လုံလောက်စွာ ဖြည့်တင်းနိုင်မည် ဖြစ်ကြောင်း၊ အမျိုးသားပညာရေးဥပဒေနှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ များနှင့်ပတ်သက်၍လည်း ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြန်လည်စဉ်းစားလုပ်ဆောင် သင့်သည်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
တင်း ၁၀၀ ထွက်ရှိနိုင်ရေး
မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ယခုနှစ် အတွင်း စိုက်ပျိုးမှုများအောင်မြင်ဖြစ်ထွန်းပြီး ရာနှုန်း ပြည့်နီးပါးအောင်မြင်မှုရရှိကြောင်း၊ သို့သော်အထွက် နှုန်းပျမ်းမျှ ရာခိုင်နှုန်း တင်း ၇၀ ကျော်ခန့်သာရှိသဖြင့် ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း၊ စပါးအထွက်နှုန်းအား ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သောကြောင့် နိုင်ငံခြားဝင်ငွေများ ရရှိမည်ဖြစ်သကဲ့သို့ တောင်သူများအနေဖြင့်လည်း ငွေကြေးပိုမိုရရှိပြီး ပြည်တွင်းငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အလားတူအခြား စိုက်ပျိုးရေးသီးနှံများနှင့် မွေးမြူရေးထုတ်ကုန်များ ကိုလည်း ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက် ကြရန် လိုအပ်သဖြင့် ကောင်စီအဖွဲ့ဝင်များအနေဖြင့် လည်း မိမိတို့ရောက်ရှိရာဒေသများတွင် တိုက်တွန်း ပြောကြားကြစေလိုကြောင်း။
ဒေသဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝမ်းစာဖူလုံမှု မရှိသဖြင့် ဒေသအလိုက် ဝယ်ယူစားသုံးရမှုများရှိ ကြောင်း၊ ထို့ကြောင့် ဒေသအတွင်း စပါးအထွက်နှုန်း တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်၍ ပြင်ပမှ ဝယ်ယူစားသုံးမှုများ လျှော့ချနိုင်ခြင်းဖြင့် ဒေသ အတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ ကောင်းမွန်ပြီး ဒေသတွင်းတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့အတူစားသုံးဆီများ ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မကွေးတိုင်းအား ပထမဆီအိုး၊ တနင်္သာရီတိုင်းဒေသကြီးသည် ဒုတိယဆီအိုးဖြစ် သကဲ့ သို့ ရှမ်းပြည်နယ်သည်လည်း ပဲပုပ်၊ နေကြာ၊ နှမ်းနှင့်ပန်းနှမ်းများ စိုက်ပျိုးနိုင်သဖြင့် ဆီထွက် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ရှမ်းပြည်နယ် ကိုလည်း တတိယဆီအိုးအဖြစ် ဆောင်ရွက်နိုင်သည် ကိုတွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို လည်း မိမိတို့နိုင်ငံ၏ စပါးကျီအဖြစ် သတ်မှတ်ထား ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း များ စိုက်ပျိုးရာတွင် ရယူထားသည့် အချို့မြေများပေါ် တွင် စိုက်ပျိုးမှုများဆောင်ရွက်ထားခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် စည်းကမ်းနှင့်အညီ ဆက်လက်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်သည့် နိုင်ငံတိုင်းတွင် ပြည်တွင်း တိုင်းရင်းသားများရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများဖြင့် ဆောင်ရွက်ကြရကြောင်း၊ မိမိတို့ နိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်က နိုင်ငံတော်တာဝန်အား