မိမိနိုင်ငံအတွက်၊ မိမိလူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက်  ပြိုင်ပွဲနောက်ဆုံးအချိန်အထိ  ကြိုးစားကြလို့  ဒီလိုအောင်ပွဲတွေရရှိတာပါ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ

 

 

ရန်ကုန်     မေ    ၂၃
၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့နှင့်  အခြားဆက်စပ်မြို့များ၌    ကျင်းပနေသည့်   (၃၁)    ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့သည်  ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက် ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ  ​မေ ၂၂  ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက “ ကျွန်တော့်နိုင်ငံအတွက် ကျွန်တော်တအားဂုဏ်ယူ တယ်။ အဓိကနှစ်ချက်ပေါ့။ ပထမတစ်ချက်က နိုင်ငံတော်အစိုးရအနေနဲ့ ယခင်နှစ်ကထက်ပိုပြီး အများကြီးအားပေးမှုတွေ ဆောင်ရွက်ပေးပါတယ်။ ဒုတိယတစ်ချက်ကတော့ ကလေးတွေဟာ မိမိနိုင်ငံအတွက်၊ မိမိလူမျိုး အတွက် ဂုဏ်ယူစွာနဲ့  အားသွန်ခွန်စိုက်  ပြိုင်ပွဲနောက်ဆုံးအချိန်အထိ ကြိုးစားကြလို့  ဒီလိုအောင်ပွဲတွေရရှိတာပါ။ ဒီလိုမျိုးဖြစ်လာတာကလည်း နိုင်ငံတော်ရဲ့  ပံ့ပိုးမှုရယ်၊   ကလေးတွေရဲ့ အင်မတန်  နိုင်ငံတော်အပေါ် ချစ်တဲ့စိတ်၊ လူမျိုးအပေါ်  ချစ်တဲ့စိတ်နဲ့ဆောင်ရွက်ကြလို့၊  စည်းလုံး ညီညွတ်မှုရှိလို့ ထိုက်သင့်တဲ့အောင်မြင်မှုတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “ကျွန်တော့်အတွေ့အကြုံ အရပြောရရင် နိုင်ငံတော်ကချီးမြှင့်ခဲ့တာ  တစ်ခါမှဒီလောက်မများခဲ့ ဘူးလို့ သိရတယ်။ ဒီနေ့ဒီအချိန်ခါမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ အားကစားဟာ နိုင်ငံတစ်ခုရဲ့ ပုံရိပ်ဖြစ်တယ်။ အာဆီယံ ၁၁ နိုင်ငံမှာ ကစားကြတဲ့အခါမှာ တို့ပုံရိပ်ကို မညှိုးနွမ်းအောင် ကြိုးစားကြရမယ်လို့ နိုင်ငံတော်အကြီးအကဲက  အောင်နိုင်ရေးအလံ ပေးအပ်ပွဲမှာ မှာကြားပါတယ်။  ကလေးတွေကလည်း အဲဒီကတည်းကပဲ အလွန်အားတက်သရော အားသွန်ခွန်စိုက် မိမိနိုင်ငံအတွက်၊ မိမိလူမျိုး အတွက်   ကြိုးစားဆောင်ရွက်ကြမယ်ဆိုတဲ့   စိတ်ဓာတ်လေးတွေလည်း အားလုံးလန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ သွားရောက် ယှဉ်ပြိုင် ကြတာပါ။ အောင်ပွဲရအားကစားသမားတွေကို ပထမဆုကို ငွေကျပ်သိန်း ၃၀၀၊ ဒုတိယဆုကိုငွေကျပ်သိန်း ၂၀၀၊ တတိယဆုကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်တဲ့အပြင် အသင်းအဖွဲ့ချုပ်တွေရဲ့ နည်းပြတွေကိုလည်း ရွှေ၊ ငွေ၊ ကြေးအလိုက် ဆုကြေးတွေသတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားနဲ့ ဆောင်ရွက်ပေးသွားမှာ ပါ” ဟု ပြောကြားခဲ့သည်။
ထို့နောက်    ကာယဗလနှင့်  ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် ရဲထွန်းနောင်(+၇၀) ကီလို က   “ ရွှေတံဆိပ်ဆုရခဲ့တဲ့ အတွက် အတိုင်းထက်အလွန် ဝမ်းသာရပါတယ်။ ဒီပွဲအတွက် ပြင်ဆင်ခဲ့ တာ တစ်နှစ်ခွဲနီးပါးလောက်ရှိပြီ။ လေ့ကျင့်မှုကို အကောင်းဆုံးပြင်ဆင် တယ်။ ပြိုင်ဘက်ကစားသမားတွေကို လေ့လာတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်တွေမှာလုပ်တဲ့ ပွဲတွေမှာလည်း ပထမနှစ်ခါလောက်ရတယ်။ ဒီပွဲကို ထိုက်ထိုက်တန်တန်နဲ့ တက်လှမ်းပြီးတော့မှ ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာပါ။ အရင်ပွဲတွေထက်ကို အများကြီးကြိုးစားပြီး  အပင်ပန်း ခံထားရတာပါ။ ကိုယ်ပင်ပန်းခံပြီး ထိုက်ထိုက်တန်တန်ရလို့  ဝမ်းသာ ဂုဏ်ယူမိပါတယ်။ 
