မိမိတို့ဘဝ၊ မိမိတို့နိုင်ငံအတွက် ဝိုင်းဝန်းကူညီ

အယ်ဒီတာ့အာဘော်

==============

 

မိမိတို့ဘဝ၊ မိမိတို့နိုင်ငံအတွက် ဝိုင်းဝန်းကူညီ

================================

 

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ရခိုင်ပြည်နယ်တွင် အရှိန်အဟုန် ဖြင့် မြင့်မားလာသော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ တည်ငြိမ်စပြုလာ သော်လည်း ရန်ကုန်မြို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်နေသည်။ ရခိုင်ပြည်နယ်တွင် ရောဂါဖြစ်ပွားမှု အရှိန်မတက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါကို စတင်ထိန်းချုပ်နိုင်ပြီဟု ခန့်မှန်းနိုင်သည်။ သို့သော် ရန်ကုန်တွင် တစ်နေ့လျှင် လူတစ်ရာခန့် ရောဂါဖြစ်ပွားနေဆဲဖြစ်ရာ ကိုဗစ်စိန်ခေါ်မှုကြီးကို ကျော်လွှားထိန်းချုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်သည်။

 

အရေးကြီးသည်မှာ ရောဂါရှိနေသူများကို မြန်မြန်ရှာဖွေပြီး မြန်မြန် ကုသပေးရန် လိုအပ်နေသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပြန်လာသည့် ပြည်သူများ၏ အမည်စာရင်းကို အသိပေး ထုတ်ပြန်ခဲ့ရာ ထက်ဝက်ခန့်သာဆက်သွယ်ပြီး ကျန်ထက်ဝက်မှာ ဆက်သွယ်သတင်းပို့ရန် ပျက်ကွက်နေသည်။ ထို့ကြောင့် မဆက်သွယ်သည့် အတွက် လိပ်စာများနှင့်ပါ ထပ်မံထည့်သွင်းကြေညာသွားမည် ဖြစ်ကြောင်း၊ သို့မှသာ ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းနှင့် မိတ်ဆွေများက မည်သူမည်ဝါ ဖြစ်သည်ကို သိရှိမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စကို လွှတ်ထား၍မရပါကြောင်း၊ ရက်အပိုင်းအခြား၊ အချိန်အတိုင်းအတာတစ်ခုပေးမည် ဖြစ်ကြောင်း၊ ထိုအချိန်အတွင်း မိမိသဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်ပိုင်းမှ မိမိပါမှန်းသိပါက အရေးယူမည် ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည့် သတင်း မပို့သောခရီးသည်များအား အရေးယူရာတွင် နိုင်ငံတော်အစိုးရက အပြစ်ပေး ချင်သည့်စိတ်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ သတိပေးချင်သည့်စိတ်ဖြင့် ပြုလုပ် ခြင်းဖြစ်သည်။ ယင်းသို့ မဆောင်ရွက်ပါက လူဦးရေထူထပ်သော ရန်ကုန် မြို့တွင် ရောဂါပြန့်ပွားမှုမှာ ယခုထက်ပိုမိုဆိုးရွားလာနိုင်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သူများအနေဖြင့် မိမိကိုယ်တိုင် အတွက်လည်းကောင်း၊ မိမိ မိသားစုအတွက်လည်းကောင်း၊ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအတွက် လည်းကောင်း၊ မိမိမြို့နယ်နှင့် မိမိဒေသ၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက် နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ မိမိတို့အသိစိတ်ဓာတ်ဖြင့် ချက်ချင်း သတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူကြရန် တိုက်တွန်းအပ်ပါသည်။

 

ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးခြင်းအား ဆင်းရဲကျပ်တည်း ခက်ခဲသည်ဟုယူဆမိပါလျှင် ဥပဒေ၊ စည်းကမ်းမလိုက်နာ သဖြင့် အရေးယူအပြစ်ပေးခံရသည့် ဒုက္ခရောက်မှုသည် ထို့ထက် အဆပေါင်း များစွာ ဒုက္ခဆင်းရဲရောက်သည်ကို သတိမူဖို့လိုပေသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း ထုတ်ပြန်ထားသော ဥပဒေ၊ စည်းကမ်းများကို မလိုက်နာသဖြင့် အရေးမယူလိုဘဲ အရေးယူခဲ့ရသည့် ပြည်သူပေါင်းများစွာ ရှိပေသည်။ စည်းကမ်းလိုက်နာမှု အားနည်းမှု၊ မလိုက်နာမှုတို့ကြောင့် မိမိတို့ လည်း အရေးယူခံရ၊ ရောဂါဖြစ်ပွားမှုလည်း တိုးတက်များပြားလာရသည် ကို သတိပြုဖို့လိုမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်သူ ပြည်သားများ တက်စုံ၊ ရွက်ကုန်ဖွင့်ကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နေကြသည်။ သို့သော် ပြည်သူမပါလျှင် လုပ်သမျှ အရာ မထင်ဖြစ်နေမည်။ ပြည်သူများပါဝင်ပါမှ ရောဂါကာကွယ်ရေးသာမက မည်သည့်လုပ်ငန်းမဆို အောင်မြင်နိုင်မည်ဖြစ်သည်။ ပြည်သူသည် အဓိက ဖြစ်သည်။ ကိုဗစ်တွင် မပါဝင်၊ မလိုက်နာသည့် ပြည်သူများအား အရေးယူမှု ပြုလုပ်နေရသည်မှာ ပြည်သူအားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူအားလုံး ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ကြမည် ဆိုပါက ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးစားကြမည် ဆိုပါက မကြာမီကာလတွင် ရန်ကုန်မြို့၌ ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီး ပိုမိုအသက်ရှူချောင်လာနိုင်သည်။ ထို့ကြောင့် မိမိတို့ဘဝ၊ မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံအတွက် ပြည်သူ ပြည်သားများအားလုံး ဝိုင်းဝန်း ကူညီ ပါဝင်ဆောင်ရွက်စေလိုပါသည်။ ပြည်သူသည် အဓိကကျသည်ကို လက်တွေ့ကျကျသက်သေပြ၍ ပြည်သူ ပြည်သားအားလုံးအကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါသည်။ ။