
မြတ်မင်းလှိုင်
(ယမန်နေ့မှအဆက်)
ထို့နောက် အမရာဒေဝီသည် အိမ်တွင်း၌ လူလေးငါးယောက် နေသာရုံ တွင်းတူးစေပြီး မစင်များအပြည့်ထည့်၍ အိမ်ထဲမှ နင်းသာ အောင် ယန္တရားပျဉ်ဖုံးတပ်ဆင်ကာ ကဲလားကာရံထားလေသည်။ အချိန်ရောက်လျှင် သေနကအမတ်ရောက်ရှိလာ၏။ အမရာဒေဝီက အမတ်ကြီးအား ရေချိုးရန် ယန္တရားပျဉ်ပေါ်သို့ ခေါ်ဆောင်သွား၏။ သေနကအမတ်ကြီး ပျဉ်ပေါ်သို့ရောက်သောအခါ အမရာသည် အကြောင်းကိစ္စဖြင့် အပြင်ထွက်သယောင်ပြုကာ ယန္တရားပျဉ်ကို နင်းလိုက်ရာ သေနကအမတ်ကြီးလည်း မစင်တွင်းကျလေသည်။ ပက္ကုသအမတ်၊ ကာမိန္ဒအမတ်၊ ဒေဝိန္ဒအမတ်တို့အားလည်း အလား တူစွာပင် မစင်တွင်းသို့ ကျရောက်စေလေသည်။ အမတ်ကြီးလေးဦး တို့သည် မစင်တွင်း၌ရပ်လျက် တစ်ညဉ့်လုံးနေကြရလေသည်။ နံနက်လင်းသောအခါ အမရာဒေဝီသည် အစေခံများကိုခေါ်၍ အမတ် လေးဦးအား မုတ်ဆိတ်ရိတ်ကာ အဝတ်လုံရုံမျှဆင်စေပြီး တစ်ကိုယ် လုံးကို ကော်ရည်သုတ်၍ ဂွမ်းများကပ်စေကာ ဖျာလိပ်ခေါင်း၌ တစ်ယောက်စီသွင်းစေ၏။ ထို့နောက် ပတ္တမြားဆံကျင်စသော မင်းတန်ဆာလေးခုကိုလည်း ကမ္ပည်းနှင့်တကွ အမတ်ကြီးလေးဦး တို့ကို ဖျာလိပ်ကိုယ်စီနှင့်တကွ ထမ်းရွက်စေပြီး နန်းတော်သို့ဝင်လေ သည်။ မင်းကြီးအား မျောက်ဖြူလေးကောင်နှင့် ပဏ္ဍာလက်ဆောင် များ ဆက်သပါကြောင်း တင်လျှောက်လေသည်။ ဖျာလိပ်လေးခုကို ဖွင့်စေသောအခါ အမတ်ကြီးလေးဦးကို တွေ့ရသည်။ ထိုအခါ အမရာ ဒေဝီက အမတ်ကြီးလေးဦးတို့ မင်းကြီး၏တန်ဆာများကို ခိုးယူပုံ နှင့် မဟောသဓအပြစ်မရှိပုံတို့ကို ရှင်းလင်းတင်လျှောက်လေသည်။ အမတ်ကြီးလေးယောက်တို့ ကြီးစွာအရှက်ရလေသည်။ မင်းကြီး သည် မဟောသဓရန်ပြုလာပါက ယင်းသုခမိန်လေးဦးသာ တိုင်ပင် ရမည်ကို တွေးတောမိက အမတ်လေးယောက်တို့အား ခွင့်လွှတ် လိုက်လေသည်။
မဟောသဓသုခမိန်သည် ဒိက္ခဏယဝမဇ္ဈဂုံးရွာ၌ နေသောကာလ ၌ မင်းကြီး၏ ရာဇပလ္လင်ထီးချက်စောင့်နတ်သမီးသည် ညဉ့်အခါ၌ ထီးချက်ကိုဖွင့်၍ မင်းကြီးအား ပြဿနာလေးရပ်ကို မေးလေသည်။ ထိုပြဿနာလေးရပ်မှာ (၁) လက်ခြေတို့ဖြင့် မျက်နှာကို ပုတ်ခတ် ခြင်းကိုခံရလျက် ချစ်ခင်နှစ်သက်ခြင်းမပျက် နှစ်သက်ကြရသူကား အဘယ်သူနည်း။ (၂) ဆဲရေးခြင်းကို