
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ
ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၉) ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်) မှ စတင်သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။
မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ (၂၃) မိုင်ခန့်အကွာတွင် တည်ရှိ၍ ထန်တလန်−ဟရီဖီး−ဝေါင်သူးကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက် သွားလာ အပန်းဖြေနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝ မျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသောဒေသ ဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။
အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသား သင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်း ငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များ ရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည် ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ပါ သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန