မိမိတို့နိုင်ငံအနေဖြင့် ကြိုးစားဆောင်ရွက်မည်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်

 

 စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်  နိုင်ငံတော်အနေဖြင့်  စီစဉ်ဆောင်ရွက်လျက်ရှိ   
 ၁၂  နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်

နေပြည်တော်   စက်တင်ဘာ  ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင် ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊  စောဒန်နီယယ်၊     ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။


 ကြပ်မတ်ဆောင်ရွက် 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က       အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ကုသ၊  ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထူးအလေးထား ကြပ်မတ်ဆောင်ရွက် ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနေဖြင့် စက်တင်ဘာ ၂၃ ရက်အထိ ၂၃၁ သန်း ကျော်၊ သေဆုံးသူ ၄ သန်း ၇ သိန်းကျော်ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကူးစက်မှု ဆဋ္ဌမမြောက်နှင့်   သေဆုံးမှု  စတုတ္ထအများဆုံး ဖြစ်ကြောင်း၊ ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ စက်တင်ဘာ   ၂၃  ရက်အထိ  ရောဂါဖြစ်ပွားသူ ၄၅၃၄၀၇ ဦးရှိပြီး သေဆုံးသူ ၁၇၃၄၃ ဦးရှိကြောင်း၊ အာဆီယံနိုင်ငံများ၌ အင်ဒိုနီးရှားနိုင်ငံတွင် ကူးစက်မှု နှုန်း ၄ သန်းကျော်၊ သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိသဖြင့် ကူးစက်မှုအများဆုံးဖြစ်ကြောင်း၊ ဒုတိယ ကူးစက်မှုအများဆုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂ သန်း ၄ သိန်းကျော်၊ သေဆုံးသူ ၃ သောင်း ၇ ထောင် ကျော်ရှိကြောင်း၊ တတိယ ကူးစက်မှု အများဆုံးအနေဖြင့် မလေးရှားနိုင်ငံတွင် ၂ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၂ သောင်း ၄ ထောင် ကျော်ရှိကြောင်း၊ စတုတ္ထကူးစက်မှု အများဆုံးအနေ ဖြင့် ထိုင်းနိုင်ငံတွင် ၁  ဒသမ  ၅  သန်း၊  သေဆုံးသူ ၁  သောင်း ၅ ထောင်ကျော်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း ဇူလိုင်လအတွင်း ကူးစက်မှုရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဖြင့် ဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း။


ဆက်လက်ထိုးနှံပေးသွားမည်


ရောဂါကူးစက်မှုနှုန်းများ   ကျဆင်းမှုကြောင့် ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ရုံးများ အား နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါကူးစက်မှု ရာခိုင်နှုန်းသည် ၅ ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ စိတ်ချရသည့် အခြေအနေဖြစ်သဖြင့် စာသင်ကျောင်း များအား အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထား မည်ဖြစ်ကြောင်း၊ စီနိုဗက်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများသည် အသက် ၁၂ နှစ်နှင့်အထက် ကလေး များအား ထိုးနှံနိုင်သည်ဟုသိရှိရကြောင်း၊ ထို့ကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချလက်ချ ပညာသင်ကြားနိုင်ရေးအတွက် ယခုလကုန်အတွင်း ရောက်ရှိမည့်  တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂  သန်းအား ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခုအခါ တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ သိန်းခန့် ထိုးနှံပေးလျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်းရရှိထားပြီး ဖြစ်၍ ယနေ့နံနက်အထိ ၉၇၄၆၅၄၇ ဦး ထိုးနှံပြီးဖြစ် ကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦး ရှိပြီဖြစ်ကြောင်း၊   အောက်တိုဘာလတွင်လည်း ကာကွယ်ဆေးအလုံးရေ ၁၀ သန်း ရောက်ရှိမည်ဖြစ်ပြီး စဉ်ဆက်မပြတ်   ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကာကွယ် ဆေး၊  ကုသဆေးနှင့်  အောက်ဆီဂျင်များရရှိရေး အတွက် အလေးထား ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ရောဂါကူးစက်မှုနှုန်းများ   ကျဆင်းလာခြင်းဖြစ် ကြောင်း၊ တစ်ဖက်မှလည်း ပြည်သူလူထုအနေဖြင့် သတိတရားရှိရှိ   ပူးပေါင်းပါဝင်ဆောင်ရွက်လာမှု ကြောင့်ဖြစ်ကြောင်း၊ သို့သော် အချို့သော တိုင်းဒေသ ကြီး၊   ပြည်နယ်များနှင့်  နယ်စပ်ဒေသများတွင် ကူးစက်မှုနှုန်းများနေသေးသည်ကို တွေ့ရှိရကြောင်း၊ ကူးစက်မှုနှုန်းကျဆင်းသည့် မြို့နယ်များအား Stay at  Home  သတ်မှတ်ထားမှုအား  ဖြေလျှော့ပေးခဲ့ ကြောင်း။


ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေသည့် ကာလအတွင်း   သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ကုန်ထုတ်လုပ်မှုစရိတ်များနှင့် ကုန်ဈေးနှုန်းမြင့်တက် မှုများ အထိုက်အလျောက် ဖြစ်ပေါ်နေကြောင်း၊ မိမိတို့ နိုင်ငံသည်      စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များနှင့်ပတ်သက်၍ ပြတ်လပ်မှုမရှိ ကြောင်း၊ စားသောက်ကုန်များအား စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် များမှ တာဝန်ရှိသူများနှင့် တပ်မတော်မှ တာဝန်ရှိသူ များအနေဖြင့် မျက်ခြည်မပြတ် ဆောင်ရွက်နေမှု ကြောင့်  စားရေးနှင့်ပတ်သက်၍    အဆင်ပြေမှုများ ရှိကြောင်း၊ ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသဖြင့် ဆည်များအတွင်း    ရေကောင်းစွာဝင်ရောက်၍ စိုက်ပျိုးရေအတွက်   လုံလောက်စွာ  ရရှိလျက်ရှိ ကြောင်း၊ အဆိုပါစိုက်ပျိုးရေများကိုလည်း စိုက်ပျိုး ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်နှင့်    မိုးစပါးအတွက်   အောင်ရေ လုံလောက်စွာရရှိရေး ကြိုတင်မျှော်တွေးပြီး စီမံထား ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် အဓိကစိုက်ပျိုးရေးသီးနှံအဖြစ် ဆောင် ရွက်ရန်လိုပြီး မိမိတို့အနေဖြင့် ဝါစိုက်ပျိုးရေးလုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံအတွင်း ဆီဖူလုံမှုရှိစေရေး


အလားတူ မိမိတို့နိုင်ငံတွင်  ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော်လည်း      ပြည်တွင်းဆီဖူလုံမှု မရှိသဖြင့်   စားသုံးဆီများအား ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း၊  ထို့ကြောင့်  နိုင်ငံအတွင်း ဆီဖူလုံမှုရှိစေရေး အထူးသဖြင့် ဆီထွက်အားကောင်း သည့် ဆီအုန်း၊ ပန်းနှမ်း၊ နေကြာ၊ ပြောင်းနှင့် ပဲပုပ် တို့ကို စိုက်ပျိုးကြရန်လိုကြောင်း၊ ကျန်းမာရေးအတွက် ဆီစားသုံးမှုများလျှော့ချပြီး     တစ်ဖက်မှလည်း ပြည်တွင်း ဆီထုတ်လုပ်မှုကိုမြှင့်တင်ခြင်းဖြင့် ပြည်ပ မှ စားသုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်ပြီး ပြည်ပ ငွေသုံးစွဲမှုများ      များစွာလျှော့ချနိုင်မည်ဖြစ် ကြောင်း။


လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု


စွမ်းအင်နှင့်ပတ်သက်၍    လျှပ်စစ်ထုတ်လုပ် ရာတွင်   ရေအား၊  နေရာင်ခြည်စွမ်းအင်၊  ဒီဇယ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များအသုံးပြု၍ ထုတ်လုပ်ခြင်းများရှိကြောင်း၊   မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်မှုများအား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းကို အပြည့်အဝ    အသုံးချဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွင်း လိုအပ်ချက်ကိုသာမက ပိုလျှံအောင်ပါ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အပြည့်အဝ အသုံးချခြင်းမပြုနိုင်သည့်အတွက်  ကုန်းတွင်းနှင့် ကမ်းလွန်ဓာတ်ငွေ့များမှ   တချို့အား   ပြည်ပသို့ ရောင်းချ၍ တချို့အား ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိကြောင်း၊ စက်ရုံအလုပ်ရုံများတွင်    အသုံးပြုရန်အတွက် ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ မဖြစ်မနေလိုအပ် ချက်ရှိကြောင်း၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ လုံလောက်စွာ ရရှိမှုမရှိခြင်းကြောင့်  အချို့စက်ရုံ၊ အလုပ်ရုံများ    ပိတ်ထားရသဖြင့်   ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများအား  စက်မှုလုပ်ငန်းများတွင် အသုံးချနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ အသုံး ပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လျှော့ချ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်တို့မှ ထုတ်ယူအသုံးပြုနိုင်ရန် လျှပ်စစ်မူဝါဒအဖြစ် ချမှတ်အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။ 


ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   ဦးစားပေးဆောင် ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက် ၍ လိုအပ်သည့်  ပညာရပ်များအား  တတ်မြောက် စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကျောင်းများ၊ သိပ္ပံများဖွင့်လှစ်၍ ထိုမှတစ်ဆင့်   ကောလိပ်များနှင့်  တက္ကသိုလ်များ အဆင့်အထိ   မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ထုတ်ကုန်များအား ပြည်တွင်းဖူလုံစွာ စားသုံး နိုင်သကဲ့သို့ ပိုလျှံသည့် စားကုန်များကိုလည်း ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ပြည်ပဝင်ငွေ များ ရရှိစေမည်ဖြစ်ကြောင်း။


ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်


မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသာယာ  ဝပြောရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်းမွန်မှု၊   အလုပ်အကိုင်ရရှိမှု၊  ရောဂါ ကင်းစင်မှု၊   ရာသီအလိုက်  ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်မှုများရှိရမည်ဖြစ်သဖြင့် မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊   မိမိတို့နိုင်ငံအနေဖြင့်  ကြိုးစား ဆောင်ရွက်မည်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံ များတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင် ကြောင်း၊ နိုင်ငံအတွင်း မြေပေါ်၊ မြေအောက်သယံ ဇာတများ၊   ပညာတတ်များနှင့်  လုံလောက်သော လူ့စွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်၍ ကြိုးစား လုပ်ဆောင်လျှင် မဖြစ်နိုင်စရာမရှိကြောင်း၊ မိမိတို့ နိုင်ငံသားများတွင် မိသားစုစိတ်ဓာတ် ရှိပြီး တစ်ဦးနှင့် တစ်ဦး  ရိုင်းပင်းကူညီချင်စိတ်များ ရှိကြကြောင်း၊ နိုင်ငံအတွင်း နိုင်ငံသားအားလုံးသည် တစ်ဦးချင်း  ဝင်ငွေနှင့်လျော်ညီသည့် ဈေးနှုန်းများဖြင့် စားသောက် နိုင်ရေးနှင့်   လူတန်းစေ့နေနိုင်အောင် ပထမဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း။


