မီဒီယာ၊ လူမှုကွန်ရက်နှင့် ကျင့်ဝတ်

Type
၅

 

မယ်စူးစမ်း

 

 အတွေးအခေါ်ပညာရှင်  ဘလက်ဘန်းဆိုသူက “လူသားဆိုသည်မှာ ကျင့်ဝတ်ရှိသော သတ္တဝါများဖြစ်သည်” ဟု ဆိုခဲ့သည်။ လူ့လောကတွင် ရှင်သန်နေထိုင်ရာ၌ ကဏ္ဍအသီးသီးအလိုက် လိုက်နာစောင့်ထိန်းရသော ကျင့်ဝတ်များစွာရှိပါသည်။

 

အနောက်တိုင်းနှင့် အရှေ့တိုင်း၏ ကျင့်ဝတ်နှင့်သက်ဆိုင်သည့် တွေးခေါ် ယူဆချက်များကို လေ့လာကြည့်မည်ဆိုပါက အရှေ့တိုင်းသားတို့၏ ကျင့်ဝတ်ဆိုင်ရာအတွေးအခေါ်မှာ လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့သည်  တစ်ခုနှင့်တစ်ခု  အမြဲဆက်စပ်နေသည်ဟူသောအချက်ကို အဓိကထားပြီး အနောက်တိုင်းကမူ လက်တွေ့အသုံးကျမှု၊ တာဝန်ရှိမှုနှင့် ပုဂ္ဂိုလ် တစ်ဦးချင်း၏ ကိုယ်ကျင့်သီလအပေါ်  အခြေခံချဉ်းကပ်တွေးခေါ်သည်ကို  တွေ့ရှိရပါသည်။

 

ဝေါဟာရနှင့်အနက်အဓိပ္ပာယ်


“ကျင့်ဝတ်” (Ethics) ဟူသော      စကားလုံးသည် ဂရိစကားလုံး Ethos မှ    ဆင်းသက်လာခြင်းဖြစ်ပြီး “အကျင့်စရိုက်” ဟု အဓိပ္ပာယ်ရကာ လူကောင်း တစ်ယောက်ဖြစ်စေရန် မည်သို့သော ကောင်းမွန် သည့်  အကျင့်စရိုက်ရှိသင့်သည်ဆိုသောအချက်ကို ဆိုလိုခြင်းဖြစ်ပါသည်။     ကျင့်ဝတ်ဆိုသည်မှာ တစ်နည်းအားဖြင့်     စံတန်ဖိုးတစ်ခုအဖြစ်လည်း ဆိုနိုင်ပါသည်။  

 

တစ်စုံတစ်ရာနှင့်  ပတ်သက်ပြီး မည်သို့ဆောင်ရွက်သင့်သည်ဆိုသည့်  ဒွိဟဖြစ်ဖွယ် အခြေအနေမျိုးတွင်    ပြန်လည်ဆင်ခြင်သုံးသပ် ရသည့် လမ်းညွှန်ချက်တစ်ခုလည်း ဖြစ်ပါသည်။

 


“မီဒီယာ” ဟူသော ဝေါဟာရကိုမူ မယ်ရီရမ်-ဝက်ဘ်စတာ အဘိဓာန်တွင် “လူထုအတွင်း သတင်း အချက်အလက်များ ဖြန့်ဝေပေးသည့်ဆက်သွယ်ရေး  အဖွဲ့အစည်းများနှင့်     ဆက်သွယ်ရေးစနစ်” ဟု လည်းကောင်း၊        Dictionary ဝက်ဘ်ဆိုက်တွင်  “ပြည်သူလူထုထံ  ကျယ်ကျယ်ပြန့်ပြန့်    လွှမ်းမိုး ရောက်ရှိစေသည့်    ရေဒီယိုနှင့်  ရုပ်မြင်သံကြား၊  သတင်းစာများ၊ မဂ္ဂဇင်းများနှင့် အင်တာနက်ကဲ့သို့ သော ဆက်သွယ်ရေးနည်းလမ်း”ဟု လည်းကောင်း ဖွင့်ဆိုထားပါသည်။ 

 


ထို့ကြောင့်   “မီဒီယာကျင့်ဝတ်”   ဆိုသည်မှာ  မီဒီယာလုပ်ငန်းဖော်ဆောင်ပေးသူများနှင့်    ဖြန့်ဝေ သူများ လိုက်နာရမည့် အပြုအမူဆိုင်ရာ မှန်ကန် သောစံနှုန်းများ သို့မဟုတ်  ပြုမူဆောင်ရွက်သင့်သည့် အခြေခံမူများဟု အလွယ်မှတ်သားနိုင်ပါသည်။

 


မီဒီယာအသစ်များပေါ်ပေါက်ခြင်း

 