မလိုလားသော်လည်း စိတ်ရှိ တိုင်း ဆိုမြည်ဆဲဆိုသော်လည်း ချစ်မြတ်နိုးသူကား အဘယ်သူနည်း။ (၃) တစ်ဦးနှင့်တစ်ဦး မဟုတ်မမှန်သောစကားဖြင့် အပြန်အလှန် စွပ်စွဲ၏။ သို့သော်လည်း ချစ်မြတ်နိုးခြင်းရှိလေသည့်သူကား အဘယ် သူနည်း။ (၄) ထမင်း၊ အထည်၊ အဝတ်၊ အိပ်ရာနေရာတို့ကို ယူဆောင် သော်လည်း ချစ်မြတ်နိုးခြင်းရှိလေသည်သူကား အဘယ်သူနည်းဟူ၍ ဖြစ်လေသည်။
မင်းကြီးလည်း နောက်တစ်နေ့ မိုးလင်းသောအခါ သုခမိန် လေးဦးတို့အား မေး၍ဖြေဆိုပါမည်ဟုဆိုကာ ဆိုင်းငံ့စေ၏။ နံနက် လင်းသော် အမတ်ကြီးတို့အား ပြဿနာလေးရပ်ကို ဖြေစေသည်။ အမတ်လေးယောက်တို့သည် ဖြေဆိုနိုင်ခြင်းမရှိ၍ မင်းကြီးသည် ပြင်းစွာ နှလုံးမသာစွာဖြင့် ထီးချက်စောင့်နတ်သမီးအား အမတ်လေးယောက်တို့ မသိနိုင်ကြကြောင်း ပြောကြားလေသည်။ ထိုအခါ ထီးချက်စောင့် နတ်သမီးသည် ဤပြဿနာလေးရပ်ကို မဟောသဓမှ တစ်ပါးမည်သူမျှ ဖြေဆိုနိုင်မည်မဟုတ်ကြောင်း မဟောသဓအားမေး၍ ဖြေလော့၊ ဖြေဆို နိုင်ခြင်းမရှိက မင်းကြီး၏ ဦးခေါင်းကို ရှစ်စိတ်ကွဲအောင် ရိုက်မည်ဟု ခြိမ်းခြောက်၍ ပျောက်ကွယ်သွားလေသည်။
နံနက်လင်းသော်မင်းကြီးသည် အမတ်လေးဦးတို့အား မဟောသဓ ကို ရှာဖွေခေါ်ဆောင်စေသည်။ မဟောသဓ၏ တရားစကားကိုနာယူပြီး ထီးချက်စောင့် နတ်သမီးအမေးပုစ္ဆာလေးရပ်ကို မေးမြန်းလေသည်။ ပထမမေးခွန်းသည် နှစ်လသုံးလရှိပြီးသော သားနှင့်မိခင်ဖခင်ကိုဆိုလိုကြောင်း၊ ထိုသားငယ်အား မိခင်သည် ရင်ခွင်၌ နို့တိုက်သောအခါ သားငယ်သည်မိခင်အား ခြေလက်ဖြင့်မျက်နှာ၊ ရင်တို့ကို ကန်ကျောက် ရိုက်ပုတ် ဆံပင်ကိုဆွဲသော်လည်း ချစ်ခင်ကြင်နာခြင်းမပျက်ဟု ဆိုလို ခြင်းဖြစ်ကြောင်း ဖြေကြားသည်။ ဒုတိယမေးခွန်းမှာ အမိသည် ခုနစ်နှစ် ရှစ်နှစ်အရွယ်အရောက် သားအားခိုင်းစေသည့်အခါများတွင် သားငယ် သည် စေခိုင်းသည့်အတိုင်း လိုက်နာခြင်းမရှိ၍ အမိကဝါးခြမ်းစိတ်ဖြင့် ရိုက်ဟန်ပြုသည့်အခါ သားငယ်သည် ဆဲရေးလျက် လွတ်ရာပြေးလေ သော်လည်း အမိသည် သားငယ်ကိုချစ်မြဲသာဖြစ်သည်ကို ဆိုလိုကြောင်း ဖြေကြား၏။ တတိယမေးခွန်းသည် လင်နှင့်မယားကို ဆိုလိုကြောင်း လင်မယားနှစ်ယောက်တို့သည် ဆိတ်ကွယ်ရာအရပ်၌ တစ်ဦးနှင့်တစ်ဦး