စတင်တာဝန်ယူချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ဖော်ဆောင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ၁၉၉၀ ပြည့်နှစ်တွင် စတင်လက်ခံခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၌ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံး၊ တရုတ်နိုင်ငံက ဒုတိယအများဆုံးနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်ကြောင်း၊ ယခု အခါ နိုင်ငံရေးအကျပ်အတည်းများကြောင့် ရင်းနှီး မြှုပ်နှံမှုများတုံ့ဆိုင်းခြင်းနှင့် ခေတ္တရပ်ဆိုင်းသွားခြင်း များရှိကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုတွင် ယခင်နှစ် များက နှစ်စဉ်လိုငွေ တစ်ဘီလီယံခန့်ရှိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ခုနှစ်မှစ၍ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၅၃၂ ဒသမ ၃၆ သန်းရှိခဲ့ကြောင်း၊ ဆီသုံးစွဲမှု များကိုပါ လျှော့ချနိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေ များ ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်ပေးရန်လိုပြီး ပြည်ပမှ တင်ပို့မှုများကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ထပ်မံတိုးချဲ့ဖွဲ့စည်းရေး
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ဟူ၍ အဆင့်ဆင့်ရှိကြောင်း အုပ်ချုပ်မှုလုပ်ငန်းများ ယခုထက်ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်အဆင့်များကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိကြောင်းပြော ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံတွေမှာ လည်း ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံ၊ နောက်ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံ OECD နိုင်ငံ၊ အဲဒါတွေရှိတယ်ဆိုပြီး တော့ ကုလသမဂ္ဂကနေပြောထားတာတွေရှိတယ်။ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံများစာရင်း Least Developed Countries ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် ၄၆ နိုင်ငံရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လက ထုတ်ပြန်တဲ့ကိန်းဂဏန်းအရ ဖွံ့ဖြိုးဆဲနိုင်ငံက တော့ ၁၅၂ နိုင်ငံရှိပါတယ်။ နောက်တစ်ခါ စက်မှု ထိပ်သီးနိုင်ငံ G-7 ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒန်း၊ ယူနိုက်တက်စတိတ် နောက် အီးယူနိုင်ငံတွေပါပါတယ်။ နောက် OECD နိုင်ငံတွေ အားလုံး ၃၈ နိုင်ငံရှိပါတယ်။ နိုင်ငံတိုင်းမှာ Class ခွဲလိုက်ရင် ဒီလိုသွားတွေ့တယ်။ ဆိုလိုတာက နိုင်ငံတွေက ကြိုးစားနေရတာပါပဲ။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်။
အထူးသဖြင့် နိုင်ငံကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက နေပြီးတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစား နေရတာပါပဲ။ အကုန်လုံးကတော့ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံတာမြင်ချင်သလိုပါပဲ။ အစိုးရဆိုတာလည်း ပြည်သူ၊ ပြည်သားတွေချမ်းသာဖို့ အတွက်။ အာဏာရှင်တွေက လွဲရင်ပေါ့။ အာဏာရှင် တွေက ဒီလိုမျိုးစိတ်ရှိချင်မှလည်း ရှိလိမ့်မယ်။ သာမန် အားဖြင့် နိုင်ငံတစ်ခုကိုဦးဆောင်နေတဲ့ အစိုးရတို့၊ အဖွဲ့အစည်းတွေဆိုတာကတော့ ကိုယ်စားပြုပြီးသား တွေ၊ ကိုယ့်တိုင်းပြည် ချမ်းသာကြွယ်ဝဖို့အတွက် လိုလားတာဖြစ်ပါတယ်။ အကုန်လုံးကြိုးစားနေတာ။ မကြိုးစားရင်၊ မလုပ်ရင် ဘာမှမဖြစ်ပါဘူး။ လုပ်မှရ မှာ။ အလကားနေပြီးတော့ သဘာဝကပေးတဲ့ဟာ လေးနဲ့ ကျေနပ်နေလို့မဖြစ်ဘူး။ ငြိမ်နေလို့လည်း မရဘူး။ တချို့လည်း မိရိုးဖလာချမ်းသာလို့ဆိုပြီး တော့ ချမ်းသာကြတာတွေရှိတယ်။ တိုင်းပြည်ရဲ့ ထုတ်ကုန်ပစ္စည်းအရချမ်းသာတာ။ ဥပမာအားဖြင့် ပင်လယ်ကွေ့နိုင်ငံတွေဆိုလို့ရှိရင် အရင်တုန်းက ဆင်းရဲတယ်။ ရေနံတို့၊ ဓာတ်ငွေ့တို့ ထွက်လာတဲ့ အခါမှာ ကမ္ဘာမှာအချမ်းသာဆုံးတိုင်းပြည်တွေဖြစ် လာကြတယ်။ ပေးတဲ့သဘာဝကိုက ဖြစ်လာတာ။ ဒီလိုမှမဟုတ်ဘဲနဲ့ သာမန်အားဖြင့် ရှိတဲ့နိုင်ငံတွေ အားလုံးကတော့ ကြိုးစားအားထုတ်မှုနဲ့ အလုပ်လုပ် ကြရမှာဖြစ်ပါတယ်။ ဒီလိုပဲ လူဆိုတာလည်း အလုပ်လုပ် မှ၊ ကြိုးစားမှပဲ တိုးတက်မှုဆိုတာဖြစ်လာလိမ့်မယ်။ ဘာမှမလုပ်ရင်တော့ ကျန်ခဲ့မှာပဲဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်ဘာမှမလုပ်ရင် ကျွန်တော်တို့ တိုင်းပြည်ကျန်ခဲ့လိမ့်မယ်။ ရပ်နေလို့မရဘူး။ အကုန်လုံးက သွားနေကြတယ်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်း က Movement အားလုံးနဲ့၊ Activities အားလုံးနဲ့ သွားနေကြတယ်။ လုပ်ဆောင်ချက်အားလုံးနဲ့သွား နေကြတယ်။ ကိုယ့်တိုးတက်မှုကို ကိုယ်ဖန်တီးပြီး တော့ ကြိုးစားလုပ်နေကြတယ်။ အဲဒီအချိန်မှာ မလုပ်တဲ့တိုင်းပြည်ကတော့ ကျန်ခဲ့မယ်။ လူလည်း ဒီလိုပဲ။ မကြိုးစားဘူးဆိုရင် ကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ရင် လည်းကျန်ခဲ့မှာပဲ။ ဆိုပါတော့ ပညာသင်ဖို့အတွက် ကျောင်းမနေဘူးဆိုရင် သူကျန်ခဲ့မှာပဲ။ အလုပ်လုပ် သင့်တဲ့၊ လုပ်နိုင်တဲ့အချိန်မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုလည်း သူကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ဘဲ နေလို့မရဘူး။ ပညာမသင်ဘဲ နေလို့မရဘူး။ ပညာသင်တဲ့အရွယ်မှာ ပညာသင်ဖို့ လိုကိုလိုတယ်။ အလုပ်လုပ်တဲ့အရွယ်မှာ အလုပ်လုပ်ဖို့လည်းလိုတယ်။ စောင့်ရှောက်ရမယ့် အရွယ်မှာ နိုင်ငံတော်က စောင့်ရှောက်ဖို့လည်းလိုအပ် တယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ ကျောင်း တွေဖွင့်ပေးတယ်။ ပညာသင်ဖို့ဖွင့်ပေးထားတယ်။ ဆေးရုံတွေဖွင့်ပေးထားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာအကုန်လုံး ဆောင်ရွက်နိုင်ဖို့ဖွင့် ပေးထားတယ်။ တစ်ခါအလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ရတဲ့နယ်ပယ်တွေ အများကြီးရှိတယ်။ ဒီမှာလုပ်ကြဖို့ ကျွန်တော် လမ်းကြောင်းတွေဖွင့်ပေးထားတယ်။ ဒီအပေါ်မှာ လည်း စနစ်တကျနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ကျွန်တော်တို့ ကြိမ်ဖန်များစွာပေါ့လေ တိုက်တွန်း တယ်၊ နှိုးဆော်တယ်၊ ပညာပေးတယ်။ အစိုးရဌာနများ ကလည်း ဦးဆောင်ပြီးလုပ်ပေးတယ်။ သို့သော် လည်းပဲ တကယ်လုပ်ရမှာက ဘယ်သူလဲဆိုရင် တာဝန်ရှိတဲ့ ကာယကံရှင်တွေကပဲ လုပ်ကြရမှာဖြစ် တယ်။ သူတို့လုပ်ကြရမှာ။ သူတို့မလုပ်ရင်တော့ ဒီအကျိုးအမြတ်ကို ခံစားရမှာမဟုတ်ဘူး။ ဒီအသီး အပွင့်ကိုခံစားရမှာ မဟုတ်ဘူး။ စောစောကကျွန်တော် ပြောတယ်။ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေ ခံစား ချင်တယ်ဆိုရင်လည်း အလုပ်လုပ်မှပဲခံစားရမယ်။ အလုပ်မလုပ်ဘဲနဲ့တော့ မခံစားရနိုင်ဘူး။ ပညာမသင် ဘဲနဲ့ ပညာတတ်တွေဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ပညာသင်မှပဲပညာတတ်တွေဖြစ်နိုင်တယ်။ ပညာ တတ်တွေဖြစ်လာမှပဲ အလုပ်အကိုင် အခွင့်အလမ်း တွေကပိုပြီးတော့မှ တိုးတက်ဖန်တီးနိုင်ခွင့်တွေပိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားပြီး လုပ်ဖို့လိုပါတယ်။ ကိုယ်မကြိုးစားရင် ကိုယ့်ကိုသူ များက ကျော်တက်သွားမှာပဲ။ အချင်းချင်းကြည့်လိုက် ပါဗျာ မကြိုးစားတဲ့သူတွေ ကျန်ခဲ့တာပဲ။ ကြိုးစားတဲ့ သူတွေ ကျော်သွားတာပဲ။ သူငယ်ချင်းအချင်းချင်းပဲ။ ကြိုးစားအားထုတ်တဲ့သူက ကျော်တက်သွားတယ်။ မကြိုးစားတဲ့သူကကျန်ခဲ့တာပဲ။ ဒါလူ့သဘောသဘာဝ ကြည့်လို့ရှိရင် တိုင်းပြည်လည်း ဒီလိုပဲဖြစ်မှာပါပဲ။ ဒေသလည်း ဒီလိုပဲဖြစ်မှာပါပဲ။ စောစောကပြောတဲ့ ဒေသအလိုက် ဆင်းရဲကွာခြားမှု၊ ဆူကြုံနိမ့်မြင့်ကွာခြားမှု နိမ့်ပါးချင်တယ်ဆိုလို့ရှိရင် နိမ့်ပါးတဲ့တိုင်းပြည်ကလည်း ကြိုးစားအားထုတ်မှုနဲ့ လုပ်ရမယ်။ ကိုယ်လည်း ကြိုးစားရမယ်။ နိုင်ငံတော်ကလည်း ဖြည့်ဆည်းပေးရ မယ်။ ဒေသတွင်းကွာခြားမှုရှိလည်း၊ ဒေသတွင်းမှာ လည်း ဒီလိုမဖြစ်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကလည်း စီမံခန့်ခွဲပေးရမယ်။ ဒေသမှာ ရှိတဲ့ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားရမယ်။ မလုပ်ဘဲနဲ့ တော့ဘယ်ရမလဲ။ ဒါကြောင့် ဒီသဘာဝကို ကျွန်တော်တို့ နားလည်ပြီးတော့မှ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ ဘာလို့ မတိုးတက်စရာအကြောင်းရှိမလဲဗျာ။ ဘာလို့မတိုးတက် ရမလဲ၊ တိုးတက်တာပေါ့။ ငြိမ်းချမ်းရေးလိုချင်လို့ ရှိရင်ငြိမ်းချမ်းတာပေါ့။ စောစောကပြောတဲ့အသီး အပွင့်ခံစားချင်လို့ရှိရင် ငြိမ်းချမ်းရေးကြောင့် ဖြစ်တယ်ဆိုလို့ရှိရင် အဲဒီငြိမ်းချမ်းရေးကို ကျွန်တော်တို့ ရအောင်လုပ်မယ်။ ငြိမ်းချမ်းရေးမှာလည်း ဘာကြောင့် ငြိမ်းချမ်းရေးမရလဲ ဆိုရင်လည်း တိုင်းရင်းသားရေးတို့၊ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့အကြောင်းပြနေတာ။ ဟုတ်ပြီ။ အဲဒီမှာ တကယ့် Fair ဖြစ်တဲ့ဟာကိုစဉ်းစား။ စဉ်းစားပြီးလုပ်မယ် ကျွန်တော်တို့။ နားလည်တဲ့သူ တွေကလည်း နားမလည်တဲ့သူတွေကို လက်တွဲခေါ် ပေးမယ်။ နားမလည်တဲ့သူတွေကို နားလည်တဲ့ သူတွေကနေပြီးတော့ မြှောက်ထိုးပင့်ကော်လုပ်နေ ရင်တော့ ပိုဆိုးသွားမှာပေါ့။ နားမလည်တဲ့သူကို နားလည်တဲ့သူကနေ လက်တွဲခေါ်ပြီးတော့မှ တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ငြိမ်းချမ်းရေးမရစရာအကြောင်း ရှိလဲ။ သူတို့မြှောက်ထိုးပင့်ကော်လုပ်နေလို့ရှိရင်တော့ ဘယ်လိုမှငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီအကျိုးခံစားချင်ရင်တော့။ အဲဒီအကျိုး ကို ခံစားဖို့အတွက်တော့ အားလုံးဝါယမစိုက်ထုတ်ပြီး လုပ်ဖို့လိုတယ်ဆိုတာလေး လူ့ရဲ့သဘောသဘာဝ ကြည့်ပြီးတော့ မြင်လို့ရပါတယ်။ ဒါကြောင့် ကောင်စီ ဝင်များအနေနဲ့ ဒါကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ မှ လုပ်ကိုင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်” ဟု ပြောကြားသည်။