ယနေ့ကမ္ဘာတွင် ခေတ်သစ်နည်းပညာနှင့်အတူ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍ များတွင်  နိုင်ငံတကာ  အသိုင်းအဝိုင်းနှင့်  အပြန် အလှန် ပတ်သက်ဆက်ဆံမှုများ  တိုးတက်လာမှု ကြောင့်    မီဒီယာ   အမျိုးအစားအသစ်များလည်း ပေါ်ပေါက်လာခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း အစရှိသည့် ပုံနှိပ်မီဒီယာများ၊ ရေဒီယိုနှင့် ရုပ်မြင် သံကြားတို့ကဲ့သို့   ရုပ်သံမီဒီယာများနှင့်  “New Media”ဟူသော အင်တာနက်အသုံးပြု၍ တင်ပြရ သည့်    ဘလော့များ (Blogs)၊   လူမှုကွန်ရက်များ (Social Networking Sites – SNSs)၊ ဝက်ဘ်ဆိုက် များ(Websites)စသည့်     မီဒီယာနှင့်   မီဒီယာ အသုံးပြုသူတို့  အပြန်အလှန်တုံ့ပြန်နိုင်သော Social Media, Online Media များလည်း ပေါ်ပေါက်လာ ပါသည်။ 

 


အဆိုပါ မီဒီယာပုံစံအသစ်များကြောင့် ကျင့်ဝတ် ဆိုင်ရာ  ပြဿနာအသစ်များသည်လည်း  ပိုမိုဖြစ် ပေါ်လာရပါသည်။ ဆိုရှယ်မီဒီယာကဲ့သို့ ခေတ်သစ်  မီဒီယာပုံစံများနှင့် သတင်း၊ စာနယ်ဇင်း၊ ရုပ်သံ မီဒီယာများကဲ့သို့သော  သမားရိုးကျ   မီဒီယာပုံစံ များတွင်လည်း ကျင့်ဝတ်သိက္ခာရှိမှုသည် အရေးပါ လျက်ရှိပါသည်။ 

 


မီဒီယာကျင့်ဝတ်အရေးကြီး


မည်သည့်မီဒီယာအမျိုးအစားတွင်မဆို ပြည်သူ လူထုထံ    သတင်းအချက်အလက်များ   တင်ပြရာ၌ မှန်ကန်မှုရှိစေရန်၊   တိကျစေရန်၊    လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်၊   တာဝန်ယူ၊   တာဝန်ခံမှုရှိရ မည်မှာ အခြေခံမီဒီယာကျင့်ဝတ်ဆိုင်ရာ အချက်များ ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မီဒီယာ သည် မှန်ကန်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေလျှင်  ပြည်သူလူထုကို အကျိုးပြုနိုင်သော် လည်း သတင်းအတုအယောင်၊ သတင်းမှားများကို ဖြန့်ဝေမည်ဆိုပါက  လက်နက်တစ်ခုသဖွယ်   လူ တစ်ယောက်    သို့မဟုတ်     အဖွဲ့အစည်းတစ်ခုကို အန္တရာယ်ပြုနိုင်၊ ဒုက္ခပေးနိုင်သောကြောင့် ဖြစ်ပါ သည်။  မိမိ၏ ဆင်ခြင်သုံးသပ်မှုအားနည်းခြင်း ကြောင့် သတင်းအချက်အလက်များ လွဲမှားသွား လျှင်ဖြစ်စေ၊    မိမိအကျိုးစီးပွားကို   မျှော်ကိုးပြီး လိမ်လည်ရေးသားလျှင်ဖြစ်စေ  မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ရာရောက်နေမည်ဖြစ်ပါသည်။

 


အဝါရောင်မီဒီယာ


ကျင့်ဝတ်နှင့်ညီသော  မီဒီယာတစ်ခုဖြစ်လာ ရေးနှင့် လူကြိုက်များသော မီဒီယာတစ်ခုဖြစ်လာ ရေးတို့သည် အမြဲ ပဋိပက္ခဖြစ်စေသော အခြေအနေ တစ်ရပ်ကို ဖန်တီးလေ့ရှိပါသည်။ မီဒီယာနယ်ပယ် မှာပင် အဝါရောင်မီဒီယာ (Yellow Journalism) များသည်     မီဒီယာပရိသတ်ကို    ပိုမိုဆွဲဆောင် နိုင်ကြပါသည်။ အဝါရောင်မီဒီယာ(Yellow Journ‌a- lism) ဆိုသည်မှာ မှန်ကန်သည့် အချက်အလက်ကို အခြေခံခြင်းမဟုတ်ဘဲ       လူစိတ်ဝင်စားမည့် အကြောင်းအရာကိုသာ   တင်ပြ၍   ပရိသတ်ကို ဆွဲဆောင်ကာ  မိမိတို့မီဒီယာ စီးပွားရေးအကျိုး အမြတ်ရရှိရေးကိုသာ  ဦးတည်သည့် မီဒီယာအမျိုး အစားဟု အကြမ်းဖျင်း မှတ်ယူနိုင်ပါသည်။ မြန်မာ နိုင်ငံတွင်လည်း  ပရိသတ်ကို   ပိုမိုဆွဲဆောင်နိုင်ရန် မီဒီယာများသည် အဝါရောင်ဘက်ကို တဖြည်းဖြည်း ပြောင်းလဲလာကြသည်ကို      စိတ်မကောင်းဖွယ် မြင်တွေ့နေရပါသည်။ 

 