မနာလိုမနှစ်သက်အောင်မုန်းဟန်ဆောင်၍ ပြုကြသော်လည်း တစ်ဦးကို တစ်ဦးလွန်စွာကြင်နာချစ်ကြလေခြင်းကို ဆိုလိုကြောင်း ဖြေကြား လေသည်။ စတုတ္ထမေးခွန်းမှာ တရားစောင့်သော ရဟန်း၊ ပုဏ္ဏားတို့ကို ဆိုလိုကြောင်း၊ ထိုသို့သော ရဟန်း၊ ပုဏ္ဏားတို့အား လူတို့သည် ပေးလှူ ကြ၏။ ပေးလှူသောပစ္စည်းများကို ထိုပုဂ္ဂိုလ်များ သုံးဆောင်တိုင်း အလွန်နှစ်သက်မြတ်နိုးကြသည်ကို ဆိုလိုကြောင်း ဖြေကြားလေသည်။ မဟောသဓ၏အဖြေများကို ကြားရလျှင် ထီးချက်စောင့်နတ်သမီးသည် ကောင်းချီးပေး၍ ရတနာပန်းကလပ်ဖြင့် မဟောသဓအား ပူဇော်လေ သည်။ မင်းကြီးလည်း အတုမရှိသော စစ်သေနာပတိအရာ ချီးမြှောက် လေသည်။
မဟောသဓသည် သေနာပတိအရာရသည်ကြောင့် အတုမရှိသော စည်းစိမ်အခြံအရံ ဘုန်းကျက်သရေ တိုးတက်ပြန့်ပွားသည်ဖြစ်၍ အမတ်လေးဦးတို့သည် မဟောသဓအား ထိုစည်းစိမ်တို့မှ ပျက်စေရန် အကောက်ကြံကြပြန်သည်။ သေနကအမတ်သည် မဟောသဓအား လျှို့ဝှက်စကားကို မည်သူအားပြောသင့်သနည်းဟုမေးရာ မဟောသဓက မည်သူမျှမပြောထိုက်ကြောင်းဆို၏။ ထိုအခါ သေနကအမတ်နှင့် ကျန်အမတ်တို့သည် မင်းကြီးထံဝင်ရောက်ခစားကာ မဟောသဓသည် လျှို့ဝှက်အကြံရှိနေသည်ကို မည်သူ့အားမျှ ပြောကြားခြင်းမရှိကြောင်း စသည်ဖြင့် အကောက်ကြံ လျှောက်တင်ကြလေသည်။ မင်းကြီး မယုံ ကြည်ပါက ကိုယ်တော်တိုင်ခေါ်ယူမေးမြန်းရန်ကိုလည်း လျှောက်တင် ကြလေသည်။ မင်းကြီးလည်း တစ်နေ့သောညီလာခံ၌ အမတ်များ လျှို့ဝှက်အပ်သောစကားကို မည်သူ့အား ပြောသင့်သနည်းဟု မေးလေ သည်။ သေနကအမတ်က မင်းကြီး၏အလိုကိုဦးစွာပြန်မေးရာ မင်းကြီး က မယားကောင်းအား တိုင်ပင်သင့်သည်ဟု မိန့်ကြားလေသည်။ ထိုအခါ သေနကအမတ်သည် မင်းကြီး၏ အလိုကျ အဆွေခင်ပွန်းကောင်းကို တိုင်ပင်သင့်ကြောင်း၊ ပက္ကုသအမတ်က ဖြောင့်မတ်သော သားချင်း ပေါက်ဖော်အား တိုင်ပင်သင့်ကြောင်း၊ ကာမိန္ဒအမတ်က အဘနှင့်တူသော သားအား တိုင်ပင်သင့်ကြောင်း၊ ဒေဝိန္ဒအမတ်က အမိနှင့်အဘတို့အား တိုင်ပင်သင့်ကြောင်း စသည်ဖြင့် လျှောက်တင်ကြလေသည်။ မဟောသဓ ကမူ မိမိအပေါ် ကျရောက်လာမည့်အပြစ်ကိုမငဲ့ဘဲ မည်သူ့အားမျှ မပြော အပ်ကြောင်း ဟုတ်မှန်တိုင်းဖြေဆိုလေသည်။ မဟောသဓသုခမိန်၏ စကားကိုကြားလျှင် မင်းကြီးသည် သေနကအမတ် ကြိုတင်ကုန်းချော စကားနှင့်ညီသည်ဖြစ်၍ ယုံမှားသံသယဖြစ်ကာ နှလုံးမသာမျက်နှာ မရွှင်ဖြစ်လေ၏။ သေနကအမတ်ကြီးကမူ ရွှင်လန်းသောမျက်နှာဖြင့် မင်းကြီးကို ကြည့်နေသည်ကို မဟောသဓသုခမိန်မြင်လေလျှင် မိမိအား အမတ်လေးဦး၏ အကောက်ဉာဏ်ဖြစ်သည်ကို သိရှိလေသည်။
ထိုအခါ မဟောသဓသုခမိန်သည် အမတ်လေးယောက်တို့၏ အကြံကို သိနိုင်ရန်အတွက် နန်းတော်မှထွက်လျှင် ၎င်းတို့လေးဦး နေ့တိုင်းမပြတ် တိုင်ပင်ပြောဆိုကြသည့် ထမင်းစားပွဲခုံအောက်သို့ ဝင်ရောက်၍နေလေသည်။ သေနကအမတ်သည် မင်းကြီးက နောက် တစ်နေ့ မဟောသဓနန်းတော်သို့ဝင်သည်နှင့် လုပ်ကြံရန် ၎င်းအား တာဝန်ပေးလိုက်သည်ကို အားရကျေနပ်စွာဖြင့် ထမင်းစားပွဲခုံသို့ ရောက်လာ၏။
အမတ်လေးဦးဆုံကြလျှင် ၎င်းတို့လျှောက်ထားချက်၏ အကြောင်း ရင်းများကို ပြောကြားကြ၏။ သေနကအမတ်သည် တစ်ခါက ပြည့်တန်ဆာမတစ်ဦးနှင့် ပျော်ပါးပြီးနောက် ပြည့်တန်ဆာမကို သတ်ဖြတ်၍ တန်ဆာများကိုယူခဲ့သည်ကို ၎င်း၏နှုတ်စောင့်သော မိတ်ဆွေတစ်ဦးတည်းသာသိရှိခြင်းကို ဆိုလို၍ပြော၏။ ပက္ကုသအမတ် ၏ ပေါင်၌ကုဌနူနာရှိသည်ကို နှုတ်လုံသောညီတစ်ဦးသာ သိသည်ကို ရည်ရွယ်ကြောင်း ပြောကြားလေသည်။ ကာမိန္ဒအမတ်သည် တစ်လ တစ်ကြိမ် ဘီးလူးဖမ်းနာစွဲ၍ ခွေးရူးကဲ့သို့ဖြစ်သည်ကို ၎င်း၏သား သိသော်လည်း နှုတ်လုံသည်ကို ရည်ရွယ်ကြောင်း ပြောကြား၏။ ဒေဝိန္ဒ အမတ်သည် မင်းကြီး၏ ပတ္တမြားကို ခိုးယူထားသည်ကို အမိကသိသော် လည်း နှုတ်လုံခြင်းကြောင့်ဟုဆို၏။ ထို့နောက် အမတ်လေးဦးတို့သည် နောက်တစ်နေ့တွင် မဟောသဓအား သုတ်သင်ရမည်ကို မမေ့လျော့ ကြရန် အသီးသီးမှာကြားပြီး ပြန်ကြလေသည်။ မဟောသဓလည်း ကြားသိရသမျှတို့ကို မှတ်သားပြီး အိမ်သို့ပြန်ခဲ့လေသည်။ ထို့နောက် နန်းတော်ဝ၌ ထိုနေ့ညတွင် နန်းတော်ထဲမှထွက်လာသူကို တွေ့လျှင် မိမိထံအမြန်ခေါ်လာရန် ယုံကြည်ရသူတစ်ဦးအား မှာထား၏။
