
မန္တလေး ဧပြီ ၁၃
ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြိုနေ့)တွင် မန္တလေးမြို့အတွင်းရှိ ဘုရားစေတီ ပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ ရေကစား မဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများနှင့် စတုဒိသာကျွေးမွေး သူများဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ ကြသည်။
နံနက်ပိုင်းမှစတင်၍ မဟာမုနိဘုရားကြီး၊ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား စသည့် ဘုရားတို့တွင် တရားဘာဝနာအားထုတ်ကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများနှင့် စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက် ရှိသည်။
ထို့ပြင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် ကျုံးပတ်လည်ရှိ သင်္ကြန်မဏ္ဍပ်များ၌ လာရောက်ရေကစားကြသူများဖြင့် အထူးစည်ကား လျက်ရှိပြီး တေးသံရှင်များနှင့် အနုပညာရှင်များက အတာသင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကာ ဝန်ကြီးဌာန များနှင့် ဝါသနာရှင်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။
ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေး မြို့ရှိပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ချမ်းမြသာစည် မြို့နယ်ရှိ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်အတာသင်္ကြန်၌ နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ယိမ်းအကအဖွဲ့များ၏ အကအလှဖျော်ဖြေမှုများ၊ DJ အစီအစဉ်များ၊ စတုဒိသာအကျွေးအမွေးများ ဖြင့် စီစဉ်ဆောင်ရွက်ထားရှိရာ လာရောက်အပန်းဖြေအနားယူကြသည့် ပြည်သူများဖြင့် စည်ကားခဲ့သည်။
ထို့ပြင် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ထူးခြား သည့် အစီအစဉ်တစ်ခုအဖြစ် ခေတ်လေးခေတ်၏ ဝတ်စားဆင်ယင်မှုများကို ပုံဖော် ရေကစားသည့် အသွင်သဏ္ဌာန် ဖန်တီးထားရှိရာ အဆိုပါ ခေတ် အလိုက် ဝတ်ဆင်ထားသူများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသူများဖြင့်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
မောင်အေးချမ်း