
ဘိုကလေး အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု ပဒဲကောကျေးရွာနေသူ (၁၆ နှစ်)အရွယ် အမျိုးသားတစ်ဦးသည် အောက်တိုဘာ ၁၂ ရက်၌ ပဒဲကောကျေးရွာတစ်ဖက်ကမ်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကမ်းဘေးတွင် ဝမ်းရေးအတွက် ကဏန်းထောင်ရင်း မိကျောင်းကိုက်ခံရ၍ သေဆုံးခဲ့ရာ သေဆုံးသူ၏ မိသားစုဝင်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့က ထောက်ပံ့ငွေပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးသော်ထက်အောင်က ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မိသားစုဝင်၏ လက်ဝယ်အရောက် ငွေကျပ်သုံးသိန်း ထောက်ပံ့ပေးအပ်သည်။
ယခုနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် မိကျောင်းကိုက်ခံရသူ သုံးဦးရှိပြီဖြစ်ရာ နှစ်ဦးမှာသေဆုံးခဲ့ပြီး တစ်ဦးမှာ အသက်ရှင်လျက် ကျန်ရစ်ကာ ဆေးဝါးကုသခဲ့ရကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)