မြန်မာနိုင်ငံ၏ အွန်လိုင်းမီဒီယာခရီးအစ


မြန်မာနိုင်ငံ၏ မီဒီယာလမ်းခရီးသည် သမ္မတ ဦးသိန်းစိန်လက်ထက်    ၂၀၁၀ - ၂၀၁၅ ခုနှစ်တွင်  သိသိသာသာ ချောမွေ့ပြောင်းလဲလာခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်များလည်း  ရရှိခဲ့ကြပါသည်။ ဆိုရှယ် မီဒီယာအသုံးပြုမှုသည်လည်း ဈေးချိုသော ဖုန်း ဆင်းမ်ကတ်များနှင့် မိုဘိုင်းလ်အင်တာနက် ရရှိလာ မှုတို့နှင့်အတူ   တစ်ရှိန်ထိုး  တိုးတက်လာခဲ့သည်မှာ စာဖတ်သူတို့အားလုံး အသိပင်ဖြစ်ပါသည်။ အင်တာ နက်အသုံးပြုရန် အင်တာနက်ဆိုင်တွင် တစ်နာရီ ၅၀၀ ကျပ်ပေး၍လည်းကောင်း၊ Internet Modem card များဝယ်ယူပြီး ကြိုးဖုန်းများနှင့် ခက်ခက်ခဲခဲ ချိတ်ဆက်၍လည်းကောင်း        အသုံးပြုမှရသည့် အင်တာနက်ကို  ၁၅၀၀ ကျပ်တန်  ဆင်းမ်ကတ် တစ်ကတ်နှင့် Smart Phone တစ်လုံး ရှိရုံမျှဖြင့် အသုံးပြုနိုင်သည့်အချိန်တွင် ကလေး၊  လူကြီးမရွေး လှည်းနေလှေအောင်း  မြင်းဇောင်းမကျန်  ဆိုရှယ် မီဒီယာ (Social Media)၊    ဆိုရှယ်နက်ဝပ်  ပလက် ဖောင်း(Social Network Platforms)များနှင့် ရင်းနှီး လာခဲ့ပါတော့သည်။ 

 


မြန်မာနိုင်ငံတွင် Social Networking Sites–  SNSs များထဲ၌  Facebook သည် လူထုအသုံးပြုမှု အများဆုံးနှင့် သတင်းစီးဆင်းမှုအမြန်ဆုံး ဖြစ်ပါ သည်။ မြန်မာပြည်သူ/ပြည်သား တို့၏ နေ့စဉ်ဘဝ တွင် Facebook သည် အဓိကကျသည့် အခန်းကဏ္ဍ မှ ပါဝင်လာပြီး လူသိများမှု၊ အောင်မြင်ကျော်ကြားမှု တို့နှင့်အတူ အချက်အလက်မှန်ကန်မှုများ အားနည်း ခြင်း၊ သတင်းမှား၊ သတင်းတုများကို ထိန်းချုပ်ရန် ခက်ခဲလာခြင်းတို့သည်လည်း အတူလိုက်ပါလာခဲ့ ပါသည်။ ထိုနည်းတူပင် မီဒီယာတို့၏ ကျင့်ဝတ်စောင့် စည်းလိုက်နာမှု အားနည်းချက်များ၊   ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏   မီဒီယာအသိပညာ အားနည်း ချို့တဲ့မှုတို့ကြောင့် ဘက်မလိုက်သော၊ မီဒီယာပီသ သော မီဒီယာများ တဖြည်းဖြည်း  ပျောက်ကွယ်လာ နေပြီး “မိမိနှင့်မတူလျှင် ရန်သူ” ဟူသည့် အစွန်း ရောက်ခံယူချက်များ၊ “မတူလျှင် မှားသည်” ဟူသည့် ဗဟုသုတနည်းပါးမှုများ၊ “အမြင်အသစ်ကို လက်မခံ နိုင်ခြင်း” ဟူသည့် သဘောထားကျဉ်းမြောင်းမှုများ သည်သာ ပို၍တိုးပွားလာနေသည်ကို တွေ့မြင်နိုင်ပါ သည်။ 

 


စတုတ္ထမဏ္ဍိုင်(The Fourth Estate)


စတုတ္ထမဏ္ဍိုင် (The Fourth Estate) ဟု ဆိုကြ သော မီဒီယာသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသော ထောက်တိုင်တစ်ခု ဖြစ် ပါသည်။    ခြေထောက်လေးဖက်ပါသော   စားပွဲ တစ်လုံးမှာ  တစ်ဖက်က  ကျိုးနေလျှင်  အဆိုပါ စားပွဲသည်   ဟန်ချက်ညီနိုင်ပါဦးမည်လော။    ထို သဘောတရားအတိုင်းပင်   ဖြစ်သည်။   မီဒီယာ၏ အဓိပ္ပာယ်မှာ  “medium” မှ  ဆင်းသက်လာပြီး ကြားခံဟု အဓိပ္ပာယ်ရပါသည်။ မီဒီယာသည် ပြည်သူ လူထုထံသို့  သိသင့်သိထိုက်၊  သိသင့်သိအပ်သော သတင်းအချက်အလက်များကို     ကြားမှနေ၍ ပို့ဆောင်ပေးရသူဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် မီဒီယာတို့သည် အဂတိတရားလေးပါး ကင်းစင်ပြီး ဘက်မလိုက်သော၊  တရားမျှတသော၊  ကျင့်ဝတ်နှင့် ညီသော မီဒီယာများဖြစ်ရန် အရေးကြီးပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် မီဒီယာကောင်းများ ကင်းမဲ့ ခြင်းသည်    တိုင်းပြည်၏   ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေသည်သာမက  ပြည်သူလူထုအပေါ် လည်း တာဝန်မကျေရာရောက်သည်ကို သတိပြု သင့်ပါသည်။ 

