မဟော်သဓဇာတ်တော်

ဇူလိုင် ၁၃ ရက်မှအဆက်

 

မြတ်မင်းလှိုင်


မဟောသဓသုခမိန်သည် အိပ်ရာထက်မှထ၍ ကိုယ်လက် သုတ်သင် ပြီးမှ  နံနက်စာကို စားသောက်သည်။ ထို့နောက် အဖိုးထိုက်တန်လှသော ဝတ်လဲတော်တို့ကို ဝတ်ဆင်ကာ လေသာပြတင်းကို ဖွင့်လှစ်စေသည်။ စူဠနီဗြဟ္မဒတ်မင်း မြင်သာအောင် စင်္ကြံသွားလျက်နေ၏။ စူဠနီဗြဟ္မဒတ် မင်းသည် မဟောသဓကို ဖမ်းယူနိုင်ရန် မိမိစီးသော ဆင်ကို လျင်စွာ တံခါးဝသို့ ရှေးရှုစိုင်းနှင်လေ၏။
ထိုအခါ မဟောသဓသည် စူဠနီဗြဟ္မဒတ်မင်းအား သန်လျက်နှင့် ချပ်ဝတ်တန်ဆာတို့ကို ချွတ်၍ မြို့တော်သို့ ပြန်လည်ဝင်တော်မူပါရန်၊ အကျိုးမဲ့ အပင်ပန်းမခံရန် ပြက်ရယ်ပြုလေ၏။ မင်းကြီးကမူ မဟော သဓသည် မိမိအန္တရာယ်ကျရောက်နေသည်ကို မသိဘဲ ခြိမ်းခြောက် စကားဆိုနေသည်ဟု မှတ်ထင်နေသည်။ ထို့ကြောင့် မဟောသဓအား ဖမ်းဆီးကွပ်မျက်ပြီး အောင်သေသောက်မည်ဟု ကြုံးဝါးလိုက်သည်။ 
မဟောသဓကမင်း၏ အကြံသည်အကျိုးမရှိနိုင်တော့၊ မင်းကြီးနှင့် ကေဝဋ်အမတ်တို့ ပြာသာဒ်ဘုံ၌ လျှို့ဝှက်တိုင်ပင်ကြသည့် အစီအစဉ် များကို မိမိသိရှိပြီးဖြစ်ကြောင်း၊ ဝိဒေဟရာဇ်မင်းသည် ယမန်နေ့ညက ပင် မိတ္ထီလာပြည်သို့ ပြန်လည်ကြွမြန်းသွားပြီဖြစ်ကြောင်း၊ မင်းကြီး၏ မယ်တော်၊ မိဖုရား၊ သားတော်၊ သမီးတော်များပါရှိသွားကြောင်း၊ မိမိ အား ဖမ်းဆီးသုတ်သင်လျှင် ၎င်းတို့ကိုလည်း မိတ္ထီလာပြည့်ရှင်က သုတ်သင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုလေသည်။ မင်းကြီးလည်း မယုံကြည်သဖြင့် မင်းမှုထမ်းတို့အား သွားရောက်ကြည့်စေရာ အမှန်ပင် မရှိကြတော့ကြောင်း သိရ၍   မဟောသဓအား  ပြင်းစွာအမျက်ထွက် လေသည်။ 
ထိုအခါ မဟောသဓက   မိမိ   မိတ္ထီလာပြည်သို့  ပြန်ရောက်ပါက မိဖုရားကြီး နန္ဒာဒေဝီနှင့်အတူ မယ်တော်၊ သားတော်များအား  ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ မိမိသည် မင်းနှစ်ပါးချစ်ကြည်မှုကို လိုလား၍ ဤသို့ဆောင်ရွက်ကြောင်းနှင့် ဥမင်ကို လိုက်လံကြည့်ရှုရန် ဖိတ်ခေါ်သည်။ မင်းကြီးလည်း လက်နက်ကိုစွန့်၍ မင်းငယ်များနှင့်အတူ ဥမင်ကိုလိုက်ပါကြည့်ရှု၍ မဟောသဓ၏ အစွမ်းကို များစွာအံ့ဩချီးမွမ်း လေသည်။ ထို့နောက် မဟောသဓသည် ဝှက်ထားသော သန်လျက်ကို ယူ၍ မင်းကြီး၏ ခေါင်းကိုမိုး၍ ခြိမ်းခြောက်လေသည်။ မင်းကြီးကြောက် လန့်သောအခါမှ  သန်လျက်ကိုချ၍   မင်းကြီးအား   အန္တရာယ်ပြုလို၍ မဟုတ်ကြောင်း မိမိအစွမ်းကို ပြသခြင်းသာဖြစ်ကြောင်း၊ မိမိကိုယ် သတ်လိုက သတ်ရန်၊ မသတ်လိုပါကလည်း အသက်ထက်ဆုံး လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် တောင်းဆိုလေသော် မင်းကြီးက လွတ်ငြိမ်းချမ်းသာ ခွင့် ပေးလေသည်။  မင်းအများသည် ဥမင်မှ ပြန်လည်ထွက်နိုင်စွမ်း မရှိကြသဖြင့် မဟောသဓက စက်ခလုတ်နင်း၍ ဖွင့်ပေးလိုက်ပြီး မင်း အများကို အောင်သေသောက်ရန်ပြုစဉ်က မိမိ၏ ဖွားဖက်တော် များဖြင့် ကယ်ဆယ်ခဲ့ဖူးကြောင်းကို ရှင်းလင်းပြောပြရာ မင်းငယ် အသီးသီးတို့က မဟောသဓအား ပူဇော်ကြလေသည်။ 
စူဠနီဗြဟ္မဒတ်မင်းသည်   မင်းငယ်အများကို   တောင်းပန်ကာ ဥမင်တံခါးဝလက်ထပ်နန်း၌ ခုနစ်ရက်တိုင်တိုင် ပွဲသဘင်ကျင်းပပြီးမှ  ပဉ္စာလရာဇ်သို့ပြန်ဝင်၏။ မဟောသဓကို ရွှေ၊ ငွေ၊ ဆင်၊ မြင်းစသည့် လက်ဆောင်ပဏ္ဏာများဖြင့် ချီးမြှင့်ပြီး ၎င်း၏ တိုင်းပြည်၌ပင် နေထိုင်ရန် တောင်းပန်လေသည်။ မဟောသဓလည်း ဝိဒေဟရာဇ်မင်း မရှိသည့် နောက်တွင် လာရောက်နေထိုင်မည်ဖြစ်ကြောင်း ကတိပြု၍ မိတ္ထီလာ ပြည်သို့ အခြွေအရံတပ်များနှင့် အတူပြန်လေသည်။ 
မဟောသဓရောက်လာကြောင်း   သေနကအမတ်ကြီးသိလျှင် ဝိဒေဟရာဇ်မင်းကြီးထံသို့  သွားရောက်လျှောက်တင်လေသည်။ မြို့သူ မြို့သားအပေါင်းတို့ကလည်း မဟောသဓအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလေသည်။    ဝိဒေဟရာဇ်မင်းကြီးအား   မဟောသဓက အကြောင်းစုံကို ပြန်လည်ရှင်းလင်းတင်ပြကာ တစ်ပြည်နှင့် တစ်ပြည် ချစ်ကြည်မှု ရရှိပြီးဖြစ်ကြောင်းကိုလည်း  လျှောက်တင်လေသည်။ ထို့နောက် စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော်၊ မိဖုရား၊ သားတော်တို့အား ပဉ္စာလရာဇ်ပြည်သို့ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးလေသည်။ 