ဥပဒေနှင့်ညီညွတ်မှုမရှိ
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က ယခင်အစိုးရလက်ထက်တွင် ဥပဒေနှင့်ညီညွတ်မှု မရှိဘဲ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီမှုနှင့် နိုင်ငံတကာစာချုပ်များကို ပြန်လည် သုံးသပ်ပယ်ဖျက်ရေး၊ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ် ပြီး ၎င်းတို့၏ အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ပေးရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုငယ်များ၏ လူမှုဘဝများ လုံခြုံမှုရှိစေရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မတည် ဆောင်ရွက်ပေးရေး၊ အုပ်ချုပ်ရေးတွင် အဓိကကျသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ် ရာတွင် နိုင်ငံရေးအရောင်အသွေးကင်းရှင်းပြီး အများ ကြည်ညိုလေးစားသည့်ပုဂ္ဂိုလ်ကို ရွေးချယ်တာဝန် ပေးအပ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန်လာစေရန် ဆောင်ရွက်သင့်သည့် အစီ အမံများ၊ ဘဏ်များ၌ ငွေထုတ်ယူရာတွင် ယခုထက် ပိုမို အဆင်ပြေချောမွေ့စေရေး၊ အကျဉ်းထောင်များရှိ အကျဉ်းသားများ ဥပဒေနှင့်အညီ အခွင့်အရေးရရှိရန် ကြပ်မတ်ဆောင်ရွက်ရေး။
ရှင်းလင်းတင်ပြ
သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ဥပဒေနှင့် အညီ သစ်ထုတ်လုပ်ပြီးသည့်နေရာများ၌ ကျန်ရှိနေ သည့် သစ်မြစ်ဆုံ၊ သစ်ငုတ်များကိုထုတ်ယူ၍ အကျိုး ရှိစွာ အသုံးပြုနိုင်ရေး၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှု ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်နေမှုကို ကြပ်မတ်ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးရေး၊ တက္ကသိုလ်များရှိ စာကြည့်တိုက်များတွင် လိုအပ်သည့်ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများ ဖြည့်ဆည်းပေးရေး၊ လွိုင်ကော်မြို့နှင့် ဒီမော့ဆို မြို့နယ်တို့တွင် ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် ရေးနှင့် တရားဥပဒေစိုးမိုးမှု ရရှိရေးအတွက် လိုအပ် သည့် အစီအမံများ ချမှတ်ဆောင်ရွက်ရေး၊ ကျိုက်မရော ဘိလပ်မြေစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းရေးအတွက် လျာထား ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တောင်သူ လယ်သမားများနှင့် အလုပ်သမားများ၏ တွေ့ဆုံပွဲ များကို သင့်တော်သည့်အချိန်တွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသား များ၏ အခွင့်အရေးကိစ္စများ စဉ်းစားဆောင်ရွက် ရာတွင် လူမျိုးစုအနည်းငယ်အတွက်သာ စဉ်းစား ဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်းသားအားလုံး၏ အရေးကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများနှင့် စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန် ပေးအပ်ရာတွင် ပါတီနိုင်ငံရေးကင်းစင်သူများဖြစ် စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ပါတီနိုင်ငံရေး အရောင်အသွေးပါဝင်လာ ပါက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ ရှိကြောင်း။