 


ကျင့်ဝတ်ဆိုင်ရာအခြေခံမူများ


ကျင့်ဝတ်စည်းမျဉ်းပေါင်း ၄၀၀ ကျော်ကို ကမ္ဘာ တစ်ဝန်းတွင် လက်ခံကျင့်သုံးခဲ့ပြီး ၁၉၄၅ ခုနစ်တွင် နိုင်ငံတကာသတင်းထောက်များအသင်း (Interna-  tional  Federation  of  Journalists – IFJ) က သဘောတူလက်ခံခဲ့သော သတင်းနှင့် စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ကမ္ဘာ့ထုတ်ပြန်ကြေညာချက် တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ မီဒီယာကျင့်ဝတ် ကို အဖွဲ့အစည်းအမျိုးမျိုးက  မူအမျိုးမျိုးဖြင့် ရေးဆွဲ ထားပြီး  တချို့မီဒီယာများသည်  မိမိတို့တိုက်ပိုင် မီဒီယာကျင့်ဝတ်များလည်း      ရှိတတ်ကြပါသည်။ အခြားထင်ရှားသော  မီဒီယာကျင့်ဝတ်မှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်အခြေစိုက် ကျွမ်းကျင်သတင်း ထောက်များအသင်း (Society of Professional Journalists – SPJ)၏ သတင်းသမား/မီဒီယာကျွမ်း ကျင်ပညာရှင်တို့အတွက် သတ်မှတ်ပေးထားသော ကျင့်ဝတ်ဆိုင်ရာ  အခြေခံမူ  လေးချက်မှာ အမှန် တရားကိုရှာဖွေပြီး သတင်းတင်ဆက်ခြင်း၊ ထိခိုက် နစ်နာမှု နည်းနိုင်သမျှနည်းစေခြင်း၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုရှိခြင်းတို့   ဖြစ်ကြသည်။  အဆိုပါအချက် လေးချက်ထဲမှ   တစ်ချက်ချင်းစီကို    အနည်းငယ် ကောက်နုတ်ဖော်ပြလိုပါသည်။

 


SPJ ၏ အခြေခံမူ နံပါတ်(၁) အရ မီဒီယာသမား များအား ၎င်းတို့၏ လုပ်ဆောင်ချက်များ တိကျ ခိုင်မာမှုအတွက် တာဝန်ယူမှုရှိရန်၊ သတင်းအချက် အလက်များကို ထုတ်ပြန်ခြင်းမပြုမီ အတည်ပြုရန် နှင့် တတ်နိုင်သမျှ မူလသတင်းရင်းမြစ်များကိုသာ ကိုးကားရမည်ဖြစ်ပြီး အစိုးရ၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း စောင့်ကြည့်ထိန်း ကျောင်းရန်    တာဝန်ရှိပါသည်။   မီဒီယာသမား များအနေဖြင့် အမှန်တရားရှာဖွေဖော်ထုတ်ရာတွင် တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးကို လေးစားမှုရှိရန် လည်း အရေးကြီးသည့်အပြင် အများပြည်သူသိရှိ ရန်လိုအပ်သည့်   မှန်ကန်သည့်   သတင်းအချက် အလက်များ    ရှာဖွေဖော်ထုတ်၍     မယိမ်းမယိုင် မတိမ်းမစောင်း  တင်ပြပေးရန်လည်း    တာဝန်ရှိပါ သည်။

 


အခြေခံမူ(၂)သည်  “ထိခိုက်နစ်နာမှု  နည်းနိုင် သမျှ နည်းစေရမည်” ဖြစ်ပါသည်။    ဆိုလိုရင်းမှာ “မီဒီယာသမားများသည် ၎င်းတို့၏ ထုတ်ဖော်တင်ပြ မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာမှုများ ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းအရင်းအမြစ်များ၊ တင်ပြမည့် အကြောင်း အရာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူလူထု အား   လေးစားထိုက်သည့်   လူသားများသဖွယ် သဘောထားလုပ်ဆောင်မှသာ  ကျင့်ဝတ်နှင့်ညီသော မီဒီယာဖြစ်လာမည် ဖြစ်ပါသည်။

 


ထို့ပြင်   လူငယ်များနှင့်   ပြစ်မှုကျူးလွန်ခံရသူများ အပါအဝင်  သတင်းဖော်ပြချက်ကြောင့်  ထိခိုက် ခံရသူတစ်ဦး  တစ်ယောက်ချင်းစီအပေါ်  စာနာ နားလည်မှုကို ဖော်ပြရမည်”ဟု    သတ်မှတ်ထားပါ သည်။ 

 


တာဝန်ယူမှုရှိသောလွတ်လပ်မှု


မီဒီယာသမားများသည် လွတ်လပ်စွာလုပ်ကိုင် ဆောင်ရွက်ရမည်ဟု ဆိုထားသည့် အခြေခံမူ (၃)တွင်  “ သတင်းနှင့်  စာနယ်ဇင်းအတတ်ပညာ၏ အဓိကတာဝန်မှာ       အများပြည်သူအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု  ဖော်ပြထားရာ မီဒီယာသမားများအနေဖြင့်   အများပြည်သူကို ပထမဦးစားပေးနေရာ၌     ထားရမည်ဖြစ်ပြီး ကြော်ငြာရှင်များ၊ အလှူရှင်များ  သို့မဟုတ်  အခြား သော အကျိုးစီးပွားများအပေါ်  အလေးပေးဖော်ပြ ခြင်းကို ရှောင်ကြဉ်ရမည်၊ ပြည်တွင်းပြည်ပမှ ဖိအား ပေးလွှမ်းမိုးမှုများကိုလည်း ခုခံကာကွယ်နိုင်စွမ်း ရှိရမည်” ဖြစ်ပါသည်။ 

 


စတုတ္ထမူဖြစ်သည့်  “  တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုရှိခြင်း”  တွင်  မီဒီယာသမားများသည် “ကျင့်ဝတ်ဆိုင်ရာ  ရွေးချယ်မှုများနှင့်  လုပ်ငန်းစဉ် များကို ပြည်သူလူထုအား  ရှင်းလင်းတင်ပြသင့်ပြီး မည်သို့သော အမှားကိုမဆို အသိအမှတ်ပြုဝန်ခံကာ အများပြည်သူသို့ ထုတ်ဖော်ပြောကြားရန်” လိုအပ် ပါသည်။ ထို့ပြင် “အမှားများကိုလည်း မဆိုင်းမတွ ချက်ချင်းပြင်ဆင်ရန်” အရေးကြီးပါသည်။ 

 


မီဒီယာနယ်ပယ်တွင် အကျိုးစီးပွားပဋိပက္ခ ဖြစ် ပွားမှုကို  ကိုင်တွယ်ဖြေရှင်းနည်းသည်  သတင်း မီဒီယာကျင့်ဝတ်၏   အခြေခံအကျဆုံးအပိုင်းဖြစ် သည့်  သတင်းနှင့်စာနယ်ဇင်းသမားများ  လိုက်နာ ရမည့်   အမြင့်ဆုံးကျင့်ဝတ်စံနှုန်းကို    လိုက်နာ စောင့်ထိန်းခြင်းအားဖြင့်      စည်းမျဉ်းနှင့်အညီ   ရပ်တည်ဖြေရှင်းသောနည်းလမ်း    ဖြစ်ပါသည်။ ထို့ပြင် အချို့စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ဌာနဆိုင်ရာဝန်ထမ်းများက      မိမိတို့ထုတ်လွှင့် လိုသော  သတင်းအကြောင်းအရာနှင့် စပ်လျဉ်းပြီး ထုတ်လွှင့်ပေးရန် မီဒီယာသမားများအား ငွေကြေး မြောက်မြားစွာထည့်ထားသည့်      စာအိတ်ညို (Brown Envelope) များကို ပေးခြင်းဖြင့်  မီဒီယာ ကဏ္ဍ   အဂတိလိုက်စားမှုကို  ဖြစ်ပေါ်စေပါသည်။ အဆိုပါ စာအိတ်ညို (Brown Enevelope) သည် မီဒီယာအတတ်ပညာဆိုင်ရာ     လွတ်လပ်စွာပြုမူ ဆောင်ရွက်မှုဟူသည့်   စည်းမျဉ်းကို ဆန့်ကျင်ခြင်း ဖြစ်ပြီး  အများပြည်သူထံသို့ လိမ်လည်၍ ဘက်လိုက် သည့် မီဒီယာအဖြစ် ဖြစ်ပေါ်လာစေပါသည်။

 


တစ်ဦးချင်းမီဒီယာ(Individual  Media)နှင့် 
ကျင့်ဝတ်


နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် ဆိုရှယ် မီဒီယာပေါ်တွင်   လူတိုင်းအား    မီဒီယာသမား တစ်ယောက်သဖွယ်      ပြုမူဆောင်ရွက်နိုင်ရန် အထောက်အကူပြုပါသည်။  စမတ်ဖုန်းတစ်လုံး ရှိရုံမျှဖြင့် သတင်းဖြစ်ရပ်များကို မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့်   ဗီဒီယိုရိုက်ကူးခြင်းတို့ကို ပြုလုပ်နိုင်ပြီး  သတင်းအချက်အလက် အကြောင်း အရာများကို တစ်ဦးမှတစ်ဦးသို့  လက်ဆင့်ကမ်း မျှဝေနိုင်ပြီး “ပြည်သူထဲက သတင်းသမားများ” ပေါ်ထွက်လာပါသည်။ တစ်ဖက်တွင်လည်း  မီဒီယာ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပိုမိုများပြားလာစေ ပါသည်။ 

 


