မဟော်သဓဇာတ်တော်

မြတ်မင်းလှိုင်

 

(ယမန်နေ့မှအဆက်)


တစ်နေ့သ၌      မင်းကြီးသည်    အရှေ့ပါစိနယဝမဇ္ဈဂုံးရွာသို့ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေကန်ပို့ဆက်ရမည်ဟု စေတော်မူသည်။ မဟောသဓက ရဲရင့်စကားတတ်သောရွာသားတစ်ဦးကို တစ်ကိုယ်လုံး ရေစွတ်၍ ရွှံ့နွံတို့လိမ်းကျံလျက် မင်းကြီးထံသို့ ဝင်စေသည်။ ထိုသူက သင်ကြားပေးလိုက်သည့်အတိုင်း တောမှရေကန်ကို ယဉ်ကျေးပြီးသော မင်းကြီး၏ ရေကန်တော်နှင့် မျှားခေါ်လို၍ ရေကန်တော်လွှတ်ပေးရန် လျှောက်တင်လေသည်။ မင်းကြီးက ရေကန်ကို ဆောင်ယူ၍မရနိုင် ကြောင်းဆိုသည့်အခါ ထိုသူက ကျွန်တော်မျိုးတို့လည်း ဆောင်ယူ၍ ရနိုင်မည်မဟုတ်ပါဟု လျှောက်တင်ခဲ့၏။ ထိုပြဿနာကို ဖြေရှင်းသူ မှာလည်း မဟောသဓဖြစ်သည်ကို မင်းကြီးသိရှိ၍ အပါးသို့ခေါ်လို သော်လည်း သေနကအမတ်စကားကြောင့် ဆိုင်းငံ့၍ နေရပြန်သည်။ 
နောက်တစ်နေ့၌ မင်းကြီးသည် ဥယျာဉ်တော်သစ် ပို့ဆက်ရမည်ဟု စေပြန်သည်။ ရေကန်ပြဿနာနည်းတူ တောမှဥယျာဉ်ကို မျှားခေါ်ရန် မင်းကြီး၏ ဥယျာဉ်တော်ကို စေလွှတ်ပေးရန် ရဲရင့်၍စကားတတ်သော ရွာသားတစ်ဦးကို လျှောက်စေခြင်းဖြင့် ပြဿနာပြေလည်ခဲ့ရပြန်သည်။ 
မင်းကြီးသည် မဟောသဓ၏ ဉာဏ်ပညာကို အထူးအားရကျေနပ် သဖြင့် နန်းတွင်းသုခမိန်အဖြစ် ခေါ်ယူထားလိုသော်လည်း သေနက အမတ်စကားကြောင့်    အကြိမ်ကြိမ်ခေါ်ယူခြင်း   မပြုနိုင်ခဲ့ချေ။ ထို့ကြောင့်    မင်းကြီးသည်   နှလုံးမသာမယာဖြစ်လှသည်ကြောင့်    ကိုယ်တော်တိုင် အရှေ့ပါစိနယဝမဇ္ဈဂုံးရွာသို့ ကြွချီတော်မူလေသည်။  လမ်းခရီး၌ မင်းကြီး၏မြင်းတော် မြေကျွံသဖြင့် ခြေကျိုးသည်ကြောင့် နန်းတော်သို့ ပြန်ခဲ့ရလေသည်။ 
နောက်တစ်နေ့တွင်    မင်းကြီးသည်   သေနကအမတ်ကြီး၏ အကြံပြုချက်အတိုင်း မဟောသဓထံသို့ “ယမန်နေ့က အရှေ့ယဝ မဇ္ဇုမဂုံးရွာသို့ ထွက်တော်မူစဉ် ငါ၏မင်္ဂလာမြင်းတော် ခြေကျိုးရသည် ဖြစ်သောကြောင့်   အရှေ့ယဝမဇ္ဈဂုံးရွာသားတို့က    မြင်းကောင်း တစ်စီးနှင့် သူဌေးတစ်ယောက်ကို ငါ့ထံပို့ဆက်ရမည်”ဟု အမိန့်အလွှာ ပေးပို့စေခဲ့သည်။ အမိန့်တော်အမှာကို ကြားသိရသည်နှင့် မဟောသဓ လည်း   မြင်းကောင်းတစ်စီးဟူသည်မှာ   မိမိကိုရည်ရွယ်ပြီး သူဌေး တစ်ယောက်မှာ မိမိ၏ဖခင်ကိုဆိုလိုကြောင်းသိ၍ ဖခင်အား ရှေးဦးစွာ သွားရောက်စေပြီး ၎င်းကနောက်မှ လိုက်ပါလာခဲ့သည်။  လမ်းတွင် မဟောသဓသည် လူငယ်ဖော်များအား မြည်းတစ်ကောင်ကို ဖမ်းယူစေ ခဲ့သည်။ 
