မိမိနိုင်ငံဖွံ့ဖြိုးဖို့ မိုဘိုင်းဖုန်းများကို အကျိုးရှိစွာသုံးစွဲကြပါစို့

Type

ဆောင်းပါး

=====

 

မိမိနိုင်ငံဖွံ့ဖြိုးဖို့ မိုဘိုင်းဖုန်းများကို အကျိုးရှိစွာသုံးစွဲကြပါစို့

=======================================

 

နိုင်ဦး(DOCA)

==========

 

ယနေ့ခေတ်တွင် ဖွံ့ဖြိုးမှုဟူသည့်စကားရပ်သည် နယ်ပယ်စုံတွင် ခေတ်စားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတိုင်းလိုလိုတွင် တိုးတက်ရေး၊ ဖွံ့ဖြိုးရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ဆောင်ရွက်လျက် ရှိနေသည်မှာ အားရစရာကောင်းလှသည်။

အောင်မြင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများရှိသလို ကြိုးစားရုန်းကန် နေရဆဲဖြစ်သော နိုင်ငံများလည်း ရှိနေသည်။ မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးစသည့် ဖြစ်စဉ်များနှင့် ချိန်ထိုး၍ ဆောင်ရွက်ကြရသည်။ အဆိုပါ ဖွံ့ဖြိုးမှုများအတွက် ဖြစ်စဉ်အသီးသီးသည် တိုက်ရိုက် ရော သွယ်ဝိုက်၍ပါ ဆက်နွှယ်ပါဝင်လျက်ရှိပါသည်။ ဖြစ်စဉ်တစ်ခုခု ချို့ယွင်းအားနည်းမှုဖြစ်ပါက ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ခုလုံးကို ပျက်စီးစေသည်အထိ အကျိုး သက်ရောက်မှု ရှိပါသည်။ ထို့ကြောင့်ပင် ဖွံ့ဖြိုးပြီးနိုင်ငံ များရော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိသော နိုင်ငံများပါ အဆိုပါဖြစ်စဉ်များကို သတိကြီးကြီး ထားကာ ချိန်သားကိုက်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။

 

မမျှော်မှန်းနိုင်သော အန္တရာယ်များ

ထိုသို့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံတိုင်းလိုလို၌ အနှောင့် အယှက်၊ အတိုက်အခိုက်ပေါင်းများစွာကို ကြုံတွေ့နေရ ပြီး ဖြေရှင်းဆောင်ရွက်နေကြသဖြင့် ဖွံ့ဖြိုးမှု အရှိန်အဟုန် များ လျော့ကျလာသည်။ အချိန်နှင့်ငွေများ ကုန်သည်။ ထိုကြုံတွေ့ရသော အခက်အခဲများအနက် လူမှုမီဒီယာ များကြောင့် ဖြစ်ပွားမှုများမှာ အပြင်းထန်ဆုံးဖြစ်နေသည် ကို တွေ့ရသည်။ ထိုလူမှုမီဒီယာများသည် နိုင်ငံဖွံ့ဖြိုးရေး ဖြစ်စဉ်များဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍများအပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများအထိပါ ထဲထဲဝင်ဝင် ပါဝင် စွက်ဖက်၍ အပျက်သဘောဆန်စွာ ဆောင်ရွက်နေမှု များကြောင့် မမျှော်မှန်းနိုင်သော အန္တရာယ်များစွာ ကြုံတွေ့နေကြခြင်းများက သက်သေပင်ဖြစ်သည်။

 

