Type

ဆူးငှက်
မဟာမုနိရုပ်ရှင်တော်မြတ်ဟု ဘွဲ့တော်ချီသော မဟာမုနိ ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက် အမှတ် ၅၀၈ တွင် တည်ရှိသည်။
ဗိသုကာပိုင်းဆိုင်ရာ ထူးခြားမှု
မဟာမုနိဘုရားကြီးကို ဗုဒ္ဓဘာသာဝင်အများစုက ယုံကြည်လက်ခံထားသည်မှာ ဂေါတမဘုရားရှင် လက်ထက်အခါကာလ ဓညဝတီပြည့်ရှင် စန္ဒသူရိယ မင်း၏ လျှောက်ထားတောင်းပန်ချက်ဖြင့် ကိုယ်ပွားဆင်းတု တော်ကို သွန်းလောင်းစေကာ ဘုရားရှင်ကိုယ်တော်တိုင် ရင်ငွေ့တော် ထည့်သွင်းပေးတော်မူခဲ့သဖြင့် “ရုပ်ရှင်တော် မြတ်”အဖြစ် အစဉ်အဆက် ယုံကြည်ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိ တည်ထားကိုးကွယ်သည့်နေရာတွင်လည်း ဘိုးတော်ဘုရားလက်ထက်ကတည်းက ဆောက်လုပ် လှူဒါန်းခဲ့သည့် မူလ အုတ်ပြာသာဒ်ဂန္ဓကုဋိတိုက်တော် မှာ မပျက်မယွင်းတည်ရှိနေခြင်းနှင့် အဆိုပါ အုတ် ပြာသာဒ်ကို ငုံ၍ ယခုမြင်တွေ့နေရသော ဘုံခုနစ်ဆင့် ပြာသာဒ်တော်ကြီး ပါဝင်သော ဂန္ဓကုဋိ အုတ်ကျောင်း တော်ကြီးကို အပေါ်မှငုံ၍ တည်ထားသည့် ဗိသုကာ ပိုင်းဆိုင်ရာ ထူးခြားမှုကိုလည်း ဖူးမြင်နိုင်သည်။
ရတနာပုံခေတ် နံရံဆေးရေးပန်းချီ
ထို့ပြင် ယခုနေရာသို့ တည်ထားရောက်ရှိသည်မှအစ ယခုထက်တိုင် ရုပ်ရှင်တော်မြတ်ကြီးကို သဒ္ဓါတရား ထက် သန်စွာဖြင့် ရွှေစင်ရွှေဆိုင်းများ ကပ်လှူပူဇော်ခဲ့ကြရာ၌ ကိုယ်လုံးတော်မြတ်၌ ရွှေသား ထုထည်များပြားကြီးမား လာသော်လည်း မျက်နှာတော်မှာ အချိုးအစားကျန ပုံစံမပျက် သပ္ပာယ်စွာဖူးမြော်နိုင်သည်။
မဟာမုနိဘုရားကြီးအတွင်း စောင်းတန်းလေးသွယ် အနက် အနောက်ဘက်စောင်းတန်းနှင့် တောင်ဘက် စောင်းတန်း နှစ်သွယ်သာလျှင် ရတနာပုံခေတ်နှင့် ကိုလိုနီ ခေတ်ဦး နံရံဆေးရေးပန်းချီများ ကျန်ရစ်ခဲ့သည်။ အထူးသဖြင့် ရတနာပုံခေတ် နံရံဆေးရေးပန်းချီအနေဖြင့် မင်းခမ်းမင်းနားဆိုင်ရာ လက်ရာနှင့်၊ ကိုလိုနီခေတ်ဦး ပိုင်းတွင် အင်္ဂလိပ်လူမျိုးတို့၏ ပုံများနှင့်အတူ မီးရထား ပုံများပါ ရေးဆွဲထားသည်ကို လေ့လာကြည့်ရှုနိုင်သည်။ ဘုရင့်နေပြည်တော်အဖြစ်မှ တိုင်းတစ်ပါး လက်အောက်ရောက်ချိန် ကိုလိုနီခေတ်ဦးပိုင်းကာလ ပြောင်းလဲလာသော လူနေမှုပုံစံများကို သရုပ်ဖော်သည့် ရှားပါးသော နံရံဆေးရေး ပန်းချီလက်ရာများလည်း ဖြစ်သည်။
ရှေးဟောင်း ကြေးရုပ်ကြီးများ
မဟာမုနိဘုရားကြီးတွင် ဘုရားဖူးများ စိတ်ဝင်စားကြ သည့် နေရာတစ်ခုမှာ ရှေးဟောင်းကြေးရုပ်ကြီးများ ဖြစ်သည်။ ကြေးရုပ်ကြီးများ၏ မူလနေရာမှာ ကမ္ဘော ဒီးယားနိုင်ငံ အန်ကာမြို့ဖြစ်ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ သို့ ရောက်ရှိခဲ့သည်။ ကောဇာသက္ကရာဇ် ၉၂၅ ခု တန်ခူး လပြည့်ကျော် ၂ ရက်နေ့တွင် ထိုင်းကို စစ်အောင်နိုင်၍ ဘုရင့်နောင်ကျော်ထင်နော်ရထာက ဟံသာဝတီ(ပဲခူး)သို့ ဆောင်ယူခဲ့သည်။