ငြိမ်းချမ်းရေးရရှိရန် လိုအပ်


ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုအချိန် အထိ  ရာနှုန်းပြည့် ငြိမ်းချမ်းမှုမရရှိသေးကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း၊      ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီ၏ အခြေအနေကို နားလည်ရန်နှင့် နိုင်ငံ၏ ပကတိအခြေအနေအား နားလည်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအရ ဥပဒေနှင့် အညီ ရွေးချယ်ခြင်းခံရသူများက ဦးဆောင် ဆောင် ရွက်ကြခြင်းဖြစ်ကြောင်း၊ သို့သော် လူနည်းစု၏ဆန္ဒ ကိုလည်း အလေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် ၁၈၈၆ ခုနှစ်မှစ၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ကိုလိုနီလက်အောက်   ကျရောက်နေချိန်အတွင်း မိမိတို့နိုင်ငံရှိ  လူငယ်များအနေဖြင့်  လွတ်လပ်ရေး လိုလားသည့်အတွက် နိုင်ငံရေးလေ့လာမှုများပြုလုပ် ခဲ့ရာမှ ဆိုရှယ်လစ်အယူအဆများ ရရှိလာခဲ့ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ မတူညီသည့် နိုင်ငံရေးအယူ အဆများ ပါရှိလာကြောင်း၊ လွတ်လပ်ရေးရခါစတွင် ယင်းမတူညီသော နိုင်ငံရေးအယူအဆနှင့် တိုင်းရင်း သားရေးရာအရ ပဋိပက္ခများ ပြင်းထန်လာခဲ့ကြောင်း။


လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဖဆပလအစိုးရ တက်လာသော်လည်း အဆိုပါအဖွဲ့အတွင်း လက်ဝဲ အယူအဆနှင့်        လက်ယာအယူအဆကွဲလွဲသူ များ   ပါဝင်ပြီး    လုပ်ငန်းများ  ဆောင်ရွက်ချိန်တွင် သဟဇာတမရှိဘဲ   သဘောထားကွဲလွဲမှုများ   ရှိခဲ့ ကြောင်း၊    နိုင်ငံရေးအရ  မတည်ငြိမ်မှုများနှင့် တိုင်းရင်းသားပဋိပက္ခများ ဖြစ်ပေါ်လာခြင်းကြောင့် ၁၉၅၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား    ခြွင်းချက်ပြု၍   ဗိုလ်ချုပ်ကြီး နေဝင်းထံ အိမ်စောင့်အစိုးရတာဝန်အား ပေးအပ်ခဲ့ရကြောင်း၊ ၁၉၆၂ ခုနှစ်တွင်လည်း တပ်မတော်မှ တော်လှန်ရေး ကောင်စီ ဖွဲ့စည်း၍ တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တပ်မတော်တွင်း၌ ဆိုရှယ်လစ် အယူအဆရှိသူများ     ရှိခဲ့ကြောင်း၊   နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် သဘော ထားကွဲလွဲမှုများကြောင့် တစ်ပါတီစနစ်ဖြင့် သွားရေး သာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ လူငယ်များနှင့် တိုင်းရင်းသားအဖွဲ့များတွင် ဆိုရှယ်လစ်အယူအဆ များနှင့် ဒီမိုကရေစီအယူအဆများ ကွဲလွဲခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရတာဝန်ယူချိန်တွင် ဒီမိုကရေစီစနစ်ဖြင့်   ဆောင်ရွက်ရန်  ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော်လည်း   အသားမကျသေးသည့် အတွက် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို    လျှောက်လှမ်းနိုင်ရန်အတွက် ပြောင်းလဲမှုများအား    တစ်ဆင့်ချင်းဆောင်ရွက်ခဲ့ ကြောင်း၊ အုပ်ချုပ်မှုစနစ်နှင့် လိုက်လျောညီထွေရှိ သော ဈေးကွက်စီးပွားရေးစနစ်များကို ပြောင်းလဲ   ခဲ့ကြောင်း။


၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းခဲ့ပြီး နိုင်ငံရေးပါတီများ အသီးသီး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သဖြင့် နိုင်ငံရေးအရ စိတ်ဝမ်းကွဲရန်အကြောင်းမရှိကြောင်း၊   နိုင်ငံရေးအား  ဥပဒေနှင့်ညီညွတ်စွာဆောင်ရွက်နိုင်ပြီး ပိတ်ပင်ထားခြင်းများ မရှိကြောင်း၊ လက်ရှိနိုင်ငံရေးစနစ်အား မှန်မှန်ကန်ကန် အသုံးချ ရန်လိုကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသား များအနေဖြင့် ပညာသင်ကြားချိန်တွင် ပညာရေး လမ်းကြောင်းပေါ်တွင်သာ    လျှောက်လှမ်းရန် လိုကြောင်း။