အများစုသော မီဒီယာနည်းလမ်းပေါင်းစုံသည် မီဒီယာကျင့်ဝတ်များနှင့်အညီ လူသားများအတွက် အကျိုးရှိစေမည့် သတင်းအချက်အလက်များစွာကို အလွယ်တကူ သိရှိစေရေးအတွက်၊ ရယူစေရေးအတွက်၊ အသုံးချစေရေးအတွက် ကောင်းမွန်သော မူဝါဒများ ချမှတ်ကာ စေတနာထား ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူ့အဖွဲ့အစည်းများ၏ စည်းလုံးညီညွတ်ရေး၊ တစ်ဦးချင်း စီ၏ အခွင့်အရေးများကို တန်ဖိုးထားရေး၊ ဟန်ချက် ညီသော သတင်းအချက်အလက်များကို မျှတစွာ ဖြန့်ဝေ ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အကြမ်းဖက်မှုကင်းဝေး စေရေးအတွက် အခြေခံအုတ်မြစ်များ ချပေးရေးစသည့် လုပ်ငန်းစဉ်များကို ချမှတ်၍ ပုံစံမျိုးစုံဖြင့် သတင်းအချက် အလက်များကို တင်ဆက်ပေးနေပါသည်။ ဂုဏ်သိက္ခာ ကြီးမားစွာ နာမည်တစ်လုံးဖြင့် ရပ်တည်ကြံ့ကြံ့ခံကာ ကြိုးစားဆောင်ရွက်ပေးလျက် ရှိနေပါသည်။

 

ယခုအခါ စက်မှုအတတ်ပညာတိုးတက်မှုနှင့်အညီ ပေါ်ပေါက်လာသော လက်တစ်ဖဝါးစာသာရှိသည့် ခေတ်မီ ဖုန်းပစ္စည်းများကြောင့် ကမ္ဘာကြီးသည် အိမ်လေးတစ်လုံး ပမာ ဖြစ်လာကြသည်။ ယခင်က ဖုန်းတစ်ခါဆက်ရန် အချိန်များစွာပေးခဲ့ကြရသည်၊ တန်းစီစောင့်ခဲ့ကြရသည်၊ ရက်ချိန်းယူခဲ့ကြရသည်။ ယနေ့ခေတ်တွင်မူ မိုဘိုင်း ဖုန်းများ တောရော မြို့ပါကျယ်ပြန့်စွာ ကိုင်တွယ်လာ နိုင်သည်။ စီးပွားရေး၊ လူမှုရေး၊ သာရေး၊ နာရေးစသည့် ကိစ္စများတွင် အချိန်တိုအတွင်း ဆောင်ရွက်လာနိုင်သည်။ အသံရော ရုပ်ပါ မြင်ရကြားရ၍ ခွဲခြားမှု ကွာခြားမှုမရှိ တော့ပေ။ ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုဖြစ်၍ ဝမ်းသာကျေနပ်စရာပင် ဖြစ်သည်။ သို့သော် ကောင်းတာ ရှိသလို သတိပြုဆင်ခြင်သင့်သည်များလည်း ရှိပေသည်။

 

အဟန့်အတား ဖြစ်စေ

သတိပြုသင့်သည့် အချက်များတွင် ငွေကို၊ အချိန် ကို၊ ကျန်းမာရေးကို၊ ဆင်ခြင်တုံတရားကို အလွန်အကျွံ သက်ရောက်မှုမရှိစေရေးအတွက် အသိတရား လက်ကိုင် ထားကာ သတိထားဆင်ခြင်ဆောင်ရွက်ရန် လူတိုင်း လူတိုင်းတွင် တာဝန်တစ်ခုသဖွယ် အရေးကြီးလာပါသည်။ မိမိနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက် နေစဉ်ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမည်၊ ငွေနှင့်အချိန်များ အလဟဿ ဆုံးရှုံးမည်၊ ပူးပေါင်း စုစည်း ဆောင်ရွက်မှုများ အားနည်းသွားပါက အဟန့်အတား ဖြစ်စေနိုင်၍ ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံတွင် ခန့်မှန်းလူဦးရေစာရင်းအရ ၅၄ သန်းကျော်ရှိသည်ဟု သိရသည်။ သို့သော် နိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများက လူဦးရေ ၆၂ သန်း ကျော်ကို ဝန်ဆောင်မှုပေးနေသည်ဟု သိရပြန်သည်။ လူဦးရေထက် ဖုန်းကိုင်ဆောင်သူက ပိုမိုများပြားသည့် သဘောဖြစ်သည်။ ထို ၆၂ သန်းသည် ဖုန်းကို တစ်မိနစ် အသုံးပြုပါက အသုံးပြုခ ၁၀ ကျပ် ဆိုပါစို့။ တစ်မိနစ် ပြည့်တိုင်း ကျပ်သန်း ၆၂၀ ကုန်သည်၊ တစ်နာရီပြည့်တိုင်း ကျပ်သန်း ၃၇၂၀၀ ကုန်သည်၊ တစ်ရက်ပြည့်တိုင်း ကျပ်သန်း ၈၉၂၈၀၀ ကုန်သည်၊ တစ်လ၊ တစ်နှစ်ဆိုပါက တွေးဝံ့ စရာပင် မကောင်းတော့ပေ။ လူတိုင်းတော့မဟုတ် ပျမ်းမျှ အနေဖြင့် တွက်ချက်ကြည့်မိခြင်းဖြစ်သည်။ ထိုလေထဲတွင် ကုန်သွားသော ငွေကြေးများစွာအတွက် ဘာတွေ အကျိုး အမြတ် ရရှိခဲ့ပြီလဲ၊ မိမိအတွက်ရော မိမိတိုင်းပြည်အတွက်ပါ ဘာတွေ ဆောင်ရွက်နိုင်ခဲ့ပြီလဲ မသိနိုင်။ ငွေကြေးများစွာ ကတော့ လေထဲတွင် ကုန်နေဆဲပင် ဖြစ်သည်။ ထိုလေထဲ တွင် ကုန်သွားသော ငွေကြေးများသည် အခြေခံလူတန်းစား အလုပ်သမားများ၏ တစ်နေကုန် ရုန်းကန်ရှာဖွေရာမှ ရရှိသော ငွေများ၊ ရွှံ့တစ်ပိဿာ ဗိုက်ထဲဝင်မှ ရရှိသော လယ်သမားများ၏ ငွေများ၊ တစ်လကုန်မှ ရရှိမည့် ဝန်ထမ်း များ၏ လစာများ၊ စွန့်စားဆောင်ရွက်ရသော လုပ်ငန်းရှင် များ၏ ငွေများ ပါဝင်ပါသည်။ ဖုန်းများကို သုံးစွဲသည်နှင့် အချိန်များစွာကို ရင်းနှီးမြှုပ်နှံထားရသည်။ အလွန်အကျွံ သုံးစွဲပါက အိပ်ချိန်၊ စားချိန်မမှန်၍ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ အလွယ်တကူ ဒေါသဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အတွေးအခေါ်မမှန်ကန် ခြင်း၊ အကြောထုံးခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ မှတ်ဉာဏ်များချို့ယွင်းခြင်း၊ အကြားအာရုံချို့တဲ့ခြင်း စသည့် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ကျန်းမာရေးကိုထိခိုက်စေ သည်။ လက်ရှိခေတ်စားလျက်ရှိသော ဖေ့စ်ဘွတ်လူမှု ကွန်ရက်သည် နိုင်ငံအသီးသီးတွင် ကြောက်စရာကောင်း လောက်အောင် ရယူသုံးစွဲနေကြသည်။ မြန်မာနိုင်ငံတွင် လည်း အလားတူပင် ဖြစ်သည်။ ဤလူမှုကွန်ရက်ကို အသုံးပြု၍ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး ကိစ္စများနှင့်ပတ်သက်၍ မကျေနပ်ချက် များကို ဖော်ထုတ်ရာ၊ ရေးသားရာ၊ ဝါဒဖြန့်ချိရာ၊ သွေးခွဲ လှုံ့ဆော်ရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြ သည်။ မှန်ကန်သောသတင်းအချက်အလက်များသည် အများအတွက် အကျိုးရှိသော်လည်း ကိုယ်ကျိုးအတ္တ၊ စိတ်ခံစားချက်များကို ရှေ့တန်းတင်၍ ဖော်ပြထားသော သတင်းအချက်အလက်များနှင့် မမှန်သတင်းများသည်၊ အမုန်းပွားစေသည်၊ ချစ်ကြည်ရင်းနှီးမှုများကို ထိခိုက်စေ သည်ကတော့ အသေအချာပင် ဖြစ်သည်။