ထိုနေ့ညတွင် မင်းကြီးသည် မဟောသဓအားကွပ်မျက်ရန် သေနက အမတ်အား သန်လျက်အပ်မိသည်ကို နောင်တရကာ စက်မွေ့ရာ၌ နေ့တိုင်းကဲ့သို့ မအိပ်စက်နိုင် တွေမှိုင်မိန်းမောကာသာနေလေသည်။ မိဖုရားကြီးက မင်းကြီးနှလုံးမသာမယာဖြစ်နေရခြင်းကို မေးလျှောက်၏။ မင်းကြီးက အကြောင်းမှန်ကိုမိန့်ကြားလေလျှင် မိဖုရားကြီးသည် မင်းကြီးအားနှစ်သိမ့်ကာ အိပ်ပျော်စေလေသည်။ မင်းကြီးအိပ်ပျော်လေ လျှင် မိဖုရားကြီးသည် မဟောသဓထံသို့ အကြောင်းကုန်စင်ကို စာရေး အသိပေးပြီး နံနက်တွင် နန်းတော်သို့မဝင်ရန် သတိပေးခဲ့လေသည်။ ယင်းစာကိုမိဖုရားကြီးသည် ကျွန်ယုံတစ်ဦးအား ကတွတ်မုန့်ထဲတွင် ထည့်၍ ပေးပို့စေခဲ့သည်။ ထိုကျွန်ယုံသည် နန်းတော်ဝတွင် အစောင့် ထားသောသူနှင့် တွေ့သဖြင့် မဟောသဓထံသို့ ပို့လေ၏။ မဟောသဓ သည် မိမိသိပြီးကိစ္စဖြစ်သော်လည်း မိဖုရားကြီးက စိုးရိမ်ကြီးစွာ အကြောင်းကြားလာသဖြင့် မိဖုရားကြီး၏ကျေးဇူးတော်ကို ကြီးမား လှသည်ဟုမှတ်ယူပြီး ညင်သာစွာအိပ်လေ၏။
အမတ်လေးယောက်တို့သည် နံနက်စောစောပင် နန်းတော်တံခါးဝ၌ သန်လျက်ကိုစွဲ၍ မဟောသဓကို လုပ်ကြံရန်စောင့်ဆိုင်းနေကြသည်။ မဟောသဓသည် ရောက်မလာသဖြင့် နှလုံးမသာပြင်းစွာ စိုးရိမ်ခြင်းဖြင့် နန်းတော်သို့ဝင်ကြလေသည်။ မဟောသဓသည် နေအရုဏ်တက်သော အခါမှ ရထားမှဆင်းပြီး နန်းတော်ကိုရှိခိုးလေသည်။ ထိုအချိန်တွင် လေသာပြတင်းကိုဖွင့်လှစ်၍ အရှေ့တံခါးဝသို့ မျှော်ကြည့်နေသော မင်းကြီးသည် မဟောသဓ၏အပြုအမှုကိုမြင်လေလျှင် မိမိအား လုပ်ကြံ မည့်ရန်သူမဟုတ်ဟု ယုံကြည်သဖြင့် မဟောသဓအား နန်းတော်သို့ ဝင်စေလိုက်သည်။
မင်းကြီးက မဟောသဓအား အခစားနောက်ကျရခြင်းနှင့် နန်းတော် ကို ချက်ချင်းမဝင်ဘဲ တံခါးဝ၌ရပ်နေလျက် ခေါ်တော်မူမှ ဝင်ရခြင်းကို မေးမြန်းလေသည်။ မဟောသဓက အရှင်မင်းကြီးသည် လျှို့ဝှက်အပ် သောကိစ္စကို မိဖုရားကြီးအား ပြောကြားခဲ့၍ အကြံအစည်များကို သိရှိ ကာ မလာရောက်ဝံ့သဖြင့် နောက်ကျရပါကြောင်း တင်လျှောက်၏။ မင်းကြီးသည် မိဖုရားကြီးအား များစွာအမျက်ထွက်လေသည်။ ထိုအခါ မဟောသဓက မိဖုရားကြီးမပြောလည်း အမတ်ကြီးလေးဦး၏ လျှို့ဝှက် ချက်များကအစ သိရှိကြောင်းကို ယမန်နေ့က ထမင်းစားပွဲ၌ အမတ်ကြီး လေးဦးတို့ တိုင်ပင်ပြောဆိုကြသည်များကို ရှင်းလင်းတင်လျှောက်လေ သည်။