ဝိဒေဟရာဇ်မင်းသည် စူဠနီဗြဟ္မဒတ်မင်း၏ သမီးတော်ပဉ္စာလ စန္ဒီကို ကောင်းစွာချီးမြှောက်ကာ ဥဒုမ္ပရဒေဝီမိဖုရားကြီးနှင့် ထပ်တူ ပင်ထားရှိသည်။ တစ်နှစ်ကြာသော် ပဉ္စာလစန္ဒီမိဖုရားသည် သားတော် ဒီဃာဝုမင်းသားကို ဖွားမြင်လေသည်။ ဒီဃာဝုမင်းသား ဆယ်နှစ်အရွယ် ရောက်ချိန်တွင် ဝိဒေဟရာဇ်မင်းကြီးသည် နတ်ရွာစံသဖြင့် မဟောသဓ သည် မင်းသားအား ထီးနန်းအပ်ပြီးလျှင် မိမိပေးခဲ့သည့် ကတိအတိုင်း ပဉ္စာလရာဇ်ပြည်သို့ သွားရောက်ခစားခွင့် တောင်းလေသည်။ မိဖုရား နှင့် သားတော်မင်းတို့က တားမြစ်တောင်းပန်ကြသော်လည်း မဟောသဓ က စူဠနီဗြဟ္မဒတ်မင်းကြီးအား ဝန်ခံကတိပေးခဲ့ပြီဖြစ်၍ မသွား၍မဖြစ် ကြောင်း ထိုပြည်မှပင်နှစ်ပြည်ကို  စည်ပင်သာယာအောင် လုံ့လပြု၍ ကြည့်ရှုစောင်မပါမည်ဟု ပန်ကြားပြောဆိုပြီး သားမယားအခြွေအရံတို့ နှင့်တကွ ပဉ္စာလရာဇ်ပြည်သို့ သွားလေသည်။ ပြည်သူပြည်သားအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြလျက် ခရီးလမ်းတိုင်အောင် လိုက်ပို့ကြ ၏။ 
စူဠနီဗြဟ္မဒတ်မင်းသည်    မဟောသဓလာကြောင်းကြားလျှင် များစွာသော အခြံအရံတို့နှင့်တကွ မိမိပြည်မှထွက်၍ ခရီးဦးကြိုပြု သည်။ ကြီးစွာသော သဘင်ဖြင့် ချီးမြှောက်၍ မြို့တွင်းသို့ ဝင်စေသည်။ နေထိုင်စရာကြီးစွာသော   အိမ်ကိုပေးပြီး   မြို့ရွာခရိုင်များစွာတို့ကို ပေးပြန်၏။ ထိုရောက်သည့်နေ့မှစပြီး မဟောသဓသည် စူဠနီဗြဟ္မဒတ် မင်းကြီးအား တစ်နေ့မပြတ်ခစား၏။ 
စူဠနီဗြဟ္မဒတ်မင်းကြီး၏ ပဉ္စာလရာဇ်ပြည်၌ ဘေရီအမည်ရှိသော ပရိဗိုဇ်ရဟန်းမသည်လည်း အလွန်ပညာရှိ၏။ ထိုဘေရီပရိဗိုဇ်သည် နန်းတော်သို့ နေ့တိုင်းမပြတ်လာ၍ ဆွမ်းစား၏။ သို့သော် မဟောသဓနှင့် ပရိဗိုဇ်တို့သည် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးကြချေ။ နန္ဒာဒေဝီမိဖုရား သည် မဟောသဓအား အမျက်မပြေနိုင်သဖြင့် မောင်းမငါးရာတို့အား မဟောသဓ၏ အပြစ်ကိုရှာ၍    မင်းကြီးအား  ကုန်းချောစကားဆိုရန် မှာကြားထားလေသည်။ မောင်းမငါးရာတို့လည်း မိဖုရားကြီး မှာကြား သည့်အတိုင်း မဟောသဓ၏ အပြစ်ကိုသာလျှင်‌ နေ့တိုင်းမပြတ်ရှာကြည့် လျက်နေကြသည်။ 