ကောင်စီဝင်များအနေဖြင့် နိုင်ငံရေးအရပကတိ အခြေအနေ၊    စီးပွားရေးအရ  ပကတိအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးနှင့်   ပတ်သက်၍  ပကတိ အခြေအနေများအပေါ်တွင် စဉ်းစား၍ ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ၏အကျိုးအတွက် ထိရောက်စွာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊   ကူးပြောင်းမှုကာလတွင် ပြည်သူများအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဆိုပါက   အားလုံးတည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊    နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင်  လွတ်လပ်စွာတွေးခေါ်၍  နိုင်ငံအတွက် ဖြစ်သင့်သည့် စကားမျိုး၊ ဖြစ်သင့်သည့်အလုပ်မျိုးများ ဆောင်ရွက်မည်ဆိုပါက အကျိုးရှိမည်ဖြစ်ကြောင်း။


အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးမလိုလား


မိမိတို့နိုင်ငံတွင်     ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး     တိုင်းရင်းသားအားလုံး ရှေးယခင်ကတည်းက  စုပေါင်းနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊   အိမ်နီးချင်းနိုင်ငံ များနှင့် နယ်နိမိတ်သတ်မှတ်ချက်များ တည်ရှိပြီး အချုပ်အခြာအာဏာပိုင်သော   နိုင်ငံတစ်နိုင်ငံဖြစ် ကြောင်း၊ နိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး တူညီသည့် စိတ်ဆန္ဒ၊ တူညီသည့် အခွင့်အရေးများဖြင့်  နေထိုင်ကြရန် လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲသည့် နိုင်ငံရေးသမားများအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ စနစ်အပေါ်တွင်  မှန်ကန်သည့်အမြင်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်  လိုကြောင်း၊  နိုင်ငံတကာတွင် လည်း ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ရန်အတွက်  ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနည်းလမ်းမကျသည့် လက်နက်ဖြင့် အနိုင် ကျင့်၍ လူထုအား  အကြောက်တရားဖြင့် အုပ်ချုပ် ခြင်းမျိုးကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ရိုက် ဆောင်ရွက်ခြင်းမရှိဘဲ    သက်ဆိုင်ရာ  အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ   ဆောင်ရွက် နေခြင်းဖြစ်ကြောင်း။
တိုးတက်အောင် ဆောင်ရွက်ပေးရန်လို
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးညီညွတ် မျှတရန်လိုကြောင်း၊ အထူးသဖြင့် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှုမရှိသေးသည့် နေရာဒေသများအား ဦးစားပေးဆောင်ရွက်ရန်   လိုကြောင်း၊  ဒေသများ ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း၊   ဒေသခံပြည်သူများ၏ ကျန်းမာရေး၊  ပညာရေး၊  လူမှုရေးနှင့်  စီးပွားရေး လုပ်ငန်းများကို  တတ်နိုင်သမျှ  တိုးတက်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊      လက်နက်ကိုင် ဖြေရှင်းသည့်လမ်းစဉ်အား  မိမိအနေဖြင့် မလိုလား ကြောင်း၊ သို့သော် ပြည်သူများ၏ အသက်အိုးအိမ်  စည်းစိမ်လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်းများ ရှိကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ပြည်သူ များလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း အား လျှောက်လှမ်းရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊   ထို့ကြောင့်  မိမိတို့အနေဖြင့် ဦးဆောင်၍    ကြိုးပမ်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။