အများပြည်သူသို့ သတင်းအချက်အလက်များ ဖန်တီးထုတ်လွှင့်သည့် မီဒီယာသမားများ၊ မီဒီယာ ကဏ္ဍအသီးသီးမှ မီဒီယာလုပ်ငန်းဆောင်ရွက်နေသူ များသာမက   မီဒီယာအသုံးပြုနေသူတိုင်းသည်  မီဒီယာကျင့်ဝတ်များကို  သိရှိထားရန်  လိုအပ်ပါ သည်။ မီဒီယာကျွမ်းကျင်သူများက မီဒီယာကျင့်ဝတ် များကို  မဖြစ်မနေ  လိုက်နာသင့်သကဲ့သို့ မီဒီယာ အသုံးပြုသူများသည်လည်း ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များ၊ စံနှုန်းများကို လက်ကိုင်ထားရမည် ဖြစ်ပါသည်။    အဘယ်ကြောင့်ဆိုသော်   ဆိုရှယ် မီဒီယာ၏  သဘာဝအရ မီဒီယာစောင့်ကြည့်အသုံး ပြုသူများကလည်း ရုပ်သံမှတ်တမ်းများနှင့် သတင်း အချက်အလက်များကို လူအမြောက်အမြားထံသို့ ပြန်လည်မျှဝေနိုင်သောကြောင့် ဖြစ်ပါသည်။ 

 


ဆိုရှယ်မီဒီယာထွန်းကားမှု  
(Social  Media Booming)


အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်      ဆိုရှယ် မီဒီယာထွန်းကားမှု (Social Media Booming) အရ လူတို့သည်  မနက်စာထမင်းဝိုင်းတွင်  သတင်းစာ ဖတ်သည့် အလေ့အကျင့်မှ ဖုန်းထုတ်၍ Facebook ကြည့်သည့် အလေ့အကျင့်သို့ ပြောင်းလဲလာခဲ့ပြီး တချို့သည်လည်း မီဒီယာအသိပညာ၊ ဗဟုသုတများ (Media Knowledge)၊  အကြောင်းအရာပါအချက် အလက်  မှန်/ မမှန်စစ်ဆေးခြင်း (Fact Checking)၊ မီဒီယာကျင့်ဝတ်  (Media Ethics)  နှင့်  သတင်း ရင်းမြစ်စစ်ဆေးခြင်း (Source Verification) တို့ကို သိရှိနားလည်လာကြပါသည်။      သို့သော်လည်း မီဒီယာအသုံးပြုသူအရေအတွက်နှင့်ယှဉ်ပါက ထိုသို့ သိရှိနားလည်သူအရေအတွက်  အင်မတန်နည်းနေ သေးကြောင်းကို Click-bait မီဒီယာများ ကျယ်ပြန့် လာနေမှုကိုကြည့်လျှင် သိနိုင်ပါသည်။ 

 


Click-bait မီဒီယာ


Click-bait မီဒီယာဆိုသည်မှာ သတင်းခေါင်းစီး ဖတ်လိုက်ရုံဖြင့်   အဆိုပါ  သတင်းတင်ထားသော ဝက်ဘ်ဆိုက်ထဲသို့   ပရိသတ်များ    ရောက်ရှိပြီး အကျိုးစီးပွားရှာဖွေသောမီဒီယာများ   ဖြစ်ပါသည်။ Click-bait မီဒီယာများသည်လည်း  လူမှုကွန်ရက် ပေါ်တွင် သတင်းမှား၊ သတင်းတုများ ပျံ့နှံ့နေခြင်း၏ အကြောင်းရင်းများစွာထဲမှ   တစ်ခုဖြစ်ပါသည်။ ထို့အတွက်   မီဒီယာတို့၏   ကျင့်ဝတ်လိုက်နာ စောင့်ထိန်းမှု အရေးကြီးသကဲ့သို့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏ မီဒီယာဗဟုသုတ ကြွယ်ဝခြင်း၊ မီဒီယာနှင့်စပ်လျဉ်းသည့်  အသိပညာများရှိခြင်းတို့ သည်လည်း    ချန်လှပ်ထား၍မရသည့်  အချက်ဖြစ် ကြောင်း      ထည့်သွင်းစဉ်းစားစေခြင်း     ဖြစ်ပါ သည်။ 

 


ဆိုရှယ်မီဒီယာများဟု    ဆိုရာတွင်   Social Influencers     (ဆိုရှယ်မီဒီယာအပေါ်တွင် လွှမ်းမိုးမှု ရှိသူ သို့မဟုတ်    အရပ်အခေါ်အရ   ဖေ့စ်ဘွတ်ဆယ်လီ‌  Facebook   Celebrities) များလည်း  အကျုံးဝင်ပါ သည်။ ၎င်းတို့သည်လည်း မီဒီယာတစ်ခုကဲ့သို့ပင်  Followers  များလျှင်များသလောက်  လွှမ်းမိုးမှုရှိပြီး သတင်းတု၊   သတင်းမှားပျံ့နှံ့မှုကွန်ရက်ကို    ပိုမို ကြီးထွားနိုင်စေသောကြောင့်   မီဒီယာကျင့်ဝတ် လိုက်နာရန် လိုအပ်ပါသည်။   မီဒီယာကျင့်ဝတ်ကို  လိုက်နာစောင့်ထိန်းကြရန်မှာ  မီဒီယာများ၊   Social Influencers   များသည်သာမက  ဆိုရှယ်မီဒီယာ        အသုံးပြုသူတစ်ဦးချင်း၊   တစ်ယောက်ချင်းစီတိုင်းက       လိုက်နာကြရမည်ဖြစ်ပါသည်။      ဆိုရှယ်မီဒီယာ ပေါ်တွင်     သတင်းအချက်အလက်တစ်ခုသည်     တစ်ယောက်မှသည် ဆယ်ယောက်၊  ဆယ်ယောက်မှ သည်  အယောက်တစ်ရာ၊  ထောင်၊ သောင်းသို့  ပျံ့နှံ့ သွားဖို့ အချိန်အနည်းငယ်မျှပင် မကြာပါ။ ထို့အတွက် ဆိုရှယ်မီဒီယာအသုံးပြုသူတိုင်းက  သတင်းအချက် အလက်တစ်ခုကိုမြင်သည့်အချိန်  သို့မဟုတ်  မိမိမှ ပြန်လည်မျှဝေရာတွင် ကြိုတင်စဉ်းစားရမည့်အချက် များ ရှိပါသည်။ 