မင်းကြီးလည်း အမတ်လေးယောက်တို့အားစစ်ဆေးရာ အမှန်ဖြစ် သည်ကို သိရှိရလျှင် နှောင်အိမ်တွင်းသွင်းထားစေလေသည်။ မဟောသဓ သည် လျှို့ဝှက်အပ်သောအမှုကို လျှို့ဝှက်မှသာကောင်း၏၊ ရွှေအိုးကို သူတစ်ပါးမခိုးနိုင်အောင် လုံခြုံစွာစောင့်ရှောက်သကဲ့သို့ မိမိလျှို့ဝှက် ချက်ကို လိုအပ်သောအမှုမပြီးသေးသမျှ မည်သူ့အားမျှ အသိမပေးသင့်၊ သိသူက မိမိကိုမကောင်းပြုတတ်၏။ လျှို့ဝှက်အပ်သောအမှုကို မိန်းမ၊ မချစ်မနှစ်သက်သောသူ၊ လာဘ်ပေး၍ဖြားယောင်း အဆွေခင်ပွန်း ဖွဲ့တတ်သူ၊ စိတ်ထားမကောင်းသော်လည်း နှုတ်ချိုသူတို့အား လျှို့ဝှက် အပ်သောစကားကိုပြောမိက လျင်မြန်စွာ အမှုဖြစ်တတ်၏။ လျှို့ဝှက် အပ်သောအမှုကို သူတစ်ပါးသိရှိသည်မှစပြီး မိမိအား ပြင်းစွာထိတ်လန့် ခြင်း ဖြစ်စေ၏။ တိုင်ပင်အပ်သောအမှုကို ယုံကြည်ရသူတို့နှင့် တိုင်ပင် လိုသော် နေ့အခါ၌ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌သာ တိုင်ပင်အပ်၏။ ထို့ကြောင့် လျှို့ဝှက်အပ်သော စကားဟူသည် သူတစ်ပါးမသိစေရအောင် လုံ့လသတိရှိစေသင့်သည့်ဟု ပညာရှိတို့ကျင့်ထုံးကျင့်စဉ်ကို ပြညွှန် ဟောကြားလေသည်။ မင်းကြီးလည်း မဟောသဓ၏စကားကိုကြားလျှင် အမတ်လေးယောက်တို့အား မြို့ပြင်ထုတ်ပြီး ကွပ်မျက်ရန် အမိန့်ချမှတ် လေသည်။
မဟောသဓသုခမိန်သည် အမတ်လေးဦးတို့၏ မာန်စွယ်ကို နုတ်ပယ် ပြီးနောက် မင်းကြီးအား မင်းတို့ကျင့်ရာဆောင်ရာ တရားလမ်းကြောင်း ထုံးဟောင်းဥပဒေကိုညွှန်ပြကာ ထီးနန်းစည်းစိမ်၌သာ ကြောင့်ကြမဲ့ စိတ်နှလုံးချမ်းမြေ့စွာ စိုးစံတော်မူစေ၏။ ပြည်ထဲရေးရာတို့မှာ မိမိ၏တာဝန်ဖြစ်ကြောင်းကြံစည်ပြီးလျှင် မြို့ကို အသစ်ချဲ့ထွင်၍ မြို့ကြီး တည်၏။ မြို့တော်စည်ပင်ထွန်းကားလာသည်။ ရန်သူတို့ မြို့တော်သို့ အလွယ်တကူ မချဉ်းကပ်ဝံ့အောင်လည်း စီစဉ်ထားလေသည်။ ထိုအခါ အခြားပြည်နိုင်ငံတို့မှ ကုန်သည်များစွာတို့ ကူးလူးဆက်သွယ်လာကြ သည်။ ထိုကုန်သည်များတို့အား မေးမြန်း၍ တစ်ရာသောမင်းတို့၏ အလိုကျ လက်ဆောင်ပဏ္ဍာများစီရင်ကာ ယုံကြည်ရသူ ဖွားဖက်တစ်ရာ တို့ကို စေလွှတ်၍ ထိုနိုင်ငံများ၏ အတွင်းလူများအဖြစ် ခစားနေထိုင် စေ၏။ ထိုဖွားဖက်တော်တို့သည် ၎င်းတို့ရောက်ရှိနေထိုင်ရာ နိုင်ငံများ ၏ အတွင်းစကားများကို မဟောသဓထံသို့ မပြတ်ပို့လေသည်။