တစ်နေ့သ၌ ဘေရီပရိဗိုဇ်မသည် ဆွမ်းစားပြီး နန်းတော်မှ ထွက်လာ ရာ မဟောသဓအား မင်းရင်ပြင်နန်းတော်တံခါးဝ၌ တွေ့ဆုံလေသည်။ မဟောသဓသည် ပရိဗိုဇ်အားမြင်လျှင် ရှိခိုးလျက်ရပ်နေ၏။ ပရိဗိုဇ်သည် မဟောသဓအား စူဠနီဗြဟ္မဒတ်မင်းထံသို့ လာရောက်ခစားနေသော် လည်း   မင်း၏ချီးမြှောက်ခြင်းကို   ခံရပါ၏လောဟု  အဓိပ္ပာယ်ဖြင့် လက်ဝါးဖြန့်ပြ၏။ မဟောသဓကမင်းကြီး၏  အချီးအမြှောက်ရာထူးကို မခံရသေးဟု   အဓိပ္ပာယ်ဆောင်ကာ  လက်ကိုဆုပ်ပြ၍ ဖြေကြား၏။ ထိုသို့ချီးမြှောက်ခြင်းမခံရပါက  ဘာကြောင့်ငါတို့ကဲ့သို့  ရဟန်းမပြု သနည်းဟု ၎င်း၏လက်ဖြင့် ဦးခေါင်းကိုသပ်၍ပြ၏။ မဟောသဓက မိမိတစ်ကိုယ်တည်းမဟုတ်၊   ကျွေးမွေးရသော  သားမယားတို့ရှိ၍ ရဟန်းမပြုသာဟု ဟူသော အဖြေကို မိမိဝမ်းကိုသပ်၍ ပြလေသည်။ 
မဟောသဓသုခမိန်အား  စုံစမ်းပြီးလျှင်  ပရိဗိုဇ်သည် မိမိနေရာ ကျောင်းသို့သွား၏။ မဟောသဓလည်း ပရိဗိုဇ်အား  ရှိခိုးပြီး နန်းတော် သို့ဝင်၍ မင်းကြီးအား ခစားလေ၏။ မဟောသဓနှင့်  ပရိဗိုဇ်တို့ပြဿနာ မေးကြ ဖြေကြသောအချင်းအရာကို မိဖုရားကြီး၏ မောင်းမတို့မြင်ကြ သဖြင့် မင်းကြီးအား မဟောသဓနှင့် ပရိဗိုဇ်တို့မင်းကြီး၏ စည်းစိမ်ကို လုရန်ကြံစည်နေကြကြောင်း ကုန်းချောစကားလျှောက်ထားကြ၏။ မင်းကြီးက အကြောင်းစုံမေးလျှင် ပရိဗိုဇ်သည် မဟောသဓအား လက်ဝါးပြင်လောက်မျှသာရှိသော စူဠနီဗြဟ္မဒတ်မင်းကို သင်၏ပညာ စွမ်းဖြင့် အဘယ်ကြောင့်မချေဖျက်သနည်း။ အဘယ်ကြောင့် ဤပြည် ကိုသင်၏ လက်သို့ရောက်အောင် မပြုသနည်းဟု လက်ဝါးဖြန့်ပြ၏။ မဟောသဓလည်း မစိုးရိမ်နှင့် နှစ်ရက်သုံးရက်ကြာလျှင် စူဠနီဗြဟ္မဒတ် မင်းကို သန်လျက်ဖြင့် လုပ်ကြံ၍ ပြည်ကိုသိမ်းယူမည်ဟု သန်လျက်ရိုးကို ကိုင်ဆုပ်သောသဏ္ဌာန်ဖြင့် လက်ဆုပ်ပြ၏။ ထိုအခါ ပရိဗိုဇ်က စူဠနီ ဗြဟ္မဒတ်မင်းအား သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်မည်လောဟု ခေါင်းကို သပ်၍ မေးသည့်အခါ မဟောသဓက ခါးကို နှစ်ပိုင်းဖြတ်မည်ဖြစ်ကြောင်း ၎င်း၏လက်ဖြင့် ဝမ်းကိုသပ်ပြ၏ဟု လျှောက်တင်ကြလေသည်။ 
နောက်တစ်နေ့မိုးသောက်သော်   ပရိဗိုဇ်သည်   နန်းတော်သို့ ဆွမ်းစားရောက်ရှိလာသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် ပရိဗိုဇ် ထံ ချဉ်းကပ်၍ မဟောသဓနှင့် တွေ့ဆုံခဲ့ခြင်းရှိ မရှိကို မေးမြန်းလေသည်။ ပရိဗိုဇ်က မင်းကြီးကို မဟောသဓနှင့် တွေ့ဆုံခဲ့ပြီး ပညာစမ်းသပ်ခဲ့ပုံများ ကို ရှင်းလင်းပြောကြားလေသည်။ ပရိဗိုဇ်သည် ဆွမ်းစားပြီး နန်းတော်မှ ဆင်းသွားသောအချိန်တွင်    မဟောသဓသည်   မင်းကြီးကို  ခစားရန် နန်းတော်သို့ ရောက်ရှိလာသည်။ မင်းကြီးက မဟောသဓကိုလည်း ယမန်နေ့က ပရိဗိုဇ်နှင့်တွေ့ဆုံခဲ့သလောဟု မေးမြန်းပြန်သည်။ မဟော သဓက တွေ့ဆုံခဲ့ကြောင်းနှင့် နှုတ်ဖြင့်ဖြေကြားခြင်းမပြုဘဲ  အမေး အဖြေ ပြုလုပ်ခဲ့ပုံများကို ရှင်းလင်းလျှောက်ထားလေသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် လွန်စွာအားရကျေနပ်သည့်အပြင်၊ မဟော သဓကို အလွန်ယုံကြည်မြတ်နိုးသဖြင့် ချက်ချင်းပင် မဟောသဓကို စစ်သူကြီးအရာကို ပေးသနားသည့်အပြင် ပြည်ထဲရေးကိစ္စမှန်သမျှကို အပ်နှင်းလေသည်။ 
မင်းကြီးသည်   ထီးနန်းစည်းစိမ်ကိုသာချန်ပြီး   အလုံးစုံသော ပြည်ထဲရေးကိစ္စမှန်သမျှတို့ကို နေ့ချင်းပင်အပ်နှင်းသည်ကို မဟောသဓ သည် သံသယဖြစ်၏။ ချီးမြှောက်လိုသော ဆန္ဒတစ်ခုတည်းမဟုတ်ဘဲ  အပြစ်ဖြစ်က ကွပ်မျက်နိုင်ရန်အစီအစဉ်ပြုခြင်းလားဟု ဝေခွဲရခက်နေ သည်။ ထို့ကြောင့် ပရိဗိုဇ်ထံ ချဉ်းကပ်၍ မင်းကြီး၏ သဘောရင်းကို စုံစမ်းပေးရန် တောင်းပန်လျှောက်ထားလေ၏။ 