 


မီဒီယာကျင့်ဝတ်


မီဒီယာ ပရော်ဖက်ရှင်နယ်များအနေဖြင့်လည်း   သတင်းတစ်ခုကို   ထုတ်ပြန်ရေးသားခြင်းမပြုမီ လိုက်နာဆောင်ရွက်သင့်သည့်   ကျင့်ဝတ်များစွာ ထဲမှ အောက်ပါမေးခွန်းများဖြင့် ပြန်လည်စိစစ်ရ မည် ဖြစ်ပါသည်-


v တင်ပြမည့်အကြောင်းအရာသည်   တိကျ
    မှန်ကန်မှုရှိပါသလား။
v  သတင်းအချက်အလက်အရင်းအမြစ်များကို
    အတည်ပြုပြီးဖြစ်ပါသလား။
v သတင်းအချက်အလက်များကို မျှဝေ
    ခြင်းဖြင့် တစ်စုံတစ်ယောက်အား ထိခိုက် 
    နစ်နာမှု ရှိနိုင်ပါသလား။ 
v  သတင်းအကြောင်းအရာသည်  အုပ်စုနှစ်ခု
    အကြောင်းဆိုပါက    နှစ်ဖက်အုပ်စုလုံး၏ 
    အသံကို နားထောင်ပြီးပြီလား။
v  On the record/ Off the record စည်းမျဉ်း 
     နှင့် ကိုက်ညီမှုရှိရဲ့လား။ 


ထို့ပြင်  မိမိထုတ်ပြန်လိုက်သော သတင်းသည် အချက်အလက်မှားယွင်းစွာ  ဖော်ပြမိပါကလည်း သတင်းအမှားပြင်ဆင်ချက်ကို    အချိန်မဆိုင်း ပြန်လည်ထုတ်ပြန်ပေးရမည်  အစရှိသည်တို့သည် မီဒီယာသမားများအားလုံး  သိရှိနားလည်ထားပြီး သား  ကျင့်ဝတ်ဆိုင်ရာ အကြောင်းခြင်းရာများပင် ဖြစ်ပါသည်။   သိရှိနားလည်နေရုံနှင့်   မပြီးသေး၊ လိုက်နာဆောင်ရွက်မှသာ  ကျင့်ဝတ်နှင့်ညီသော မီဒီယာကောင်းများ ဖြစ်လာမည်ဖြစ်ပါသည်။ 

 


သတင်းတု၊ သတင်းမှားများ စိစစ်


ဆိုရှယ်မီဒီယာပေါ်တွင် သတင်းမှား၊ သတင်းတု များ    ထိန်းချုပ်ရာမဲ့ပျံ့နှံ့နေပြီး   ထိုသတင်းတု၊ သတင်းမှားများအပေါ်  Like ပေးခြင်း၊  React တစ်ခုခုပြုလုပ်ခြင်း၊   Share   လုပ်ခြင်းတို့သည် သတင်းမှား၊    သတင်းတုများ  ပျံ့နှံ့စီးဆင်းမှုကို တွန်းအားပေးရာရောက်ပြီး သတင်းဖောင်းပွမှုကို လည်း ဖြစ်စေပါသည်။  ထို့ကြောင့် လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့်  အကြောင်းအရာတစ်ခုကို ပြန်လည်မမျှဝေမီ သတင်းမှား၊ သတင်းတု ဟုတ်/မဟုတ်ကို  စဉ်းစားဆင်ခြင်၍ စစ်ဆေးရန် လိုအပ်ပါ သည်။  သတင်းမှား၊  သတင်းတုများကို ယေဘုယျ အားဖြင့် အောက်ပါအချက်များကို စိစစ်၍သိရှိနိုင်ပါ သည်-


v သတင်းတင်ပြသည့် ရက်စွဲကို ကြည့်ပါ။ 
    သတင်းရင်းမြစ်ကို စစ်ဆေးပါ။ 
v မိမိဖတ်ရှုနေသောသတင်းကို        အခြား 
    သတင်းရင်းမြစ်များက         တင်/ မတင် 
    ဆိုသည်ကို စုံစမ်းပါ။
v သတင်းခေါင်းစဉ်နှင့်အတူ သတင်းတစ်ပုဒ် 
    လုံးကို ဖတ်ရှုပါ။
v သတင်းပါ အထောက်အထားများကို 
    စိစစ်ပါ။
v ဓာတ်ပုံပါတိုင်း မယုံကြည်ပါနှင့်။ 

