
မင်းခန့်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက မဖုံးနိုင် မဖိနိုင် မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေဖောက်ဖျက်မှုများကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တ အာဏာ ထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အိမ်စောင့်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက မီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိနေမှုတွေကို “သတိပြု ရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု သတင်းအမှားများ၏အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၃-၅-၂၀၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှာ ဆောင်းပါးရေးသားဖော်ပြခဲ့ပါသည်။ ယခုအခါမှာ ထိုဆောင်းပါးကို ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း Internauka နဲ့ ai-news.ru ဆိုတဲ့ သတင်း စာမျက်နှာတွေမှာ ရုရှားဘာသာနဲ့ ထည့်သွင်းဖော်ပြ ခဲ့တာကို တွေ့ရပါတယ်။
ဝါဒဖြန့်တိုက်ခိုက်ခံနေရ
ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်းတွေ နဲ့ အင်တာနက် သတင်းစာမျက်နှာတွေမှာ ဒီဆောင်းပါးကို ပြန်လည်ဖော်ပြရတဲ့ အကြောင်း အရင်းကတော့ ရုရှား-ယူကရိန်း စစ်ပွဲမှာလည်း အနောက်မီဒီယာများက သတင်းအတု၊ သတင်း အမှားတွေကို အသုံးချပြီး သတင်းမီဒီယာစစ်ပွဲ ဆင်နွှဲနေကြတဲ့အတွက် မြန်မာနိုင်ငံက သတင်းစာ တွေမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးအတိုင်းပဲ တူညီတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ခံနေရလို့ ဖြစ်ကြောင်း သိရှိရပါသည်။ ဒါကြောင့် မြန်မာနိုင်ငံလို နိုင်ငံငယ် လေးတွေသာမက ရုရှားလို အင်အားကြီးနိုင်ငံများကို ပါ ဒီလိုသတင်းအတု၊ သတင်းအမှားတွေကို အသုံးချ ပြီး ဝါဒဖြန့်တိုက်ခိုက်ခံနေရတယ်ဆိုတာ ထင်ရှားတဲ့ သက်သေသာဓက ဖြစ်ပါတယ်။
၂၁ ရာစုမှာ သတင်းအချက်အလက်နဲ့ နည်း ပညာ (Information Technology) အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အတူ နည်းပညာနဲ့ ငွေကြေး အားသာချက်ကို အသုံးချပြီး ဆိုရှယ်မီဒီယာများ ကနေတစ်ဆင့် ဝါဒဖြန့်ချိခြင်းတွေကို စနစ်တကျ အကွက်ချ ဆောင်ရွက်နေတာမြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အပြောင်းအလဲ အခြေအနေကို အမြတ်ထုတ်ပြီး ဝါဒဖြန့်ချိမှုတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြပါ တယ်။ ဘယ်လိုအကွက်ချပြီး စနစ်တကျ ဆောင်ရွက်ခဲ့ကြတယ်ဆိုတာကို ဒီဆောင်းပါးမှာ ကျွန်တော် ထပ်မံရှင်းလင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံရေးအပြောင်းအလဲ စတင်ချိန်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲလိမ် / မဲခိုးမှုတွေနဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေအရ ဝင်ရောက် ထိန်းသိမ်းရတဲ့အကြောင်းတရားအမှန်ကို ပုံဖျက်ပြီး စစ်တပ်က မတရားအာဏာသိမ်းတယ်ဆိုတဲ့ အတွေးအခေါ် အယူအဆကို ပြည်သူများအကြားမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားအောင် သတင်းအချက် အလက်ပုံဖျက်ခြင်း (Disinformation) နဲ့ ၎င်းတို့ရဲ့ အယူအဆမှား/သတင်းမှားတွေကို ပျံ့နှံ့စေခြင်း (Misinformation Floating) ဖြစ်အောင် ဆိုရှယ် မီဒီယာတွေနဲ့ ၎င်းတို့ ကြိုတင်မွေးမြူတည်ဆောက် ထားကြတဲ့ ကွန်ရက်များကနေတစ်ဆင့် ဆောင်ရွက် ကြပါတယ်။ NLD အစိုးရရဲ့ မဲလိမ်/မဲခိုးမှုတွေကို ဖော်ပြရေးသားကြတဲ့ ပြည်သူတွေရဲ့ အသံတွေ၊ အကောင့်တွေနဲ့ စာမျက်နှာတွေကိုလည်း Face-book Newsfeed Algorithm ရဲ့အကူအညီ၊ FB Team က မြန်မာစကား တတ်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းများကို တစ်ပြိုင်နက် ဆောင်ရွက်စေခဲ့ပါတယ်။
ဆိုရှယ်မီဒီယာအသုံးချ
တစ်ပြိုင်တည်းမှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် သွားလာမှု ကန့်သတ်ထိန်းချုပ်ထားရတဲ့ အခြေအနေကြောင့် စိတ်မွန်းကျပ်နေတဲ့ ပြည်သူ လူထုကို ထွက်ပေါက်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ လမ်းပေါ်ထွက်လာအောင် ဆွဲထုတ်ခဲ့ကြပါတယ်။ ဒါကလည်း တိုက်ဆိုင်မှု မဟုတ်ဘဲ အမေရိကန်နိုင်ငံ သား ဂျင်းရှပ် (Gene Sharp) ရေးသားထားတဲ့ From Dictatorship to Democracy ဆိုတဲ့ စာအုပ် ထဲက နည်းနာတွေအတိုင်း အစီအစဉ်တကျ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြည်သူလူထုကြီး မြင်တွေ့လိုက်ရတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံ၊ လူစိတ်ဝင် စားမယ့် အဖော်အချွတ် ပုံစံမျိုးစုံနဲ့ လမ်းပေါ်ထွက် လာကြတာတွေ၊ သံပုံးတီးကြတာတွေက ဂျင်းရှပ်ရဲ့ နည်းနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနာတွေနဲ့ လူထုရဲ့ Social Psychology ကို အချိန်ကိုက်အသုံးချ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုလှုံ့ဆော်ချိတ်ဆက် မှုတွေအားလုံးရဲ့ အဓိကလမ်းကြောင်းက ဆိုရှယ် မီဒီယာများပဲ ဖြစ်ပါတယ်။
တကယ်တော့ ဂျန်ဇီး (GenZ) လို့အမည်လှလှ လေးတပ်ပေးလိုက်တဲ့ လူငယ်ထုဟာ ၂၀၁၀ ပြည့်နှစ် ကစလို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နောက်ပိုင်းမှာ အရွယ်ရောက်ခဲ့သူတွေဖြစ်ပြီး အိုင်တီနည်းပညာ တွေနဲ့ နီးစပ်တဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပွင့်လင်းလွတ်လပ် လာတဲ့ သတင်းမီဒီယာနဲ့ နိုင်ငံရေးအခြေအနေကို အမြတ်ထုတ်ပြီး ၎င်းတို့ အလိုကျ အတွေးအခေါ်များ၊ ယဉ်ကျေးမှုများနဲ့ နီးစပ်ပေးခြင်းခံခဲ့ရတဲ့ မျိုးဆက် လို့လည်း ဆိုနိုင်ပါတယ်။ GenZ လေးများရဲ့ လူငယ် သဘာဝ တက်ကြွတဲ့စိတ်အခံကို အသုံးချခဲ့ကြပါတယ်။
ပုံစံမျိုးစုံဆန္ဒပြမှုတွေနဲ့အတူ ပေါ်ထွက်လာတာ က အစိုးရယန္တရား မလည်ပတ်နိုင်အောင်နဲ့ ပျက်စီး သွားအောင် အစိုးရဝန်ထမ်းများ ရုံးမတက်ကြဖို့ CDM လှုံ့ဆော်မှုတွေ ဖြစ်ပါတယ်။ တကယ်တော့ ဝါဒဖြန့်ချိသူတွေဟာ CDM လုပ်လာမယ့် ဝန်ထမ်း တွေကို တာဝန်ယူပေးနိုင်မှာမဟုတ်ပေမယ့်လည်း အများကြိုက် ငွေကြေးမက်လုံးနဲ့ ဆွဲဆောင်မှုများ၊ ရာထူး/နေရာနဲ့ ဆွဲဆောင်မှုတွေနဲ့ လူကြိုက်များ အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ် မှာ CDM