မဟောသဓ ရောက်လာလျှင် သူဌေးကြီးသည်  ကြိုတင်ညှိနှိုင်း ထားသည့်အတိုင်း မိမိနေရာမှ  ဖယ်ပေးလေသည်။ မဟောသဓက ဖခင်သူဌေးကြီး၏နေရာသို့  ဝင်ထိုင်လေသည်။   အမတ်ကြီးများနှင့် လူအများက ကဲ့ရဲ့ကြသည့်အပြင် မင်းကြီးကလည်း မဟောသဓအား ဖခင်ကိုမရိုသေသူဟု ပြစ်တင်စကားဆိုလေသည်။ ထိုအခါ မဟောသဓ က    ယူဆောင်လာသောမြည်းကိုပြ၍   မြည်းတစ်ကောင်သည် မြည်းထီးနှင့်  ဆက်ဆံ၍  ပေါက်ဖွားလာသော အဿထိုရ်မြင်းနှင့်  မြည်းတို့၏တန်ဖိုး ကွာခြားလှသည်ကို နှိုင်းယှဉ်ကာ တင်လျှောက် လေသည်။ သားသည်   အဖထက်မြတ်သည်လည်း    ရှိပေသည်ဟု မင်းကြီးသဘောပေါက်  ချီးမြှောက်လေသည်။   မင်းကြီးသည် မဟောသဓအား   သားအမှတ်မွေးယူပြီး    သူဌေးကြီးကိုလည်း   ရွာစားမင်းအရာ မြှောက်စားလေသည်။ မဟောသဓက ရွေဖော်ဖွားဖက် တစ်ထောင်နှင့်အတူ နန်းတွင်း၌ ခစားရန်မသင့်၍  နန်းပြင်ကသာ ခစားခွင့်ပြုရန် တင်လျှောက်သည်ကို မင်းကြီးက သဘောတူခွင့်ပြုသည်။ 
မြို့၏တောင်တံခါးဝအနီးရှိ    ရေကန်အနီးတွင်     ထန်းပင်ရှိ၏။ ထန်းပင်ပေါ်ရှိ ကျီးသိုက်တွင် အလွန်တောက်ပသော ပတ္တမြားတစ်လုံး၏ အရိပ်သည် ရေကန်သို့ထင်ဟပ်နေသည်။ လူအပေါင်းတို့က ရေကန်မှ ရေကိုသွန်ထုတ်တူးဆွ၍   ရှာဖွေကြသော်လည်း   မတွေ့ကြချေ။ မဟောသဓသုခမိန်သည် ထန်းပင်ထက်က   ပတ္တမြားအရောင်သည် ရေကန်၌    ထင်ဟပ်နေသည်ကို   လေ့လာတွေ့ရှိရသည်ကြောင့် လူတစ်ယောက်ကို တက်စေကာ အလွယ်တကူ ယူဆောင်ပေးလိုက် လေသည်။ မင်းကြီးသည် မဟောသဓ၏ ပညာကို မျက်မှောက်ထင်ထင် တွေ့မြင်ရသဖြင့်    အလွန်နှစ်သက်   ဝမ်းမြောက်လှသည်ကြောင့် ဆုလာဘ်ချီးမြှင့်သည့်အပြင် အလိုရှိသမျှ ဝင်ထွက်ခံစားခွင့်ပြုလေသည်။ 
တစ်နေ့သ၌ မင်းကြီးသည် မဟောသဓနှင့်အတူ ဥယျာဉ်တော်သို့ ထွက်တော်မူရာ ပုတ်သင်ညိုတစ်ကောင်သည်   မင်းကြီးခြေရင်း၌ ခစားသဖြင့်  မင်းကြီးက  နေ့စဉ်    အမဲ  လေးရွေးဖိုး  ဝယ်ကျွေးရန် ဥယျာဉ်စောင့်အား  အမိန့်ပေးခဲ့သည်။   ဥပုသ်နေ့ကျရောက်သည့်နေ့တွင် အမဲဝယ်မရ၍ ဥယျာဉ်မှူးက ပုတ်သင်၏လည်၌ အသပြာလေးရွေး ဆွဲပေးထားလေသည်။ နောက်တစ်နေ့၌ မင်းကြီးအား အရိုအသေ မပြုဘဲ နေလေသည်။ ထိုအခါ မဟောသဓက ပုတ်သင်ညိုသာမက ပညာရှိသူ တို့သည်ပင်   ဥစ္စာစည်းစိမ်ကိုမှီး၍    မာန်ထောင်ထား ပလွှားတတ်သည်ကို ကျနစွာ ရှင်းလင်းလျှောက်တင်ခဲ့ရာ မင်းကြီးက ချီးမြှောက်လေသည်။ 