ရှင်းလင်းဆွေးနွေးတင်ပြ


ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊    ဒေါက်တာဗညားအောင်မိုးနှင့်  ဦးရွှေကြိမ်းတို့က   မျိုးဆက်သစ်လူငယ်များနှင့် အနာဂတ်လူငယ်များကို   နိုင်ငံရေးပညာပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများက အချက်အလက်များ ကို စနစ်တကျလေ့လာပြုစုပြီး ဖြေရှင်းဆောင်ရွက် ရေး၊ နိုင်ငံရေးမသမာမှုများအရ တရားစွဲဆိုထား သည့် ပုဂ္ဂိုလ်အချို့၏အမှုများကို ပြန်လည်ရုပ်သိမ်း ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေး ပြဋ္ဌာန်းချက်အား ပြုပြင်နိုင်ရေး၊ ပရိပတ္တိ နှင့် ပရိယတ္တိစာသင်တိုက်များမှ ရဟန်းသံဃာတော် များအတွက် ပြည်သူအားလုံးပါဝင်သည့် လှူဒါန်းမှု များ ဆောင်ရွက်ပေးရေး၊ စာသင်ကျောင်းများအား သင့်လျော်သည့်အချိန်   ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးအတွက် နိုင်ငံခြားဝင်ငွေရရှိရန်  အထွက် နှုန်းကောင်းပြီး အနံ့အရသာကောင်းမွန်သည့်ကော်ဖီ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရေး၊ အမျိုးသားလုံခြုံရေး ဥပဒေပါ လူဦးရေဆိုင်ရာ လုံခြုံရေးအတွက် အလေး ထားဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာအားကစားအဖွဲ့ ချုပ်များ စနစ်တကျဖွဲ့စည်းရေး၊ ဝန်ကြီးဌာနများတွင် စက်သုံးဆီနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေး၊ လျှပ်စစ် မီတာခများ အရစ်ကျစနစ်ဖြင့် ပေးသွင်းခွင့်ပြုရေး၊  ချင်းပြည်နယ်တွင်  ဒေသဝမ်းစာဖူလုံရေးအတွက် ဝဥစိုက်ပျိုးထုတ်လုပ်ရေးအတွက်   ပံ့ပိုးကူညီရေး၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အရည်အသွေးမပြည့်ဝသဖြင့် ပျက်စီးမှုများ ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမဖြစ်ပေါ် အောင် ကြပ်မတ်ဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရေး၊ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့များက  ပြည်သူလူထုအပေါ်  နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ ဘုရားသုံးဆူ- သံဖြုဇရပ် မော်တော်ကားလမ်း အပြီး ဖောက်လုပ်ပေးရေး၊ မွန်ပြည်နယ်ယဉ်ကျေးမှုပြတိုက် ဆောက်လုပ်ရန် မြေနေရာရရှိရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်နှင့်   စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေမှုများအား စိစစ်ကြပ်မတ်ဆောင်ရွက် ရေး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသ အဆင့် ဌာနဆိုင်ရာရုံးများ တိုးချဲ့ဖွင့်လှစ်ပေးရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြ ဆွေးနွေးချက်များအပေါ် အမျိုးသားရေးနှင့် စပ်လျဉ်း ၍    နိုင်ငံရေးအရ   အမှုဖွင့်အရေးယူထားမှုများကို ပြန်လည်စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက် ကလည်း အခြားဥပဒေများနှင့် ငြိစွန်းမှုရှိ၊ မရှိကို စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ ပရိပတ္တိနှင့် ပရိယတ္တိ စာသင်တိုက်များမှ ရဟန်းသံဃာတော်များအတွက် ပြည်သူအားလုံးပါဝင်သည့်လှူဒါန်းမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊    စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်   နိုင်ငံတော်အနေဖြင့်  စီစဉ် ဆောင်ရွက်လျက်ရှိပြီး    ၁၂    နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ Robusta ကော်ဖီစိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်း၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအခြေ အနေတွင် ပြင်ဦးလွင်၊  ပင်လောင်းနှင့်  ရွာငံဒေသ တို့တွင် စိုက်ပျိုးလျက်ရှိသည့်  Arabica  ကော်ဖီ ဈေးနှုန်းကောင်းမွန်ပြီး ဈေးကွက်ရရှိနေကြောင်း။