မအောင်မြင်နိုင်ကြောင်း သုံးသပ်ရေးသားပြ ခဲ့သူတွေ ရှိပေမယ့် သူတို့ရဲ့စကားသံက ကန့်သတ် ထားခြင်းခံရတာကြောင့် ထင်တိုင်းမပေါက်ခဲ့ကြပါ ဘူး။ ယခုလက်တွေ့မှာတော့ CDM ဆိုတဲ့ အသံတွေ တိုးတိတ်သွားပြီး NUG အကြမ်းဖက်အဖွဲ့နဲ့ လေလှိုင်းပေါ်က လူသတ်သမားများဟာ CDM သမားတွေကို ပစ်ပယ်လိုက်ကြပါပြီ။ သူတို့ရဲ့ ဝါဒ ဖြန့်လှုံ့ဆော်မှုတွေကို ယုံကြည်မိခဲ့တဲ့ ဝန်ထမ်း တချို့ နယ်စပ်မှာ ဘဝပျက်စီးနေကြပြီး မိသားစု ဘဝတွေလည်း ကြေမွသွားခဲ့ကြပါတယ်။ နစက အစိုးရကတော့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ပြန်လည်ခေါ်ယူမှုတွေ ဆောင်ရွက်နေတာ တွေ့ရ လို့ ဝမ်းသာမိပါတယ်။
အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်
CDM လှုံ့ဆော်မှုတွေ မအောင်မြင်နိုင်မှန်းသိလိုက်တဲ့အချိန်မှာတော့ အနောက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေ တဲ့ ပြည်သူကို ဆိုရှယ်မီဒီယာတွေကနေ လှုံ့ဆော် ပြီး အကြမ်းဖက်ဆောင်ရွက်မှုတွေဆီ စနစ်တကျ လမ်းကြောင်းပြောင်းလဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကိုက်ပဲ အမေရိကန်နိုင်ငံသားတစ်ဦးက မြန်မာလူငယ်တွေကို အွန်လိုင်းကနေ အကြမ်းဖက် သင်တန်းတွေပေးခဲ့ပြီး အကြမ်းဖက် NUG အဖွဲ့က ဆာဆာ တက်ရောက်ခဲ့တဲ့ အထောက်အထားကို စင်ကာပူ အခြေစိုက်မီဒီယာတစ်ခု ဖော်ထုတ်ခဲ့ပါ သေးတယ်။ သူတို့အသုံးချခဲ့ကြတာက ပညာအခြေခံ နည်းပါးသူတွေ၊ NLD ကိုထောက်ခံတဲ့ နိုင်ငံရေး အစွန်းရောက်သူတွေနဲ့ ဖျက်လိုဖျက်ဆီးစိတ်ဓာတ် အခံရှိသူတွေကို ရှေ့တန်းတင်စည်းရုံးပြီး နိုင်ငံနဲ့ အဝန်း အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်ဖို့ လှုံ့ဆော်ဝါဒဖြန့်ချိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အပြစ်မဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူလူထုကို ဒလန်လို့ စွပ်စွဲပြီး အကြောင်းမဲ့အကြမ်းဖက် သတ်ဖြတ် မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ တရားခံအစစ်က ပြည်တွင်း/ပြည်ပ မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများ ဖြစ်ပါတယ်။
နောက်ထပ်သိသာထင်ရှားတာတစ်ခုက အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေ ပညာ ရေးအတွက် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ပေးတဲ့အချိန်မှာ ကလေးတွေ ကျောင်းမတက်ကြအောင်၊ ကျောင်းမတက်ရဲကြ အောင် အမျိုးမျိုး လှုံ့ဆော်ဝါဒဖြန့်ခဲ့ကြပါတယ်။ မြေပြင်မှာလည်း စာသင်ကျောင်းတွေကို ဗုံးခွဲတာ၊ မီးရှို့တာတွေကို တစ်ပြိုင်နက်ကျူးလွန်ခဲ့ကြပါ တယ်။ သို့ပေမယ့်လည်း အစိုးရရဲ့ စေတနာအမှန်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေရဲ့ ပညာရေးကို နားလည်တဲ့ မိဘပြည်သူတွေကြောင့် သူတို့ရဲ့ ဝါဒ ဖြန့်ချိမှု ရာနှုန်းပြည့်မအောင်မြင်ခဲ့ဘဲ ကျောင်းသား/ သူ အများစု ကျောင်းပြန်တက်နေကြတာ ဝမ်းသာ စရာ မြင်ကွင်းပဲဖြစ်ပါတယ်။
သတင်းအဆိပ်ခတ်မှု ဆောင်ရွက်