ထိုအချိန်ကာလ၌ ကပိလတိုင်း ဥတ္တရပဉ္စလရာဇ်ပြည်၌ သင်္ခပါလက မည်သော စူဠနီဗြဟ္မဒတ်မင်းသည် မင်းပြုနေသည်။ ထိုမင်းကြီး၌ ကေဝဋ်အမည်ရှိ အမတ်ကြီးတစ်ဦးရှိသည်။ ထိုမင်းသည် လက်နက် လူအင်အား စုဆောင်းလျက်ရှိသဖြင့် ထိုတိုင်းပြည်ရှိ မဟောသဓ၏ ဖွားဖက်တော်လူယုံက လျှို့ဝှက်အကြောင်းကြားစာ ပေးပို့လေသည်။
မဟောသဓ၌ လူပညာရှိကဲ့သို့ စကားတတ်လိမ္မာသော ရွှေချိုင့်ဖြင့် မွေးမြူထားသည့် ကျေးသားတစ်ကောင်ရှိသည်။ မဟောသဓသည် ထိုကျေးသားကို ဥတ္တရပဉ္စလရာဇ်မင်း၏ အကြံအစည်များကို စုံစမ်း ထောက်လှမ်းစေသည်။ ထိုကျေးသားရောက်သည့်နေ့တွင် ကေဝဋ် ပုဏ္ဏားသည် မင်းကြီးအား ဥယျာဉ်တော်အတွင်း၌ အခြားသော နိုင်ငံ ငယ်များကို သိမ်းပိုက်ရန် တိုက်တွန်းပြောကြား အကြံပေးလေသည်။ ထိုစကားကိုကြားရသော ကျေးသားသည် ကေဝဋ်ပုဏ္ဏား၏ခေါင်းပေါ် သို့ မစင်စွန့်ချကာ မဟောသဓထံသို့ပျံလာခဲ့ပြီး သတင်းစကားပါး လေသည်။
မဟောသဓလည်း မြို့ကိုအခိုင်အမာပြုပြင်၍ ကြိုတင်စီမံထား လေသည်။ စူဠနီဗြာဟ္မဒတ်မင်းကြီးသည် ကေဝဋ်ပုဏ္ဏား အကြံ ပေးသည့်အတိုင်း တိုင်းပြည်ငယ်များကို စစ်သည်များဖြင့် ဝန်းရံ ထားပြီး ကေဝဋ်ပုဏ္ဏားက မြို့တွင်းဝင်ကာ မင်းငယ်များအား ခုခံ တိုက်ခိုက်ခြင်းမပြုရန် ဖြားယောင်းလေသည်။ ထိုနည်းဖြင့် ၉၉ ပြည်ထောင်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မိတ္ထီလာပြည်ကို ဆက်လက် သိမ်းပိုက်ရန် ကြံစည်ကြပြန် သည်။ သို့သော် ကေဝဋ်ပုဏ္ဏားသည် မဟောသဓ၏ ပညာဉာဏ်ကို သိထားသဖြင့် ရုတ်တရက်တိုက်ခိုက် ခြင်းမပြုဘဲ ဆိုင်းငံ့ထားလေ သည်။ စူဠနီဗြဟ္မဒတ်မင်းသည် မင်းငယ် ၉၉ ပါးတို့အား အဆိပ်ပါသောအရက်ဖြင့် ဧည့်ခံရန် စီစဉ်ထားလေ သည်။ မဟောသဓသည် လုဒ္ဓဖွားဖက်တော်မှတစ်ဆင့် သိရှိထားပြီး ဖြစ်လေသည်။ ထို့ကြောင့် မင်းငယ် ၉၉ ပါးတို့၏ အသက်ကိုကယ်ရန် သူရဲတစ်ထောင်ကို စေလွှတ်၍ မင်းငယ် ၉၉ ပါးတို့အတွက် နေရာ ခင်းစဉ် ဝိဒေဟရာဇ် မင်းကြီးအတွက် နေရာယူဟန်ပြု၍ အဆိပ်ပါ သော အရက်အိုးတို့ကို ရိုက်ခွဲစေလေသည်။
