မိမိတို့အစိုးရသက်တမ်းတွင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု၌ အခြေခံအကျဆုံးနှင့် နိုင်ငံသူနိုင်ငံသားအများစုနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ခဲ့

 

နေပြည်တော်   မတ်    ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌    ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်     တက်ရောက် အမှာစကားပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊  အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး    အောင်လင်းဒွေး၊    တွဲဖက်အတွင်း ရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊    ကောင်စီ အဖွဲ့ဝင်များနှင့်   တာဝန်ရှိသူများ   တက်ရောက်ကြ သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြီးခဲ့ သည့်   ဘဏ္ဍာရေးနှစ်အတွင်း  ယေဘုယျအားဖြင့် GDP အရ တိုးတက်မှုရှိခဲ့သည်ကို  တွေ့ရကြောင်း၊ ခြုံငုံသုံးသပ်ကြည့်ပါက  နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ခန့်မှစ၍   နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊    မိမိတို့ နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို   စတင်ထမ်းဆောင်ချိန်တွင် ယခင်အနုတ်ပြခဲ့သည့်    စီးပွားရေးမှ   အပေါင်း လက္ခဏာသို့    တိုးတက်အောင်   ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ သို့သော်  မျှော်မှန်းသလောက် တိုးတက်မှု ရှိရန်   လိုအပ်သေးသည်ကိုတွေ့ရကြောင်း၊  အဓိက အားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်ရန်မှာ ကုန်သွယ် မှုလုပ်ငန်းမှရငွေနှင့်     ကုန်သွယ်မှု   မဟုတ်သော လုပ်ငန်းများမှရငွေဟူ၍  အပိုင်းနှစ်ပိုင်း ရှိမည်ဖြစ် ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှရငွေ၌ ထုတ်ကုန် ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သယံဇာတထုတ်ကုန် များ   ထုတ်လုပ်ခြင်းဟူ၍ရှိမည်ဖြစ်ရာ  ထုတ်ကုန် ပစ္စည်းများထုတ်လုပ်ရေးသည် အရေးကြီးကြောင်း။


ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် 
ဆောင်ရွက်နိုင်ရေး တွန်းအားပေးကြပ်မတ်


ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုပြုလုပ်ရာတွင် မိမိ တို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြည်တွင်းထုတ်ကုန်များနှင့် သယံဇာတပစ္စည်းများကို  ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊  စာရင်းဇယားများအရ တပ်မတော်အစိုးရလက်ထက် (၂၀၀၇ - ၂၀၀၈ ခုနှစ်) နှင့် ပါတီစုံဒီမိုကရေစီ  အစိုးရလက်ထက်  (၂၀၀၉-၂၀၁၀ ပြည့်နှစ်)  များတွင်   ပြည်ပကုန်သွယ်မှုများ မြင့်တက်ခဲ့သည်ကိုတွေ့ရကြောင်း၊   မိမိတို့   အစိုးရ သက်တမ်းတွင်  နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၌ အခြေခံ အကျဆုံးနှင့် နိုင်ငံသူနိုင်ငံသားအများစုနှင့် ပတ်သက် သည့်    စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ   ပိုမို ထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံပင်များ စိုက်ပျိုးမှုကို ပန်းတိုင် ရည်မှန်းချက်   ပြည့်မီအောင်  ဆောင်ရွက်နိုင်ရေး တွန်းအားပေးကြပ်မတ်ခဲ့ကြောင်း။
နိုင်ငံရေးအရ မိမိတို့နိုင်ငံအပေါ် အနောက်နိုင်ငံ များမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ   ပြုလုပ်ခဲ့သကဲ့သို့   မြေအောက် ထွက်ကုန်ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့်   ထိုင်းနိုင်ငံတို့သို့  တင်ပို့နိုင်ခဲ့သော် လည်း ရရှိသည့် ငွေကြေးများ သုံးစွဲ၍ မရအောင် ပြုလုပ်ခဲ့ကြကြောင်း၊  ယင်းအခက်အခဲများကြားမှ နိုင်ငံစီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ပကြွေးမြီများ ကိုလည်း ၃ နှစ်တာကာလအတွင်း   အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပြန်လည်ပေးဆပ်နိုင်ခဲ့ ကြောင်း၊ ပြန်ဆပ်ငွေအများစုမှာလည်း  ယခင်အစိုးရ အဆက်ဆက်       ချေးယူခဲ့သည့်     အရင်းငွေများ ဖြစ်ကြောင်း။


အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်


စိုက်ပျိုးရေးထုတ်ကုန်များ  တိုးတက်ထုတ်လုပ် နိုင်ရေး     ဆောင်ရွက်ရာတွင်      စိုက်ဧကတိုးချဲ့ စိုက်ပျိုးခြင်း၊  ပန်းတိုင်ရည်မှန်းချက်   အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား တိုးချဲ့၍   အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် ခြင်းဟု အပိုင်း (၃)ခုရှိရာ  မိမိတို့  အစိုးရအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်     သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းတို့ကို အထူးအလေးထား   ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်ပင် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်းကို အချို့သောခိုင်မာသည့်အချက် အလက်များဖြင့်   ဥပမာပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧကမှာ ၁၄ သန်းကျော်ရှိ ကြောင်း၊ မိုးစပါး တစ်ဧကအတွက် ပန်းတိုင်ရည်မှန်း ချက်အထွက်နှုန်းမှာ  တင်း   ၁၀၀   ဖြစ်ကြောင်း၊ သို့သော် ၂၀၂၃-၂၀၂၄ ခုနှစ်  အထွက်နှုန်းမှာ  ပျမ်းမျှ ၇၈ တင်းကျော်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ထက် ၂၂ တင်းခန့်လျော့နည်းကြောင်း၊ ထို့ကြောင့် စပါးတင်း သန်း ၃၀၀ ကျော်ခန့် လျော့နည်းထွက်ရှိခဲ့ သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တန်ဖိုးသင့် တွက်ချက် ကြည့်ပါက ငွေကျပ် ဘီလီယံ ၇၀၀၀ ခန့် လျော့နည်းခဲ့ သည်ကိုတွေ့နိုင်ကြောင်း၊ ၎င်းသည် ဥပမာတစ်ခုသာ ဖြစ်ကြောင်း၊   အလားတူ   အခြားအဓိကစိုက်ပျိုး ထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ပဲမျိုးစုံနှင့် အခြား သီးနှံများလည်း ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက် ရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး မြင့်မားစွာ တိုးတက်လာနိုင်ကြောင်း၊ ၎င်းအပေါ်တွင် ထပ်မံ၍ သီးထပ်စွမ်းအားတိုးချဲ့  လုပ်ကိုင်နိုင်မည် ဆိုပါက နိုင်ငံ့စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝများစွာ မြင့်မားလာမည်ကို  သတိပြုမိကြ စေလိုကြောင်း၊   မိမိတို့နိုင်ငံတွင်  စိုက်ပျိုးနိုင်သည့် မြေများစွာရှိသည့်အပြင်  သီးထပ်စိုက်ပျိုးနိုင်သည့် မြေနှင့်ရာသီဥတုရှိသော         နိုင်ငံဖြစ်ကြောင်း၊ ၎င်းအချက် နှစ်ချက်ကို  ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံအာမခံချက်ရှိစေရေး (Food Security)ကဏ္ဍတွင်  ထိုက်ထိုက်တန်တန်နေရာရရှိ မည့်    စိုက်ပျိုးထုတ်လုပ်ရေးစွမ်းအားရှိသည့်နိုင်ငံ (Agriculture Power Country) အဖြစ် ရပ်တည်နိုင် မည်ဖြစ်သဖြင့် ကောင်စီဝင်များအားလုံးက အားသွန် ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။


တန်ဖိုးမြင့် ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လို


မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသည်ကို  တွေ့ရကြောင်း၊ အဆိုပါ   ကျေးလက်နေပြည်သူများတွင်  လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍကို ဆောင်ရွက်သူများမှာ ၄၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊    စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖြစ်ကြောင်း၊    အလားတူ   ကမ္ဘာပေါ်ရှိ   ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   အသေးစား၊  အငယ်စားနှင့် အလတ်စားစီးပွားရေး  (MSME)   လုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက် နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ(Agro Based Industry)ကို    တန်ဖိုးမြင့်  ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊   ရှိပြီးဖြစ် သည့် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ် များကို အသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်        ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်ပြောင်းလဲလာမည်ဖြစ် ကြောင်း၊   အလားတူ   မွေးမြူရေးလုပ်ငန်းများကို လည်း  တိုးတက်အောင်   ဆောင်ရွက်ရန်လိုကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက် လာမည်ဖြစ်ကြောင်း။


စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ
      ခွင့်ပြုဆောင်ရွက်ရန်လို


မြေပေါ်မြေအောက်သယံဇာတများ   ထုတ်ယူ ရောင်းချခြင်း၊ သစ်တောပစ္စည်းများ ထုတ်ယူရောင်းချ ရာတွင်လည်း    အလွန်အကျွံ  ထုတ်ယူခြင်းထက် စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ      ခွင့်ပြု ဆောင်ရွက်ရန်လိုကြောင်း၊  မိမိတို့နိုင်ငံတွင် စက္ကူ ထုတ်လုပ်နိုင်သည့်    သစ်နှင့်ဝါးများစွာရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့ သို့ ပြန်လည်ဖြည့်တင်း စိုက်ပျိုးထိန်းသိမ်းရန်လည်း လိုကြောင်း၊ အလားတူ စပါးစိုက်ပျိုးရာမှ ထွက်ရှိလာ သည့် ကောက်ရိုးများကိုလည်း ပျော့ဖတ်နှင့် တိရစ္ဆာန် အစာများအဖြစ်   အကျိုးရှိစွာ  အသုံးချမည်ဆိုပါက နိုင်ငံအတွက်        များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်    ကောင်စီဝင်များအနေဖြင့်   မိမိတို့ သက်ဆိုင်ရာဒေသများအလိုက်   တောင်သူများကို အလုပ်လုပ်နိုင်ရေး အားပေးခြင်း၊ အသိပညာပေးခြင်း တို့ကို  ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်  အထောက်အကူ ပြုစေသည့်      ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက်လည်း          ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။


တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍   အချို့ ဒေသများတွင်       အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသေးကြောင်း၊  မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး      တည်ငြိမ်အေးချမ်းရေးအတွက်    ဆက်လက်ဆောင်ရွက်သွားမည်       ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊   မဲစာရင်းများ  အခြေခံမှန်ကန် ခိုင်မာစေရေး   သန်းခေါင်စာရင်း   ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့်   ပါတီစုံဒီမိုကရေစီစနစ်   ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်လှမ်းရာတွင် လက်နက်ကိုင်အကြမ်း ဖက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်၍ မရကြောင်း ဖြင့် ပြောကြားသည်။


ရှင်းလင်းဆွေးနွေးတင်ပြ


ထို့နောက်    ကောင်စီဝင်များက   စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ စိုက်ပျိုး ရေးတောင်သူများ၏ လိုအပ်ချက်များ၊ ကျောင်းပိတ် ရက်ကာလများတွင်   ကျောင်းသား၊   ကျောင်းသူ လူငယ်လူရွယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ် စိတ်များ ရှင်သန်ထက်မြက်လာစေရေး စီစဉ်ဆောင် ရွက်ပေးသင့်သည်   အခြေအနေများ၊   ခရီးသွား လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ အလိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ များ ပါဝင်ပူးပေါင်းဆောင်ရွက်မှုရှိသည့်  နေရာများ တွင်             အမြန်ဆုံးတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးတင်ပြ သည်။


တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက     ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဒေသတည်ငြိမ် အေးချမ်းရေးအတွက်    ဆောင်ရွက်ရာ၌    ဒေသခံ ပြည်သူများ၏   ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျသဖြင့် တည်ငြိမ်အေးချမ်းမှုလိုအပ်လျက် ရှိသည့် ဒေသများမှ ပြည်သူလူထုအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊  ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာဖြင့်     အသုံးချနိုင်ရေးနှင့်     လူငယ်များ အတွက် ကောင်းမွန်သည့် စိတ်ဓာတ်များမွေးမြူရရှိ နိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း တိုက်တွန်းကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း    ဆောင်ရွက်ပေး သင့်သည်များကို       ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်