ပြိုင်ပွဲတစ်ပွဲပြိုင်ပြီဆိုတာနဲ့ အားကစားသမားတိုင်းက ရွှေပဲလိုချင် ကြတာပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုနဲ့ပဲ ပြိုင်ဘက်တွေကို ကျော်လွှားပြီး    ဒိုင်တွေကပေးတဲ့အမှတ်နဲ့     ကျွန်တော်ရခဲ့တာပါ။ နိုင်ငံတကာအလယ်မှာ ကိုယ့်ရဲ့နိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့တဲ့ ဂုဏ်သိက္ခာ တစ်ခုရခဲ့တဲ့အတွက်  ဒီလိုပွဲမျိုးကလည်း  ကျွန်တော်စောင့်စားခဲ့တာ ကြာပါပြီ။ ၁၁ နှစ်လောက်စောင့်ခဲ့ပြီးမှ ဒီပွဲကိုပြိုင်ခဲ့တာပါ။ ၁၁ နှစ် လောက်စောင့်ခဲ့ပြီးမှ ပြိုင်ရတဲ့ဒီပွဲမှာ အခုလို ရွှေတံဆိပ်ဆု ထိုက်ထိုက် တန်တန်ရခဲ့တယ်ဆိုတော့  ကျွန်တော်ဝမ်းသာဂုဏ်ယူလို့ မဆုံးဘူး။ အဘက်ဘက်မှကူညီပေးတဲ့ ကျွန်တော့်ရဲ့နည်းပြဆရာတွေ။ အဖွဲ့ချုပ်က ကျွန်တော်တို့ ဥက္ကဋ္ဌ ဦးညီညီကိုလည်း  အများကြီးကျေးဇူးတင်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပံ့ပိုးပေးတဲ့ လူကြီးတွေအကုန်လုံး ကျေးဇူး တင်ပါတယ်’’ ဟုပြောသည်။ 
ပီတန်းအားကစားနည်းမှ     ရွှေတံဆိပ်ဆုရှင်    ခင်ချယ်ရီသက် ( Women Shooting)က   “ ကြိုးစားတာကတော့ သူများထက်ပိုပြီး ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ လာပြိုင်တဲ့ နိုင်ငံအကုန်လုံးကို ပြိုင်ဘက်အနေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်မှာတော့   ကမ္ဘောဒီးယားနဲ့  လာအိုကို  ယှဉ်ပြိုင်ရတာပါ။ ဒီအားကစားနည်းကို  အသက်  ၂၀  ကတည်းက ကစားခဲ့တာပါ။ ပြည်ပပြိုင်ပွဲတွေမှာ  ကြေးတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။ ရွှေတံဆိပ်က ဒါပထမဆုံး ရရှိခဲ့တာပါ။ 
အခုလို ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တခြားနိုင်ငံမှာလွှင့်ထူပြီး  သူများနိုင်ငံသား တွေက အလေးပြုတာကိုခံရတဲ့အတွက် အတိုင်းမသိကို ပီတိဖြစ်ပါ တယ်’’ ဟုပြောသည်။ 
ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် သိန်းသန်းဦး ( နန်းကွန့်) တုတ်ရှည်က “ ဒီရွှေတံဆိပ်က ကျွန်တော့်အတွက် နှစ်ခုမြောက်ပါ။ ၂၀၁၇ တုန်းကလည်းတစ်ကြိမ် ရွှေတံဆိပ်ရယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အဓိကပြိုင်ဘက်က အိမ်ရှင်ဗီယက်နမ်ရယ်၊ အင်ဒိုနီးရှားရယ် သူတို့ နှစ်ယောက်ထက်ကို အမှတ်အသာစီးရပြီး အခုလို ရွှေတံဆိပ်ဆုရရှိခဲ့ တာပါ။ 
ကျွန်တော်တို့ အခုလို ပြိုင်ခွင့်ရတာ နည်းပြတွေ၊ အုပ်ချုပ်သူတွေ ရော ဝန်ကြီးအပါအဝင် အစစအရာရာ ကူညီပေးခဲ့ကြတဲ့ လူကြီး မင်းများကို အထူးပဲကျေးဇူးတင်ပါတယ်။  ကျွန်တော် ရွှေတံဆိပ်ရတဲ့ နေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေါ်လာ ၃၀၀၀ ချက်ချင်းဆုချီးမြှင့် ခဲ့ပါတယ်။ ကစားသမားသက်တမ်း ၁၇ နှစ်လောက်ရှိပါတယ်’’ ဟုပြော သည်။
အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း၊ ကိုယ်အလေးချိန် ပေါ့ အမျိုးသမီးလေးတက်လှော်ပြိုင်ပွဲ( ကြေးတံဆိပ် ) အဖွဲ့ဝင် ချစ်ဖူးငုံ က  “အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ သူများမြေမှာ သူများလှေ၊ သူများရေနဲ့   ပြိုင်ရတာဆိုတော့  အခက်အခဲတော့ရှိတယ်။  ကိုယ့် အားကစားသမားအချင်းချင်းပဲ အားပေးနိုင်တယ်။ ကိုယ့်မြေနဲ့‌‌‌ဝေးတဲ့ အခါကျတော့ အားပေးတဲ့သူကနည်းတယ်။ ဒါပေမယ့် နိုင်ရမယ်ဆိုပြီး စိတ်တင်းပြီး  ကိုယ့်နိုင်ငံအတွက်  ပြိုင်ပွဲဝင်ခဲ့တာပါ။ နောက်ပြိုင်ပွဲတွေမှာ လည်း  အခုထက်ပိုပြီး အကောင်းဆုံးကြိုးစား သွားမှာပါ’’ ဟုပြောသည်။ 
ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားနည်းမှ  ငွေတံဆိပ်ဆုရှင် ကိုခင်မောင်ကျော်က“ ပြိုင်ခဲ့တဲ့တန်းကတော့ ၈၅ကီလိုမှာ ဒုတိယရခဲ့ တယ်။  ကာယဗလမောင်ပြိုင်တာပါ။  ပထမဆီးဂိမ်းက ၂၀၂၁ ခုနှစ်  နိုဝင်ဘာမှာလုပ်မယ်ဆိုပြီး   ကိုဗစ်ဖြစ်တော့   နောက်ဆုတ်သွားတာ  ရက်ရှည်သွားတော့  လူလည်းတော်တော်ပင်ပန်းသွားတယ်။      အကုန် အကျလည်းများတော့  တော်တော်လေးကြိုးစားရတယ်။  သွားပြိုင် ကတည်းက    ရွှေပဲမှန်းတာပေါ့။   ကိုယ့်ထက်ပိုကောင်းတဲ့ ကမ္ဘာ့ ချန်ပီယံနဲ့တွေ့တာပေါ့။  မျိုးဆက်သစ်တွေ  ဘယ်အားကစားနည်းဖြစ်ဖြစ် ကစားစေချင်တယ်။ အားကစားဆိုတာကလည်း နောင်လာနောက်သား ရှိမှ အားကစားကဏ္ဍဖွံ့ဖြိုးမှာပါ’’ ဟုပြောသည်။ 
ဗီယက်နမ်နိုင်ငံတွင်  ကျင်းပလျက်ရှိသည့်  ၃၁  ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ တွင်  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေ ၂၂ ရက်အထိ  ဗိုဗီနမ် အားကစား နည်းမှ  ရွှေတံဆိပ်  ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၆ ခု ၊ ဝူရှူး အားကစားနည်းမှ ရွှေတံဆိပ် ၁ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု ၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေ တံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၁ ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ခု၊ ကြေးတံဆိပ် ၂ ခု၊ ဘိလိယက်နှင့် စနူကာ အားကစား နည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၁ခု၊ ပိုက်ကျော်ခြင်း အားကစား နည်းမှ ‌ရွှေတံဆိပ် ၁ ခု၊  ကြေးတံဆိပ် ၃ ခု၊ ပီတန်းအားကစားနည်းမှ ရွှေ ၁ ခု၊ ကြေး ၂ ခု၊ ဂျူဒို အားကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ကြေး ၂ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ  ငွေတံဆိပ် ၂ခု၊ သေနတ်ပစ် အားကစား နည်းမှ ငွေတံဆိပ် ၂ ခု၊ ကနူး /ကယက် အားကစားနည်းမှ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၆ ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း မှ  ကြေးတံဆိပ်  ၃ ခု၊  လက်‌ဝှေ့အားကစားနည်းမှ  ငွေတံဆိပ် ၁ခု၊ ကြေးတံဆိပ် ၂ ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ‌‌ရွှေတံဆိပ် ၉ ခု၊ ငွေ တံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ရရှိထားကြောင်း သိရသည်။                        
                             သတင်း - နဒီမင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်