ကောဇာသက္ကရာဇ် ၉၆ဝ တွင် ဟံသာဝတီပျက်သောအခါ တောင်ငူမင်းနှင့် ရခိုင်မင်း တို့က ခွဲဝေယူဆောင်ကြပြီး ရခိုင်မင်းယူဆောင်သွားသော ကြေးရုပ်များအနက် ကြေးရုပ် ၃ဝ ကို အမရပူရသို့ မဟာ မုနိရုပ်ပွားတော်နှင့်အတူ ယူဆောင်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ထို့ပြင် အောင်ကျော် ဇေယျာ၊ အောင်ကျော်ဒေဝါအမည်ရှိ နတ်ရုပ်နှစ်ရုပ် ထမ်းထားသော ကြေးစည်ကြီးနှင့် ကြေးမောင်းကြီး ပြတိုက်နှင့် နာမည်ကျော် မြန်မာပန်းချီဆရာကြီးများ လက်ရာ မဟာမုနိသမိုင်းပန်းချီပြတိုက်တို့ကလည်း လေ့လာသူ ဘုရားဖူးများနှင့် စည်ကားလျက်ရှိသည်။
မျက်နှာတော်သစ် ရေတော်ဝတ်
မဟာမုနိဘုရားကြီး၏ ထူးခြားသော ကြည်ညိုဖွယ် တစ်ခုမှာ မျက်နှာတော်သစ်ရေတော်ဝတ်ပူဇော်ခြင်း ဖြစ်သည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို နံနက် အရုဏ်တက်ချိန်တွင် ဂန္ဓကုဋိတိုက် တံခါးတော်ဖွင့်လှစ်၍ ဥပါသကာ ဝတ်ပြုသူများခြံရံကာ မျက်နှာတော်သစ်၊ တံပူ ကပ်၊ ယပ်တော်သွင်းခြင်းစသော ဗုဒ္ဓကိစ္စအမှုကြီးငယ်တို့ ကို သံဃသမုတိရ ရေတော်ဆရာတော်ဦးဆောင်၍ နေ့စဉ် ဝတ်မပျက်ဆောင်ရွက်တော်မူသည်။
မဟာမုနိရုပ်ရှင်တော်မြတ်၏ နံနက်အရုဏ်တက် မျက်နှာသစ်တော်အချိန်နှင့် ညနေဆည်းဆာ ဂန္ဓကုဋိ တိုက် တံခါးပိတ်ချိန်များတွင် မြန်မာမှု နရည်းဗုံထောင် အဖွဲ့က သာယာနာပျော်ဖွယ် နရည်းဗုံထောင်တီးလုံးများ ကို တီးမှုတ်ပူဇော်ခြင်းကလည်း ထူးခြားမှုဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်နှင့် ထမနဲဆွမ်းကပ်ခြင်း
မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလတွင် ကျင်းပသည်။ အမရပူရ နေပြည်တော်သို့ ရုပ်ရှင်တော်မြတ်ကြီး စတင်သီတင်းသုံးစဉ်ကတည်းက တောင်ပေါ်ဒေသမှ ဘာသာရေးကိုင်းရှိုင်းသော တိုင်းရင်း သားများက ကောက်ဦးကောက်သစ်ပေါ်သော တပို့တွဲလ ခြေခင်းလက်ခင်းသာချိန် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဦးဦး ဖျားဖျား ထမနဲဆွမ်းကပ်လှူကြသည်။ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းခဲ့ရာ ယခုထိ တပို့တွဲလပွဲတော်တွင် တိုင်းရင်းသားများပါ လာရောက်၍ ထမနဲဆွမ်းကပ်ခြင်း နှင့်အတူ ယခုနှစ်တွင် ထမနဲထိုးပြိုင်ပွဲများအထိ ကျင်းပ ပြုလုပ်လာကြသည်။
တပို့တွဲလသည် ဆောင်းနှောင်းရာသီတွင် အအေး ဓာတ်လွန်ကဲမှု အစဉ်အလာရှိပြီး ထိုရာသီတွင် မြတ်စွာ ဘုရားရှင်ပင် ခြေတော်လက်တော်တို့ မီးကင် အနွေးဓာတ် ရစေသည်ဟု ဆိုကြ၏။
ထို့ကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲနှင့် ထမနဲဆွမ်းကပ်ခြင်း၊ ပင့်သံဃာ တော်များအား စာရေးတံမဲလောင်းလှူခြင်းများနှင့်အတူ လပြည့်နေ့အရုဏ်တက်၌ နံ့သာမီးပုံထင်းများလည်း ဆက်ကပ်ကြသည်။ ရှေးကရုံဇာတ်ကြီးများ ထွန်းကား စဉ်က မဟာမုနိ တပို့တွဲပွဲတွင် ရုံဇာတ်ကြီးများ၊ ဗလာ ဇာတ်များ၊ ကြည့်ချင်ပွဲအငြိမ့်များ၊ ဗလာဆိုင်းများအပြင် ခြင်းပွဲများ၊ လူငယ်ဘောလုံးပြိုင်ပွဲများ စည်ကားစွာ ကျင်းပခဲ့ကြသည်။
- Log in to post comments