စူဠနီဗြဟ္မဒတ်မင်းသည် မိတ္ထီလာပြည်မှ သူရဲတို့လာရောက် ဖျက်ဆီးသွားသည်ကို အမျက်ထွက်၍ မင်းငယ် ၉၉ ပါးတို့နှင့်အတူ စစ်ဆင်လေသည်။ ကေဝဋ်ပုဏ္ဏားက တားမြစ်သော်လည်း လက်ခံ ခြင်းမပြုပေ။ မိတ္ထီလာပြည်သို့ရောက်လျှင် ညတွင်းချင်းပင် မြို့ကို အထပ်ထပ်ဝိုင်းရံထားလေသည်။ သေနကအမတ်အစရှိသော အမတ် တို့မှာ တုန်လှုပ်နေကြသည်။ မဟောသဓကမူ ကြိုတင်စီမံပြီးဖြစ်၍ မကြောက်မရွံ့ဘဲ နန်းတော်သို့ဝင် ခစားလေသည်။ ထိုအခါ မင်းကြီး အား စူဠနီဗြဟ္မဒတ်မင်းကြီး၏ စစ်သည်တို့ ဝန်းရံထားကြောင်း လျှောက်တင်ရာ မင်းကြီးက စူဠနီဗြဟ္မဒတ်မင်းကြီး၏ မယ်တော် စလာကဒေဝီသည် ပညာရှိဖြစ်ကြောင်း ပြောကြားလေသည်။
မဟောသဓက မင်းကြီးအား မကြောက်ရွံ့ရန် နှစ်သိမ့်သည့် အပြင် မြို့သူမြို့သားများအားလည်း ကြောက်ရွံ့ကြခြင်းမရှိစေရန် မောင်းခတ်အသိပေးလေသည်။ မြို့တွင်း၌ ပွဲလမ်းသဘင်များကို ကျင်းပစေ၏။ ထိုအခြင်းအရာကို စူဠနီဗြဟ္မဒတ်မင်းကြီးကြားသိ၍မေးလျှင် မဟောသဓလွှတ်ထားသော လူယုံအမတ်က ဝိဒေဟရာဇ် မင်းကြီးသည် တစ်ရာသောထီးဆောင်းမင်းတို့အား အောင်ပွဲခံနိုင် တော့မည်ဖြစ်၍ ပျော်ရွှင်နေကြခြင်းဖြစ်ကြောင်း လိမ်လည် လျှောက်တင်လေသည်။
စူဠနီဗြဟ္မဒတ်မင်းသည် မိတ္ထီလာပြည်ကို အပြင်းဝင်ရောက် တိုက်ခိုက်သော်လည်း မဟောသဓ၏ တပ်များက ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ကြ၍ ၁၅ ရက်ကြာသည့်တိုင် မြို့ကိုဝင်ရောက်နိုင်ကြခြင်း မရှိပေ။ ကေဝဋ်ပုဏ္ဏားလည်း မြို့တွင်း၌ရေငတ်၍ အညံ့ခံအောင် မြို့ပြင်သို့ထွက်၍ ရေခပ်မရအောင်ပိတ်ဆို့ထား၏။ မဟောသဓက အတောင်ခြောက်ဆယ်မြင့်သောဝါးလုံး၌ အဆစ်ကိုဖောက်၍ ရေနှင့် ရွှံ့တို့ထည့်၍ ကြာစေ့ကို စိုက်စေသည်။ အပင်ပေါက်လျှင် အရိုးရှည် ကြာပင်များကိုနှုတ်၍ ပဉ္စာလရာဇ်မင်း၏ တပ်သားများထံသို့ ပစ်ချ ပေးပြီး သရော်လေသည်။
မဟောသဓလွှတ်ထားသည့် လူယုံတော်တို့က ကြာရိုးတို့ကို ကောက်၍ စူဠနီဗြဟ္မဒတ်မင်းအား ဆက်သကာ မြို့တွင်း၌ အတောင် ရှစ်ဆယ်မကသော ရေကန်ကြီးများရှိသည်ဟု ကြားဖူးကြောင်း လျှောက်ထားကြလေသည်။ ထိုအခါ ရေငတ်အောင်ပိတ်ဆို့ခြင်း အစား မြို့တွင်းသို့ ဆန်စပါးမသွင်းနိုင်ရန် ပိတ်ဆို့ကြပြန်သည်။
(ဆက်လက်ဖော်ပြပါမည်)