ကျော်စောထင်ရှားသော    မဟောသဓသုခမိန်   ပေါ်ထွန်းချိန် ထိုမိတ္ထိလာပြည်၌နေသော       ပိင်္ဂုတ္တရအမည်ရှိ    လုလင်ပျိုသည် တက္ကသိုလ်ပြည်၌ပညာသင်ကြားတတ်မြောက်၍ ပါမောက္ခဆရာကြီးက ၎င်း၏သမီးနှင့် ထိမ်းမြားပေးလေသည်။ ပိင်္ဂုတ္တရသည်  ဘုန်းမရှိဘဲ ဒီသာပါမောက္ခ၏သမီးသည်  ဘုန်းရှိသူဖြစ်၍ သတို့သမီးအနားသို့ ကပ်၍မရပေ။ ခုနစ်ရက်မြောက်လျှင် ပိင်္ဂုတ္တရလုလင်သည် မိဘများ ထံသို့  သတို့သမီးနှင့် အတူပြန်လေသည်။  လမ်းတွင် သဖန်းပင်ကို တွေ့လျှင် သတို့သမီးသည် ဆာလောင်နေသည်ကိုသိရှိ၍ ကိုယ်တိုင် တက်၍ခူးစေသည်။ သတို့သမီးသည် သဖန်းပင်ပေါ်သို့ ရောက်ချိန်တွင် ပိင်္ဂုတ္တရလုလင်သည် အပင်ရင်း၌  ဆူးများ  ကာရံထားပြီး   ထွက်ပြေး လေသည်။ 
ဝိဒေဟရာဇ်မင်းကြီးသည်    ထိုနေ့နံနက်၌    ဥယျာဉ်တော်သို့ ဆင်စီးလျက်    ထွက်တော်မူသည်။    သဖန်းပင်အနီးသို့ရောက်၍ သတို့သမီးကိုတွေ့လျှင်   မေးမြန်းစုံစမ်းစေသည်။    သတို့သမီး၏ ဖြစ်ကြောင်းစုံလင် သိရှိရလျှင် သတို့သမီးအား နန်းတွင်းသို့ ဆင်တော် နှင့် ခေါ်ဆောင်သွားသည်။   ထို့နောက်  ဥဒုမ္ဗရဒေဝီဟူသောဘွဲ့ဖြင့် မိဖုရားကြီးမြှောက်တင်လေသည်။ 
တစ်နေ့သ၌     မင်းကြီးသည်   ဥယျာဉ်တော်သို့ထွက်တော်မူရာ မိဖုရားကြီးလည်း    လိုက်ပါလာတော်မူ၏။     မြို့တံခါးဝအပြင်၌ အရပ်သားများနှင့်အတူ လမ်းပြင်နေသော ပိင်္ဂုတ္တရလုလင်ကိုမြင်လျှင် မိဖုရားကြီးသည်  အားရစွာရယ်မိလေသည်။ မင်းကြီးသည် အမျက် ထွက်တော်မူ၍   အဘယ်ကြောင့်ရယ်ရသည်ကို   မေးလေသည်။ မိဖုရားသည်    ပိင်္ဂုတ္တရလုလင်အားတွေ့၍    ရယ်မောမိသည်ကို အကြောင်းစုံရှင်းလင်း     လျှောက်တင်သော်လည်း    မင်းကြီးက မယုံကြည်၍ သတ်မည်ပြုလေသည်။ မိဖုရားကြီး တောင်းပန်သည့်အခါ သေနကအမတ်ကြီးအား တိုင်ပင်ရာ အမတ်ကြီးကလည်း ယုံကြည်မှု မရှိပေ။ သို့အတွက် မဟောသဓက  ဘုန်းကျက်သရေရှိသောသူနှင့် ဘုန်းကံမဲ့သူတို့     ထပ်တူမရှိနိုင်ကြောင်း၊     မဟာသမုဒ္ဒရာ၏ ကမ်းတစ်ဖက်နှင့်   တစ်ဖက်  ကွာဝေးလှသကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးကွာဝေးသလို သူမြတ်နှင့်သူယုတ်မာတို့ ကွာလှမ်းကြကြောင်း ဥပမာများနှင့် မိဖုရားဖြစ်စဉ်ကို   ယုံကြည်ကြောင်း  လျှောက်၍ မိဖုရားကြီး ချမ်းသာရလေသည်။ မိဖုရားကြီးသည် ကျေးဇူးတင်၍ မဟောသဓအား    မောင်အဖြစ်ကျွေးမွေးခွင့်နှင့်   အစားအစာများ အချိန်မရွေးပို့နိုင်ရန်    တံခါးကိုပိုင်ခွင့်  တောင်းပန်ရာ   မင်းကြီးက ခွင့်ပြုလိုက်လေသည်။ 
တစ်နေ့သ၌ မင်းကြီးသည် စင်္ကြံလျှောက်နေစဉ် ဆိတ်နှင့်ခွေးတို့ သင့်တင့်   မိတ်ဆွေဖြစ်နေသည်ကို   လေသာတံခါးမှ တွေ့လိုက်ရ လေသည်။ ဆိတ်သည်  ခွေအား  စားဖိုဆောင်မှ  အမဲကိုခိုး၍ပေးပြီး  ခွေးသည်   ဆိတ်အား  ဆင်တင်းကုပ်မှမြက်ကို   ခိုးပေးလေသည်။ ထိုအကြောင်းကို ပြဿနာပြု၍ မိုးသောက်သော် သုခမိန်ငါးယောက် တို့အား မေးလေသည်။ သေနကအမတ်ကြီးက ဦးဆောင်၍ တစ်နေ့မျှ အချိန်ပေးရန်    လျှောက်တင်ရာ    မင်းကြီးက   ခွင့်ပြုလေသည်။ မဟောသဓသုခမိန်သည် မင်းကြီးထံမှထပြီးလျှင် အမှုကိုဆင်ခြင် လိုသောကြောင့်    ဥဒုမ္ဗရဒေဝီမိဖုရားထံသွား၍     ယမန်နေ့က မင်းကြီးကြာမြင့်စွာ ရပ်တော်မူသည့်နေရာကို မေးမြန်းဆင်ခြင်သော် အဖြေမှန်ကို ရရှိလေသည်။ အမတ်လေးဦးတို့က မဟောသဓအား အဖြေမေးသည့်အခါ မဟောသဓအမြွက်မျှသာ အဖြေဂါထာတစ်ပုဒ်စီ နှုတ်တိုက်ချသင်ပေးလိုက်၏။ နောက်တစ်နေ့  မိုးသောက်သောအခါ အမတ်လေးဦးတို့က မဟောသဓသင်ပေးလိုက်သည့် ဂါထာတစ်ပုဒ် စီဖြင့်   အကျဉ်းမျှသာဖြေဆိုနိုင်ပြီး မဟောသဓမှာ   အပြည့်အစုံ လျှောက်တင်ဖြေကြားလေသည်။ မင်းကြီးသည် သုခမိန်ငါးဦးစလုံးအား ချီးကျူးလေလျှင်    မိဖုရားကြီးက   မင်းကြီးအား    အဖြစ်မှန်ကို တင်လျှောက်လေသည်။ 
တစ်နေ့သ၌ မင်းကြီးက  ဤလောက၌   လူနှစ်ယောက်ရှိရာ တစ်ယောက်က ပညာရှိ၏။ စည်းစိမ်ချမ်းသာမှုမရှိ။ တစ်ယောက်ကား စည်းစိမ်ရှိ၏။   ပညာမရှိ။   ထိုသူနှစ်ယောက်တို့တွင်    မည်သူက မြတ်သနည်းဟု မေးမြန်းလေသည်။ သေနကအမတ်က ပညာရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဥစ္စာရှင်၏ အစေအပါးသာဖြစ်ရ၍ ဥစ္စာက မြတ်ကြောင်း  ဖြေကြားလေသည်။  မဟောသဓကမူ ဥစ္စာကြောင့် လူများသည်   မကောင်းမှုကို    ပြုတတ်သည်ကြောင့်    အပယ်၌ ကျတတ်သဖြင့် ပညာရှင်ကသာ အပြစ်ကိုမြင်၍ ဆင်ခြင်နိုင်သည်ဖြစ်၍ ပညာကမြတ်ကြောင်း   လျှောက်တင်လေသည်။   ထိုအခါ သေနက အမတ်က  ပညာရှိသော  