နောက်တစ်နေ့နံနက်  မိုးသောက်သော်  ပရိဗိုဇ်သည် နန်းတော် သို့ ဝင်၍ဆွမ်းစားပြီးလျှင် မင်းကြီးအား အခြံအရံမှူးမတ်အပေါင်းတို့မှ လွတ်ရာသို့ ခေါ်သွားသည်။ ထို့နောက်ရေစောင့်ဘီလူးရှိသော မဟာ သမုဒ္ဒရာသို့ မင်းကြီးနှင့်အတူ မယ်တော်စလာကဒေဝီ၊ မိဖုရားကြီးနန္ဒာ ဒေဝီ၊ ညီတော်တိခိဏ မန္တိမင်းသား၊  မင်းကြီးသူငယ်ဖော်စားတော်ကဲ ဓနသေခ၊ ကေဝဋ်အမတ်၊ မဟောသဓတို့ သင်္ဘောဖြင့်   ဖြတ်သန်း မျောပါခဲ့၍ ရေစောင့်ဘီလူးက ၎င်းခြောက်ယောက်တို့ကို အစဉ်အတိုင်း တောင်းပါလျှင်   မည်သို့ဆောင်ရွက်၍   ရေစောင့်ဘီလူး၏ ဘေးမှ လွတ်မြောက်အောင် ကြံဆောင်မည်နည်းဟု မေးလေသည်။ 
ထိုအခါ မင်းကြီးသည် အကျိုးအကြောင်းပြချက်များဖြင့် မိမိကိုယ် တိုင်ပင် ရေစောင့်ဘီလူးအား ပေးကောင်းပေးမည်၊ မဟောသဓကို မပေးဟုဆိုလေသည်။ ပရိဗိုဇ်သည် မင်းကြီး၏ မဟောသဓအပေါ်ထား ရှိသော နှလုံးကောင်းခြင်းကို သိရှိခဲ့ရ၍ အားရဝမ်းမြောက်မိသည်။ သို့သော် မဟောသဓ၏ ဂုဏ်သတင်းကို ပရိသတ်တို့ အလယ်တွင် ချီးမွမ်း လို၍ နန်းတွင်းသူ နန်းတွင်းသားတို့ကို စုစည်းစေပြီး ပရိသတ်အလယ် တွင် မင်းကြီးကို ဤရေစောင့်ဘီလူးပြဿနာကို ထပ်မံမေးလေသည်။ မင်းကြီးသည် ရှေးနည်းတူပင် မဟောသဓကို မပေးလိုသည့်အကြောင်း ကို အကျိုးအကြောင်းနှင့် ဖြေကြားပြန်သည်။ 
ထိုအခါ ပရိဗိုဇ်သည် ပဉ္စာလရာဇ် ပြည်သူအပေါင်းတို့ကို ပညာ ဟူသည် အလိုရှိအပ်သောအရာခပ်သိမ်းကို ပြီးစေတတ်ပြီး အလွန် တန်ဖိုးကြီးကြောင်း၊   ပညာသည်သာလျှင်  ပစ္စုပ္ပန်၌ ကိုယ့်စီးပွားနှင့် အတူ  သူတစ်ပါးစီးပွားအကျိုးကိုဆောင်၍  နောင်တမလွန်၌လည်း ချမ်းသာမြင့်မြတ်ခြင်းဖြစ်စေလျက်မဂ်ဖိုလ် ချမ်းသာကိုလည်း ရွက် ဆောင်နိုင်၏ဟု မဟောသဓ၏ ပညာဂုဏ်ကို ချီးကျူးခြင်းပြုလေသည်။ 
မဟောသဓသည် ရေစောင့်ဘီလူး ပြဿနာဖြေဆိုပွဲဖြစ်သည့်နေ့မှ စ၍ ဇဗ္ဗူဒိပ်ကျွန်းအပြင်၌  ကျော်စောထင်ရှားလျက်  ဧကရာဇ်မင်း၏ စည်းစိမ်နှင့် ထီးနန်းမှတစ်ပါး ထပ်တူဖြစ်သော စည်းစိမ်ကို စိုးစံလေ သည်။ ပြည်သူပြည်သားများ၏ အကျိုးစီးပွား၊ မင်း၏ အကျိုးစီးပွားများ ကိုလည်း တစ်နေ့မပြတ်ရွက်ဆောင်ကြိုးပမ်း၍ အသက်ဆုံးသောအခါ၌ တာဝတိံသာနတ်ပြည်သို့ ဘဝပြောင်းလဲ စံတော်မူ၏။