 

စောင့်ကြည့်စစ်ဆေးရန်

 

ကမ္ဘာ့နိုင်ငံအသီးသီးက လူတစ်ဦးချင်းစီမှ ငွေများစွာ၊ အချိန်များစွာပေးဆပ်ထားသော်လည်း ကျန်းမာရေး ဆိုးကျိုးများ၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများ၊ ဝါဒမှိုင်းတိုက်မှု များ၊ အမုန်းစကားဖြန့်ချိမှုများသာ ပြန်လည်ရရှိသဖြင့် မလိုလားအပ်သော သတင်းဖော်ပြမှုများကို ပယ်ဖျက် ပေးရန် တောင်းဆိုလာကြသဖြင့် ဖေ့စ်ဘွတ်တာဝန်ရှိသူ များက ဆောင်ရွက်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံ တွင်လည်း အလားတူ ကြုံတွေ့နေရသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကောင့်များ၊ စာမျက်နှာများကို သေချာစွာ စောင့်ကြည့်စစ်ဆေးရန်အတွက် မြန်မာဘာသာစကား ကျွမ်းကျင်ပိုင်နိုင်သော ဝန်ထမ်း ၉၉ ဦးကို ခန့်ထားပြီး ဖြစ်ကြောင်း ထိုဝန်ထမ်းများကို လူ့အခွင့်အရေးကျွမ်းကျင် ပညာရှင်များနှင့် ထပ်မံပေါင်းစည်း တာဝန်ပေးအပ်သွားမည် ဟု သိရှိရသဖြင့် ဝမ်းသာရသည်။ မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များကလည်း မလိုလားအပ်သော၊ သတင်းမှား၊ ကောလာဟလ မမှန်သတင်းများ၊ အမုန်းတရားပွားများ စေသော သတင်းမှားများ၊ လူတစ်ဦးချင်း၏ ကိုယ်ကျင့် သိက္ခာ၊ အခွင့်အရေးများကိုထိခိုက်စေသော သတင်းမှား များ၊ ဝါဒမှိုင်းတိုက်သော သတင်းမှားများ၊ ပဋိပက္ခ ဖြစ်ပွားရန် လှုံ့ဆော်သောသတင်းမှားများကို ဖြန့်ချိသော အကောင့်များ၊ စာမျက်နှာများကို ဖယ်ရှားရှင်းလင်းလျက် ရှိပါသည်။

 

ထိုသို့ ဆောင်ရွက်ခြင်းသည် မိုဘိုင်းဖုန်းများကို အသုံးပြု၍ အကောင့်များ၊ စာမျက်နှာများကို ဖန်တီး၍ ရရှိသည့် သတင်းအချက်အလက်များကို အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရေး၊ မလိုလားအပ်သော ပြဿနာ များ မဖြစ်ပွားစေရေး၊ ကိုယ်စီလူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပြဿနာများကို တရားမျှတစွာ ဆောင်ရွက် နိုင်ရေး၊ ကိုယ်စီအခွင့်အရေးများကို တန်ဖိုးထားနိုင်ရေး၊ အမုန်းတရားများ ကင်းဝေးရေးနှင့် ကောလာဟလများ ကင်းစင်ရေးအတွက်သာ ရည်ရွယ်ပါသည်။

 

သတင်းမှားများကို ငြင်းပယ်ရန်လို

ကောလာဟလသတင်းများ၊ သပ်လျှိုသွေးခွဲသော သတင်းများ၊ အမုန်းစကားများကို ရှင်းလင်းဖြေရှင်း ဆောင်ရွက်နေခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် စသည့် အခြေခံလူ့အခွင့် အရေးများကို ကန့်သတ်ပိတ်ပင်တားဆီးခြင်း မဟုတ်ပေ။ နိုင်ငံတကာ ဥပဒေများအရ၊ သဘောတူညီချက်များအရ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များအရ တားမြစ် ပိတ်ပင်ထားသော လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ ရန်လိုအမုန်းပွားခြင်း အကြမ်းဖက်ခြင်းများကြောင့် ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေး၊ ချစ်ကြည်ရင်းနှီးမှုရှိရေး၊ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေး စသည့်အချက် များကို ထိခိုက်မှုများမှ ကာကွယ်တားဆီးနေခြင်းသာ ဖြစ်ပါသည်။ ဤသည်ကို လူတစ်ဦးချင်းစီမှ နားလည် သဘောပေါက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုပါ သည်။ မှန်ကန်တိကျ၍ အကျိုးရှိသော သတင်းများကိုသာ လက်ခံကြရန်လိုသည်။ တိကျသေချာမှုမရှိ၊ စိတ်ခံစားမှု အတ္တများကို အခြေခံသော သတင်းမှားများကို ငြင်းပယ် ရန် လိုပါသည်။

သို့မှသာ ဆက်သွယ်ရေးဖွံ့ဖြိုးမှုမှပေးသော သတင်း အချက်အလက်များကို မျှဝေလာနိုင်မည်၊ ဖြန့်ဝေလာ နိုင်မည်၊ အကျိုးရှိစွာ ပြန်လည်အသုံးပြုခြင်းဖြင့် ပိုမိုစည်းလုံးညီညွတ်၍ ပူးပေါင်းဆောင်ရွက်တတ်သော လူသားကမ္ဘာကြီးကို တည်ဆောက်လာနိုင်မည်၊ ဖွံ့ဖြိုးမှု အသီးအပွင့်များကို မျှတစွာခံစားလာနိုင်မည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်း ဖုန်းနှင့်ဆက်စပ်သည့် လူမှုကွန်ရက်အကောင့်စာမျက်နှာ များကို အသိတရားလက်ကိုင်ထားကာ ဆင်ခြင်တုံတရား ကြီးစွာဖြင့် အကျိုးရှိစွာ သုံးစွဲသင့်ပါသည်။ ငွေများ၊ အချိန် များစွာပေးဆပ်ရင်းနှီးထားမှုနှင့် ထိုက်တန်သော သတင်း အချက်အလက်များကိုသာ ရွေးချယ်ရယူ၍ အကျိုးရှိစွာ အသုံးပြုကြစေချင်ပါသည်၊ မိမိကျန်းမာကြံ့ခိုင်မှု ထိခိုက် နိုင်လောက်အောင် ဆင်ခြင်မဲ့စွာ သုံးစွဲခြင်းများကို လည်း ရှောင်ကြဉ်စေချင်ပါသည်၊ အတ္တ၊ လောဘများကို အခြေခံကာ စိတ်ခံစားမှုများဖြင့် ဝါဒမှိုင်းတိုက်ကာ၊ အမုန်းတရားအခြေခံသော သတင်းယောင်၊ သတင်းမှား များကို ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဆင်ခြင်ပိုင်းခြား၍ ရှောင်ရှားသင့်ပါသည်၊ မိုဘိုင်းဖုန်းနှင့် လူမှုကွန်ရက် အကောင့်များ၊ စာမျက်နှာများကို အသုံးပြုရာမှရရှိသော ကောင်းမွန်သည့် သတင်းအချက်အလက်များကို အသုံးပြု၍ မိမိဘဝတိုးတက်ရေး၊ မိမိတိုင်းပြည် ဖွံ့ဖြိုးရေး အတွက် ကျရာကဏ္ဍများမှ အကျိုးပြုသောသူများအဖြစ် ဂုဏ်ယူကြပါရန် စေတနာထား၍ တိုက်တွန်းအပ်ပါ သည်။ ။