ဂေါဝိန္ဒသူဌေးကို လူအများမှီခိုရကြောင်း သက်သေထုတ်လျှင် မဟောသဓက ဥစ္စာသည် အခိုက်အတံ့သာဖြစ်၍ ပညာမရှိက ဥစ္စာအသစ် မဖန်တီးနိုင်သဖြင့် ပညာသာမြတ်ကြောင်း လျှောက်တင်ပြန်သည်။    သေနကအမတ်က   ဥစ္စာကြွယ်ဝသူကို အရပ်ရပ်ရှိလူများခိုလှုံရကြောင်း တင်လျှောက်ပြန်လျှင် မဟောသဓက ပညာရှိမှသာလျှင် သံသရာ၌ ကောင်းမှု မကောင်းမှုကို ခွဲခြားနိုင်မည် ဖြစ်ကြောင်း လျှောက်တင်သည်။ 
တစ်ဖန်  သေနကအမတ်က ပညာရှင်သည် ဥစ္စာရှင်ထံသို့သာ ဝင်ခိုရမြဲဖြစ်ကြောင်း တင်လျှောက်ပြန်ရာ မဟောသဓက ဥစ္စာရှင် ဖြစ်သော်လည်း သူမိုက်စကားသည် ပညာရှိကို မလွန်ဆန်နိုင်ကြောင်း ချေပ၏။ ထိုအခါ သေနကအမတ်က ဥစ္စာရှင်၏စကားကိုသာ လူအများ နာခံကြရကြောင်း တင်လျှောက်လျှင် မဟောသဓက သူမိုက်သည် ကဲ့ရဲ့ခံရကြောင်း၊ တစ်ဖန် သေနကအမတ်က ပညာရှင်သည် ဥစ္စာရှင်၏ ရှေ့၌ ပညာစွမ်းမပြနိုင်ကြောင်း   လျှောက်တင်လျှင်  မဟောသဓာက ပညာရှိသည်  ကိုယ်ကျိုး  သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ပုံကို တင်လျှောက်၏။ ထိုအခါ  သေနကအမတ်က  ကျွန်ုပ်တို့ပညာရှင် ငါးဦးသည်  ဥစ္စာရှင် မင်းကြီးအား ခစားနေရကြောင်း တင်လျှောက်လျှင် မဟောသဓက မင်းကြီးသည် ပြဿနာများပေါ်သောအခါ   ပညာရှိများ ကိုသာ  မေးရကြောင်း တင်လျှောက်သည်။ ထို့အပြင် မည်သည့်  စည်းစိမ်ရှင် သူမိုက်မျှ ပညာရှိကို လွန်မြောက်နိုင်ခြင်းမရှိကြောင်းကို သဗ္ဗညုတဉာဏ်တော်ရ ဘုရားရှင်မြတ်စွာဘုရားကို သက်သေပြု၍ လျှောက်တင်လေလျှင် သေနကအမတ်သည်  ပြန်လည်ချေပနိုင်စွမ်း မရှိတော့ပေ။ မင်းကြီးလည်း မဟောသဓအား ချီးမြှောက်လေသည်။ 
သို့ဖြစ်၍ မဟောသဓသုခမိန်သည် အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ရောက်လေလျှင် မိဖုရားကြီး ဥဒုမ္ဗရဒေဝီက ထိုက်တန်သော သတို့သမီးနှင့် ထိမ်းမြားပေးရန် ကြံရွယ်လေသည်။ မဟောသဓက မိမိနှစ်သက်သူကို ရွေးချယ်ရှာဖွေခွင့်တောင်းကာ အပ်ချုပ်သမား အသွင်ဖြင့်   တစ်ယောက်တည်း မြောက်တံခါးမှ   ဥတ္တရယဝမဇ္ဈိဂုံးရွာသို့ သွားလေသည်။ 