နိုင်ငံရေးနဲ့ ပညာရေးမှာသာမက စစ်ရေးမှာ လည်း သတင်းအဆိပ်ခတ်မှုတွေ ဝါဒဖြန့်ချိမှု တွေ လုပ်ဆောင်နေကြတာပါပဲ။ လတ်တလော တပ်မတော်ရဲ့ ဥကရစ်ထစခန်းကို ပြည်ပငွေကြေး ထောက်ပံ့မှုနဲ့ PDF လေးတွေကို အသုံးချပြီး တိုက်ခိုက်ခဲ့ပေမယ့်လည်း KNDO နဲ့ PDF တွေ စခန်းသိမ်းလို့မရဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ့် ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ဒီစခန်းကို စတင် တိုက်ခိုက်တဲ့အချိန်မှာပဲ စခန်းသိမ်းနိုင်ပြီဖြစ် ကြောင်း ကြိုတင်ဝါဒဖြန့်ခဲ့ကြပြီး၊ သေဆုံးသွားတဲ့ PDF နဲ့ KNDO အလောင်းတွေကို စုပုံပြီး တပ်မတော် ဘက်က ကျဆုံးလေသယောင် ဝါဒဖြန့်နေကြတာ ပါပဲ။ တကယ်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ အတွက်တော့ အရှုံးချည်းပဲဆိုတာကို နားလည် တဲ့အတွက် နစကအစိုးရကတော့ ငြိမ်းချမ်း ရေးဖိတ်ခေါ်ဆွေးနွေးမှုကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ နစကဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားချက်က နစကအစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို ပြည်သူတွေကို သတင်းမှားတွေနဲ့ လှုံ့ဆော်တာ၊ အဆိပ်ခတ်တာ များလာတဲ့အတွက် အမှန်တရားကိုလိုလားတဲ့ ပြည်သူတွေထဲကပဲ စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေရှိလာပါတယ်။ ဒီအဖွဲ့တွေထဲက Fact Check ဆိုတဲ့အဖွဲ့ကတော့ အတော်လေး တစိုက်မတ်မတ်ဆောင်ရွက်နေတာ ကို တွေ့ရပါတယ်။ ဒီအဖွဲ့က ဖော်ထုတ်ထားတဲ့ အချက်အလက်တွေအရ ပြည်ပအထောက်အပံ့ ယူပြီး ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာများဖြစ်တဲ့ DVB ၊ Khit Thit ၊ Mizzima နဲ့ Ayeyarwaddy Times အပါအဝင် အခြားသော သတင်းမီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ် သမားများရဲ့ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန်တွေကို ရှင်းရှင်းလင်းလင်း သိရှိပါ တယ်။ Fact Check အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လတစ်လအတွင်းမှာ ပြည်ဖျက်မီဒီယာတွေကနေ ထုတ်လွှင့်နေတဲ့ လုပ်ကြံသတင်းအတု ၃၅၆ ပုဒ်၊ သတင်းအမှား ၈၇ ပုဒ်၊ သတင်းအမှန် ၁၂၇ ပုဒ် ရှိကြောင်း တွေ့ရှိရလို့ အဆိုပါမီဒီယာတွေကနေ ထုတ်လွှင့်ရေးသားချက်တွေရဲ့ ၄ ပုံ ၃ ပုံက အမှားတွေဖြစ်တယ်ဆိုတာကို ပြည်သူများ သိရှိ နားလည်စေချင်ပါတယ်။
နံပါတ် (၁) အဝါရောင်လေးနဲ့ ဝိုင်းပြထားတဲ့ “လုပ်ကြံသတင်းအတု” ဆိုတာက ဖြစ်စဉ်လုံးဝမရှိဘဲ မြေပြင်မှာ အမှန်တကယ် ဖြစ်နေသလိုမျိုး ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး လုပ်ကြံ ဖန်တီးရေးသားထားတဲ့ သတင်းများဖြစ်ပါတယ်။
PDF အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ် ပေမယ့် PDF လုပ်တယ်လို့မပြောဘဲ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက လုပ်ဆောင်သလိုမျိုး မီဒီယာတွေပေါ်မှာ တင်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ နံပါတ် (၂) အစိမ်း ရောင်လေးနဲ့ ဝိုင်းပြထားတဲ့ “သတင်းအမှား”ဆိုတာ ကတော့ လက်တွေ့မြေပြင်မှာ ဖြစ်စဉ်အမှန်တကယ် ဖြစ်ခဲ့ပေမယ့် တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပိုပြော ထားတဲ့ သတင်းဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ် အမှန်တွေကြားမှာ သတင်းဖတ်သူတွေကို ဇဝေဇဝါဖြစ်စေမယ့် သူတို့ဖြစ်စေချင်တဲ့ အကြောင်း အရာတွေ၊ အတွေးအခေါ်တွေကို ထည့်သွင်း ရေးသားထားတဲ့ “သတင်းအမှား” များဖြစ်ပါတယ်။
