မဟာဗျူဟာအရ အရေးပါသည့် လမ်းမကြီးများ အမြန်ဆုံးပြီးပြတ်ရန် အကောင်အထည်ဖော်

mal 2

 

အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ဇူလိုင် ၉ ရက်ကကျင်းပသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်သမ္မတက တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် အရှည်ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) ရှည်လျားသော လမ်းမကြီးဖြစ်သည်။ ဤလမ်းမကြီးသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်၊ မိုရေးမြို့မှစတင်ပြီး မြန်မာနိုင်ငံကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အဆုံးသတ်မည်ဖြစ်ရာ အိန္ဒိယ-မြန်မာနယ်စပ်မှ ဝင်ရောက်လာသောလမ်းသည် ပြည်တွင်း၌ တမူး၊ ခမ်းပတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ပဲခူး၊ မြဝတီမြို့တို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။ လမ်းပိုင်းအများစုမှာ လုပ်ငန်းများပြီးစီးနေသော်လည်း လုံခြုံရေးအခြေအနေများကြောင့် လမ်းပိုင်းအချို့ ဆက်လက်ဆောင်ရွက်ရန်ကျန်နေသေးကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းကို ၁၉-၁၂-၂ဝ၁ဝ ရက်နေ့တွင် စတင်ခဲ့ပြီး ဆိပ်ကမ်း၊ ဆိပ်ကမ်းဝင်းအတွင်း ဆက်စပ်ရုံးအဆောက်အအုံများ ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ၂၇-၇-၂၀၁၂ ရက်နေ့တွင်စတင်ခဲ့ရာ ဆိပ်ကမ်းနှင့်တကွ ဆက်စပ်ရုံး၊ အဆောက်အအုံများ ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ကုလားတန်စီမံကိန်းတွင်ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့်ရှိပြီး ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၄ သန်းခန့်ဖြစ်ရာ စီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့်ရှိသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ကူးသန်းနိုင်သည့် လမ်းကြောင်းစီမံကိန်းများသည် ယခင်အစိုးရများအဆက်ဆက်တွင် အကောင်အထည်ဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခွင့်အလမ်းများစွာ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတို့အပေါ်တွင်လည်း ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည့်အလျောက် သက်ဆိုင်ရာစီမံကိန်းလမ်းကြောင်းများအလိုက် လုံခြုံရေးပိုင်းအရ ဆောင်ရွက်ပြီးချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဝင်ရောက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများနှင့် အကြမ်းဖက်လက်နက်ကိုင် ဆူပူသောင်းကျန်း ဖျက်ဆီးမှုများက နိုင်ငံကိုအဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးစေသည်။ နိုင်ငံ၏ အနှစ်နှစ်အလလက အချိန်ယူစုဆောင်းတည်ဆောက်ခဲ့ရသော အခြေခံအဆောက်အဦများစွာတို့ ပျက်စီးခဲ့ရသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးများမှာလည်း ရပ်တန့်ထားခဲ့ရသည်။ အဆိုပါစီမံကိန်းကြီးများမှာ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားစေမည့် စီမံကိန်းကြီးများဖြစ်ရာ ပြည်တွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စီမံကိန်းလုပ်ငန်းကြီးများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ကျရာကဏ္ဍအလိုက် အောင်မြင်အောင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။