ထိုရွာ၌ စည်းစိမ်ပြုန်းတီးပျက်စီးသဖြင့် လယ်ယာဖြင့် အသက်မွေး နေကြသော သူဌေးဟောင်းလင်မယားရှိ၏။ ထိုလင်မယား၌ အမရာ  အမည်ရှိသော သမီးတစ်ယောက် ရှိပေသည်။ မဟောသဓရောက်ရှိသည့် နေ့တွင် အမရာသည် ဖခင်ရှိရာ လယ်တောသို့ နံနက်စာ ယာဂု သွားပို့ရာ မဟောသဓနှင့် ဆုံလေသည်။ မဟောသဓသုခမိန်သည် အမရာအား အိမ်ထောင်ရှိမရှိကို လက်ဆုပ်ပြမေးလေရာ အမရာက ဉာဏ်ပညာရှိသူ ဖြစ်သဖြင့်    အိမ်ထောင်မရှိကြောင်းကို  လက်ဝါးဖြန့်ဖြေဆိုသည်။ ထိုအခါ မဟောသဓက အမည်ကိုမေးလျှင် အမရာက အတိတ်ပစ္စုပ္ပန် အနာဂတ်တို့၌   မရှိသောအမည်ဖြစ်ကြောင်းဖြေလျှင်    အမရာ ဖြစ်ကြောင်းကို သိရှိရလေသည်။ မဟောသဓနှင့် အမရာတို့သည် အပြန်အလှန်စကားဝှက်ဖြင့်  ဆက်လက်မေးမြန်းဖြေဆိုကြသည်။ ထို့နောက် မဟောသဓသည် အမရာတိုက်ကျွေးသည့် ယာဂုကိုသောက်၍ အမရာ၏နေအိမ်သို့ ကြိုတင်သွားနှင့်လေသည်။ 
အမရာ၏မိခင်လည်း     ဧည့်ဝတ်ကျေစွာ     ကြိုဆိုခဲ့သည်။ မဟောသဓသည်   ခုနစ်ရက်ကြာနေထိုင်ပြီး  အမရာအား လေ့လာ ပညာစမ်းသပ်လေသည်။ ဆန်တစ်ခွက်နှင့် မုန့်ကြွပ်၊ ယာဂု၊ ထမင်း စသည့်သုံးမျိုးကို   ချက်စေခဲ့ရာ   အမရာက   ဆန်ရင်းကို ထမင်း၊ ဆန်လတ်ကို ယာဂုနှင့် ဆန်ကွဲကို မုန့်ကြွပ်လုပ်ပေး၏။ မဟောသဓ ထမင်း၊ ယာဂု၊ မုန့်ကြွပ်တို့   ညံ့ကြောင်းပြစ်တင်ပြောဆိုသော်လည်း အမရာသည် ဒေါသအမျက်မထွက်ဘဲ သည်းခံလေသည်။ မဟောသဓ သည် အမရာမှာ မိန်းမမြတ်ဖြစ်ကြောင်း စမ်းသပ်သိရှိရပြီးနောက် ရွာ၌အဝတ်ပုဆိုးချုပ်ရသော    ဥစ္စာနှင့်အတူ    အိမ်ကပါလာသော အသပြာတစ်ထောင်တို့ကို  သူဌေးလင်မယားတို့အား ပေးအပ်ကာ အမရာအား လက်ထပ်ခွင့်တောင်းလေသည်။ အမရာ၏ မိဘတို့သည် မဟောသဓအား ဉာဏ်ပညာပြည့်စုံ၍ မျိုးကောင်းဆွေကောင်းသား အမူအရာနှင့်   လက္ခဏာလည်း   ပြည့်စုံသည်ကို   သိသည်ဖြစ်၍ နှစ်သက်သဖြင့် အမျိုးအမည်ကိုမျှမမေးဘဲ ခွင့်ပြုလိုက်လေသည်။ 
မဟောသဓသည်    အမရာအား မြို့သို့ခေါ်ဆောင်လာရာ လမ်းခရီး တွင် ထီးနှင့်ဖိနပ်ကိုပေး၏။ အမရာသည် လွင်ပြင်၌ ထီးကိုမဆောင်းဘဲ သစ်ပင်သစ်ခက်တို့အောက်ရောက်လျှင် ထီးဖွင့်ဆောင်း၏။ ရေမရှိသော  မြေပြင်၌ ဖိနပ်ကိုမစီးဘဲ  ရေရှိရာအရပ်မှသာလျှင်  ဖိနပ်ကိုစီး၏။ မဟောသဓကမေးလျှင် သစ်ပင်အောက်၌ သစ်ကိုင်းသစ်ဆွေးများ ကျမည်စိုး၍လည်းကောင်း၊     ရေထဲ၌      ဆူးငုတ်တို့ရှိမည်စိုးရ လည်းကောင်း ဖြစ်သည်ဟု ကိုးကားဖြေဆိုလေသည်။ ခရီးဆက်ကြရာ ဆီးသီးပင်တစ်ပင်သို့ရောက်လျှင် မဟောသဓက ဆီးသီးစားလိုကြောင်း  ပြော၍ အမရာသည် ဆီးပင်ပေါ်သို့တက်၍ခူးယူပြီး ဆီးသီးပူကို စားလိုသလား ဆီးသီးအေးကိုစားလိုသလားဟုမေး၏။ မဟောသဓက ဆီးသီးပူကို   စားလိုကြောင်းပြောလျှင်   အမရာလည်း  ဆီးသီးကို မြေပူရာမြူဖုတ်ထဲသို့ ချလိုက်၏။ မဟောသဓသည် ဆီးသီးအေးကို စားလိုကြောင်း ထပ်မံပြောဆိုသောအခါ အမရာသည် ဆီးသီးကို မြက်ပင်ပေါ်သို့ချပေး၏။ 