ပြည်ဖျက်မီဒီယာများရဲ့ သတင်းအတု၊ သတင်း အမှားများကို Fact Check အဖွဲ့ရဲ့ စိစစ်ချက်အရ PDF အကြမ်းဖက်အဖွဲ့တွေဟာ NUG အဖွဲ့ရဲ့ စေခိုင်း ချက်အတိုင်း “ငါနဲ့မတူငါ့ရန်သူ” ဆိုပြီး သူတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ် ထားပြီး အကြောင်းမဲ့သတ်ဖြတ်နေတာကို တွေ့ရပါ တယ်။ ဒီလိုသတ်ဖြတ်ကြတဲ့ သတင်းတွေမှာလည်း အပြစ်မဲ့ပြည်သူတွေကို ဒလန်ဆိုပြီး စွပ်စွဲဖော်ပြ ထားကြောင်း တွေ့ရပါတယ်။
လေလှိုင်းပေါ်က လူသတ်သမားများ
ဒီဖြစ်စဉ်တွေကို ကြည့်ရမယ်ဆိုရင် အေးချမ်းစွာနေထိုင်တဲ့ပြည်သူတွေဟာ ၎င်းတို့ရဲ့ လူမှုဘဝ အဆင်ပြေဖို့ ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေချိန်မှာ ကြောက်စိတ်တွေ လွှမ်းမိုးလာအောင် PDF အကြမ်း ဖက်သမားတွေက ရက်ရက်စက်စက် သတ်ဖြတ်ပြ နေကြတာကို မီဒီယာတွေကနေတစ်ဆင့် လှုံ့ဆော် ပေးနေတာဖြစ်ပါတယ်။ သူတို့ရဲ့ သတ်ဖြတ်မှုတွေ ဟာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ သီလရှင် မခွဲခြားတော့ဘဲ သူတို့ကိုမထောက်ခံတဲ့သူမှန်သမျှကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်နေကြ ခြင်း ဖြစ်ပါတယ်။ နယ်မြို့တွေမှာရှိတဲ့ ပြည်သူတွေ ဆိုရင် နေအိမ်များပါ မီးရှို့တဲ့အထိ PDF များက ရက်စက်ကြပါတယ်။ ဒီလို PDF များရဲ့ ရက်စက်မှု တွေကိုလည်း ဒေါ်လာစား မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများနဲ့ အောက်လုံး ထိုးသမားတွေက အမြဲဖုံးကွယ်ထားကြပါတယ်။
သတင်းတွေကို ချင့်ချိန်ပြီးယုံ
ဒါကြောင့် ဒီလိုငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး လုပ်ကြံသတင်းအတု၊ သတင်းအမှားတွေကို သတင်းအဆင့်အတန်းမရှိစွာနဲ့ ထပ်ခါတလဲလဲ ရေးသားဖော်ပြနေတဲ့ မီဒီယာအမည်ခံ သတင်းဌာန များကို ပြည်ဖျက်မီဒီယာများ၊ ကျင့်ဝတ်သိက္ခာ မရှိသော ဝါဒမှိုင်းတိုက်နေတဲ့ မီဒီယာများ၊ သတင်းရောင်းစားသူများ၊ လေလှိုင်းပေါ်က လူသတ် သမားများအဖြစ် သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အမှန်တော့ မီဒီယာအမည်တောင် ခံယူထိုက်သူတွေ မဟုတ်ပါဘူး။ တကယ့်မီဒီယာသမားစစ်စစ်တွေ အတွက် သိက္ခာကျရပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သတင်းအတု၊ သတင်းအမှားတွေကို ပြည်သူတွေယုံမှားပြီး အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲအောင်၊ ပြည်သူနဲ့ တပ်မတော်ကြား သွေးကွဲ အောင်၊ အမြင်မကြည်အောင် လုပ်ဆောင်နေခြင်း ဖြစ်တဲ့အတွက် သတင်းဖတ်ရှုကြတဲ့ ပြည်သူများ အနေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအမှားတွေ ကို မယုံကြည်ဖို့နဲ့ Social Media ပေါ်ရှိ သတင်း တွေကို ချင့်ချိန်ပြီးယုံကြပါလို့ စေတနာရှေ့ထားပြီး ရေးသားတင်ပြလိုက်ရပါတယ်။ ။
- Log in to post comments