အခွန်ငွေရရှိရန်  အရေးကြီး


အမျိုးသားလုံခြုံရေးဥပဒေနှင့်စပ်လျဉ်း၍ ဆောင် ရွက်သင့်သည်များကို ဆောင်ရွက်နိုင်ရန် ဆွေးနွေး လျက်ရှိကြောင်း၊ လူဦးရေလုံခြုံရေးနှင့် စပ်လျဉ်း၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာအားကစားများ အရှေ့ တောင် အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနများတွင် စက်သုံးဆီ၊ လျှပ်စစ်မီး နှင့် တယ်လီဖုန်းသုံးစွဲမှုများကို စနစ်တကျရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်များရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ      ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အခွန်ငွေရရှိရန် အရေးကြီးကြောင်း။ 


ပုဒ်မ ၅၀၅ ဖြင့် အရေးယူထားမှုများနှင့် စပ်လျဉ်း ၍   စိစစ်၍   အမှုရုပ်သိမ်းပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်တွင် ဒေသဝမ်းစာဖူလုံရေးသည် အရေး ကြီးသည့်အတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  သမဝါယမချေးငွေရရှိရေး အတွက်    ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊    မွန်ပြည်နယ်      ယဉ်ကျေးမှုပြတိုက် တည်ဆောက် နိုင်ရေးအတွက်  မြေနေရာခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် ဘုရားသုံးဆူ -သံဖြူဇရပ် မော်တော်ကားလမ်းကို  အဆင့်မြှင့်တင်ပေးလျက် ရှိကြောင်း၊   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ဒေသအဆင့် ဌာနဆိုင်ရာများထားရှိရေး ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


နယ်စပ်ကုန်သွယ်မှုတွင် တိုးတက်လျက်ရှိ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် လက်ရှိအခြေနေတွင် စီးပွားရေးနှင့် စပ်လျဉ်း၍ ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကျဆင်းလျက် ရှိကြောင်း၊    သို့သော်   နယ်စပ်ကုန်သွယ်မှုတွင် တိုးတက်လျက်ရှိကြောင်း၊    ထို့ကြောင့်   နယ်စပ် ကုန်သွယ်ရေးဂိတ်များကို  Normal   Trade  ပုံစံ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍတိုးတက်ရန်အတွက် စိုက်ပျိုးရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင် သွားရန် လိုအပ်ကြောင်း၊ ဈေးကွက်ရှိပြီးဖြစ်သည့် အတွက် ဆန်စပါး၊ သား၊ ငါး၊ သစ်သီးဝလံနှင့် ပဲတို့ကို သတ်မှတ်အရည်အသွေးပြည့်မီအောင်    စိုက်ပျိုး ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ ရေထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလေလံဈေး  တည်ဆောက်ရန်  ခွင့်ပြုပေးထား ကြောင်း၊ ထို့ပြင် ထားဝယ်၊ သီလဝါတို့တွင် အထူး စီးပွားရေး ဖွံ့ဖြိုးရေးဇုန်များ ဆောင်ရွက်လျက်ရှိပြီး ပုသိမ်မြို့တွင် စက်မှုဇုန်တည်ဆောက်ရန် ခွင့်ပြုပေး ထားပြီဖြစ်ကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မှသာ လူဦးရေအချိုးကျလာ မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်လည်း ဒေသထွက်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်း များ တိုးတက်စေရန်နှင့် ကုန်ချောထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပေါ်၊ မြေအောက် သယံဇာတကိုအခြေခံသည့် စီးပွားရေးသည် အကန့် အသတ်ရှိကြောင်း၊ သို့ဖြစ်၍ ဒေသထွက်ကုန်များကို အခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် တတိယလှိုင်းအတွက်သာမက စတုတ္ထ လှိုင်းအတွက်ပါ ထည့်သွင်းစဉ်းစားထားပါကြောင်း၊ ထို့ကြောင့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ၌  အောက်ဆီဂျင်သုံးစွဲမှု အမြင့်ဆုံးကာလတွင်လည်း အလုံအလောက် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း။
စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သည် နိုင်ငံအတွက်အရေးကြီးကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နိုင်ရန် လိုအပ်ပြီး ပြည်သူများ   ပူးပေါင်းပါဝင်ရန်  လိုအပ်ပါကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း    ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်