မြို့သို့ရောက်ကြသောအခါ   မဟောသဓသည်   အမရာအား တံခါးမှူးအိမ်၌ထားခဲ့ပြီး ကျွန်ယုံတစ်ဦးအား ငွေအသပြာတစ်ထောင်ဖြင့်  ဖြားယောင်းစေ၏။ အမရာက အသပြာတစ်ထောင်သည် မိမိခင်ပွန်း၏  ခြေဖဝါး၌ကပ်သော မြူလောက်မျှအဖိုးမထိုက်၊ မိမိလွတ်လပ်သူ မဟုတ်ကြောင်းဖြင့် ငြင်းဆိုလေသည်။ သုံးကြိမ်တိုင် သွားရောက် ဖြားယောင်းသော်လည်း မအောင်မြင်သဖြင့်  အမိန့်ဖြင့်ခေါ်စေသော အခါတွင် အမရာသည် မိမိမှာခင်ပွန်းရှိပြီးဖြစ်ကြောင်း ငြင်းဆိုသဖြင့်  မင်းချင်းလုလင်ပျိုတို့သည် အမရာ၏လက်ကိုဆွဲ၍ အတင်းခေါ်ဆောင် သွားလေသည်။   မဟောသဓ၏အိမ်သို့ရောက်လျှင် အမရာသည် များစွာသောအခြံအရံဖြင့်   မင်းသားစည်းစိမ်နှင့်   တင့်တယ်ခြင်း များစွာဖြင့်နေသော  မဟောသဓကို  မမှတ်မိသဖြင့်  ပြုံးရယ်ခြင်း၊ ငိုခြင်းပြုလေသည်။ မဟောသဓက အကြောင်းရင်းကိုမေးသည့်အခါ ကုသိုလ်ကံ၏အကျိုးသည် လွန်စွာအံ့ဩဖွယ်ကောင်း၍ နှစ်လိုသော နှလုံးဖြင့်  ရွှင်လန်းမိကြောင်း၊  ငိုသည်မှာ စည်းစိမ်ပြည့်စုံပါလျက် လင်ရှိမယားကို    သိမ်းယူရန်ပြုသည့်   မင်းသားကို  သနားခြင်း ကရုဏာသက်၍   ငိုမိကြောင်း   တင်လျှောက်လေသည်။ ထိုအခါ မဟောသဓသည် မင်းချင်းတို့ကိုခေါ်၍ အမရာအား တံခါးမှူးနေအိမ်သို့ ပြန်ပို့စေသည်။    နံနက်မိုးသောက်သောအခါ   နန်းတော်သို့ဝင်၍ ဥဒုမ္ဗရဒေဝီမိဖုရားအား မိန်းမကောင်းရခဲ့ကြောင်း လျှောက်ကြား လေသည်။ မိဖုရားလည်း မင်းကြီးကို တင်လျှောက်၍ ကြီးကျယ်စွာ လက်ထပ်မင်္ဂလာပြုလေသည်။ 
အမတ်သုခမိန်လေးယောက်တို့သည်  သေနကအမတ်ကြီး၏ နေအိမ်တွင် နေ့တိုင်းမပြတ် ဆုံကြလေ့ရှိတတ်၏။ မဟောသဓသုခမိန်  လက်ထပ်မင်္ဂလာပြုပြီးသောတစ်နေ့၌ မဟောသဓ၏ ပညာကိုပြိုင်လျှင် အမြဲရှုံးခဲ့နေရာ၊ ယခုတစ်ဖန် မဟောသဓသည် ဘုန်းပညာရှိမယား ကောင်းနှင့် လက်ဆက်တိုးပွားလာသဖြင့် မည်သို့မျှ ယှဉ်နိုင်တော့မည် မဟုတ်သည်ကို  သိရှိသောကြောင့် မဟောသဓအား ပျက်စီးစေရန် မကောင်းသောစိတ်ထားဖြင့်    မင်းကြီးအား   ကုန်းချောစကား လျှောက်ထားရန် ကြံစည်ကြလေသည်။ 
