
နေပြည်တော် ဩဂုတ် ၁၂
မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း(အထူး) (Course on Fire Safety Management for Government Officials) အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ(နေပြည်တော်) ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်း၌ ကျင်းပရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၂ ရက်အထိ ရက် သတ္တပတ် သုံးပတ်ကြာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူ ၅၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအပါအဝင် မီးလောင်မှုအခြေခံသဘောတရားများ၊ မီးအတန်းအစားခွဲခြားခြင်းနှင့် အတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်း များ၊ အခြေခံမီးငြှိမ်းသတ်နည်းစနစ်များ၊ မီး၊ ရေနှင့် အပူတို့၏ အခြေခံ သဘောတရားများ၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စီမံ ချက် (Emergency Response Plan) ရေးဆွဲခြင်းများ၊ ဘေးအန္တရာယ်ရှိ ဓာတုပစ္စည်းအတန်းအစား ခွဲခြားခြင်းများ၊ ရုံး/ လုပ်ငန်းခွင် မီးဘေးလုံခြုံ ရေးများ၊ ကျေးလက်/ မြို့ပြ မီးဘေးလုံခြုံရေးများ၊ အလိုအလျောက် မီးငြှိမ်းသတ်ရေးစနစ်များ၊ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ၊ မီးသတ်စက်ကလေး လေ့ကျင့်ခန်းများ စသည့်ဘာသာရပ် များကို မီးသတ်ဦးစီးဌာနရှိ အရာရှိကြီးများနှင့် ပြင်ပမှ ကျွမ်းကျင် ပညာရှင်များက စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး မီးသတ်ယာဉ်/ စက်ယန္တရားများဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
အောင်နိုင်ဝင်း