 


မီဒီယာကျင့်ဝတ်ကို    စောင့်ထိန်းလိုက်နာရ မည်မှာ မီဒီယာသမားများလိုက်နာရမည့် အခြေခံမူ ဖြစ်သည့်အပြင် ဥပဒေကိုကျော်လွန်ပြီး ရေးသားပါ ကလည်း တရားစွဲဆိုခံရနိုင်ခြင်းကို သတိပြုရမည် ဖြစ်ပါသည်။  မြန်မာနိုင်ငံတွင်  “သတင်းမီဒီယာ ဥပဒေ”ကို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပါသည်။ 

 


အချုပ်အားဖြင့်ဆိုရလျှင်  မီဒီယာအသိ  အား နည်းသော   သာမန်ပြည်သူလူထုများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင်  စီးဆင်းနေသော သတင်း များ၊ အကြောင်းအရာများ၏ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ရန်ခက်ခဲပါသည်။   ထို့ကြောင့်  ကျင့်ဝတ် လိုက်နာသည့်   မီဒီယာများ၏   အခန်းကဏ္ဍမှာ အလွန်အရေးကြီးလာပါသည်။ ဆိုရှယ်မီဒီယာသည် “သုံးတတ်လျှင်ဆေး၊         မသုံးတတ်လျှင်ဘေး” ဆိုသကဲ့သို့ပင် သုံးတတ်မည်ဆိုပါက အကျိုးကျေးဇူး ရှိမည်ဖြစ်သလို  မသုံးတတ်ပါကလည်း လူအများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ဥပမာ - သူတစ်ပါးကို ထိပါးပုတ်ခတ်     အမည်ဖျက်ရန်     အခွင့်ရှိသလို (လိုင်စင်ရသလို)  ဖြစ်နေခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့် ခြင်း၊     ဝါဒဖြန့်ခြင်း    အစရှိသည့်    ပုံစံများအပြင် အကြောင်းအရာပါအချက်များကို     မလေ့လာဘဲ တစ်ဆင့်     ပြန်လည်မျှဝေခြင်းတို့သည်   ဆိုရှယ် မီဒီယာ၏  သဘောသဘာဝကို သေချာနားမလည် သည့် အသုံးပြုသူများအား ထိခိုက်နစ်နာစေပါသည်။ 

 


သတင်းရင်းမြစ်တိကျ မသေချာသည့်သတင်း များကြောင့် အထိတ်တလန့်ဖြစ်ရခြင်း၊ မမှန်ကန် သည့်အချက်အလက်များကြောင့်  မသက်ဆိုင်သူများ ဘေးဥပဒ်ဖြစ်စေခြင်း၊  မီးလောင်ရာလေပင့် သဘော ဆောင်သည့်    အားပေးအားမြှောက်ပြုနေသည့် အရေးအသားများကြောင့် မဖြစ်သင့်/ မဖြစ်ထိုက် သော   ကိစ္စရပ်များ  ပေါ်ပေါက်လာခြင်း၊   သတင်း မီဒီယာသမားတို့၏   အချက်အလက်ထက်   မိမိ ခံစားချက်ကိုဦးစားပေးပြီး   ဘက်လိုက်၍   သတင်း ထုတ်ပြန်ခြင်းတို့သည်  မီဒီယာကျင့်ဝတ်နှင့်မညီ သော ဖြစ်ရပ်များပင် ဖြစ်ပါသည်။ 

 


ကျင့်ဝတ်နှင့်  မညီသော မီဒီယာများကြောင့် ပြည်သူလူထုသည်  အမှန်တကယ်ဖြစ်ရပ်များကို မသိရှိနိုင်ခြင်း၊ မမှန်ကန်သော အချက်အလက်များ ကြောင့်  ပြည်သူလူထုကို အကြောက်တရားပိုစေခြင်း၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေ ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်  ကျင့်ဝတ်လိုက်နာရေး၊  မီဒီယာကျင့်ဝတ် နှင့်အညီ  သတင်းမှန်များ ထုတ်ပြန်နိုင်ရေးတို့သည် မီဒီယာများသာမက  မီဒီယာအလုပ်ကို  လုပ်ကိုင် ဆောင်ရွက်နေသူ  မည်သူမဆို ကျင့်ဝတ်လိုက်နာ သင့်ကြောင်းနှင့် မျိုးဆက်သစ်လူငယ်များပါ အတွေး အခေါ်၊  အယူအဆများရှင်သန်နိုင်ရေး   ရေရှည် မျှော်တွေး  အထူးအလေးထားသင့်ကြပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။


ကိုးကား - 


v   Code of Ethics by Society of
      Professional Journalists 
v   Anti-Corruption: Module 10 – Media      
      Integrity and Ethics 
v   Journalism and Yellow Journalism by  
      Strout, Lawrence N (2003)
v   သတင်းမီဒီယာဥပဒေ