အကျဉ်းသားများ ဥပဒေနှင့်အညီအခွင့်အရေး ရရှိရန် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သစ်ထုတ်ပြီးသည့်ဒေသများတွင် သစ်မြစ်ဆုံများ ထုတ်ယူရေးကိစ္စတွင် ဥပဒေနှင့်အညီ ရိုးရိုးသားသား ဆောင်ရွက်ကြရန်လိုကြောင်း၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်နေမှုကို ကြပ်မတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အပါ အဝင် အခြားဒေသများ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ တင်ပြကြစေလိုကြောင်း၊ သို့မှသာ အချိန်မီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသများရှိ ယဉ်ကျေးမှုပြတိုက်များကို တိုးချဲ့၍ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ် များရှိ စာကြည့်တိုက်များတွင် လိုအပ်သည့် စာအုပ် စာစောင်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရန်ပုံငွေ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း။
ဆွေးနွေးပြောကြား
ခရိုင်များတိုးချဲ့ဖွဲ့စည်းရာတွင် ခရိုင်ဒေသ၏ အားထားရမှု အခြေအနေ၊ သွားလာရေးလွယ်ကူမှုနှင့် အုပ်ချုပ်ရေးအတွက် အရေးပါမှုများကို ထည့်သွင်း စဉ်းစားပါကြောင်း၊ ထို့ပြင် ခရိုင်ဒေသ၏ စီးပွားရေး အရ ဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနှင့် အခြားအရေးပါမှုများကို လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရကြောင်း၊ ကျိုက်မရောမြို့ ဘိလပ်မြေစက်ရုံ ပြန်လည်လည်ပတ် နိုင်ရေးနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် ကျိုက်မရော ဘိလပ်မြေစက်ရုံ အပါအဝင် စက်ရုံပေါင်း ၂၀ ရှိကြောင်း၊ စက်ရုံ ၁၀ ရုံမှာ လည်ပတ်လျက်ရှိပြီး အခြားစက်ရုံများ မှာ ရပ်ထားရပါကြောင်း၊ မလည်ပတ်နိုင်သည့် စက်ရုံ အချို့မှာ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး စသည့် လိုအပ်ချက်များ မရရှိသည့်အတွက် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးရရှိရေးအတွက် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူသည့် အချိန်တွင် ပြည်ထောင်စုနေ့သည် စိန်ရတုနှင့် တိုက်ဆိုင်သည့်အတွက် သမိုင်းမှတ်တမ်းကျန်ရှိ စေရန် ခမ်းခမ်းနားနား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် ပြည်သူလူထု ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် လူနေမှုဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးတို့ တိုးတက်ရမည်ဖြစ်ကြောင်း၊ တိုးတက်ရေးအတွက် လေးစားမှုနှင့် အလေးထားမှု သည် အရေးကြီးကြောင်း၊ လေးစားမှုနှင့် အလေး ထားမှုသည် မိမိတို့လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင် မရှိမဖြစ် ထားရှိရမည့် စိတ်ဓာတ်ဖြစ်ကြောင်း၊ အထူးသဖြင့် အချိန်ကိုလေးစားပြီး အလုပ်ကို အလေးထားလုပ်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့ လူမှုနယ်ပယ်တွင် အချိန်နှင့်အလုပ်ကို လေးစားမှု၊ အလေးထားမှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ကောင်စီဝင်များအနေဖြင့် ပြည်သူ လူထုကို စည်းရုံးဆောင်ရွက်ကြရာတွင် လေးစားမှုနှင့် အလေးထားမှုကို ရှင်းလင်းဆွေးနွေးကြစေလိုကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်