ထို့နောက်   သေနကအမတ်ကြီးသည်   မင်းကြီး၏ ပတ္တမြား ဆံကျစ်ကိုလည်းကောင်း၊ ပက္ကုသအမတ်သည် မင်းကြီး၏ ရွှေပန်းကုံး၊ ကာမိန္ဒအမတ်က မင်းကြီး၏ ကမ္ပလာ၊ ဒေဝိန္ဒအမတ်က မင်းကြီး၏ ရွှေခြေချင်းတို့ကို ခိုးယူကြသည်။ ထို့နောက်  သေနကအမတ်က ဦးစွာ   ပတ္တမြားဆံကျစ်ကို    ရက်တက်အိုး၌ထည့်ကာ  ကျွန်မ တစ်ယောက်အား ရက်တက်ရောက်ဟန်ပြု၍   မဟောသဓအိမ်သို့ ဝင်ရောက်ပေးစေသည်။ 
အမရာလည်း  ရက်တက်သည်မ၏ အမူအရာထူးခြားသည်ကို သိရှိ၏။ ဈေးသည်မ  မရှိခိုက် ရက်တက်အိုးကို စစ်ဆေးလေသည်။ မင်းကြီး၏ ဆံကျစ်ကိုတွေ့သဖြင့် ဟန်မပျက်နေပြီး ရက်တက်သည်မ အား    မေးသောအခါ   သေနကအမတ်အိမ်မှဖြစ်ကြောင်းသိရ၍ ဈေးသည်မ၏ အမည်၊   အမိအဘတို့ကို   မေးမြန်းမှတ်သားကာ ဝယ်ယူပြီးလျှင် ရက်တက်အိုးတွင် ဝယ်ယူသောနေ့နှင့်တကွ ကမ္ပည်း တပ်၍ သိမ်းဆည်းထားလေသည်။ ထိုနည်းတူစွာပင် ပက္ကုသအမတ် အိမ်မှ ရွှေပန်းကုံးပါသော မြတ်လေးပန်းတောင်း၊ ကာမိန္ဒအမတ်အိမ်မှ ကမ္ပလာပါသော ဟင်းရွက်တောင်း၊ ဒေဝိန္ဒအမတ်အိမ်မှ ရွှေခြေချင်း ပါသော မုယောစပါးစည်းတို့ကို ဝယ်ယူပြီးနောက် မဟောသဓထံသို့ အကြောင်းကြားလေသည်။ 
သုခမိန်လေးယောက်တို့သည်    တန်ဆာလေးခုကို    ထိုသို့ မဟောသဓအိမ်သို့ ပို့ပြီးနောက် နန်းတော်သို့ဝင်ပြီး မင်းကြီးအား ဆင်တော်မူမြဲဖြစ်သော   ပတ္တမြားဆံကျစ်၊  ရွှေပန်းကုံး၊  ကမ္ပလာ၊ ရွှေခြေချင်းကို အဘယ်ကြောင့် ဆင်တော်မမူသည်ကို လျှောက်ကြ၏။ မင်းကြီးလည်း  ပျောက်ဆုံးနေကြောင်းဆိုလေလျှင်  အမတ်တို့က မဟောသဓ ခိုးယူထားကြောင်း ကုန်းချောတင်လျှောက်ကြလေသည်။ မဟောသဓသည် မင်းကြီးထံအခစားဝင်ရာ မင်းကြီးသည် အမျက်ထွက် နေသဖြင့်   မျက်နှာလွှဲကာဝင်သွားသည့်အပြင်   မဟောသဓအား ရာဇဝတ်ထုံးအတိုင်း ကွပ်မျက်စေလိုက်၏။ 
မဟောသဓလည်း   နန်းတော်မှ ထွက်ပြေးတိမ်းရှောင်လေသည်။ ဒက္ခိဏယဝမဇ္ဈဂုံးရွာ၌     မထင်မရှားအသွင်ဖြင့်   အိုးထိမ်းအိမ်၌ မှီခိုနေထိုင်သည်။   ထိုအခါ  အမတ်လေးဦးတို့သည်   အမရာအား သိမ်းပိုက်ရန် ကိုယ်စီအကြံဖြင့် အမရာဒေဝီထံသို့ ကောင်းမြတ်သော  လက်ဆောင်ပဏ္ဍာများ     အသီးသီးပို့စေ၏။   အမရာဒေဝီသည် အမတ်ကြီးလေးဦးပေးပို့သော      လက်ဆောင်များကို     လက်ခံ၍ လေးဦးစလုံးအား အချိန်ခွဲ၍ ချိန်းဆိုလိုက်၏။ 
(ဆက်လက်ဖော်ပြပါမည်)