MFF ဖူဆယ်လိဂ် - ၁ ပြိုင်ပွဲတွင် ဇယားထိပ်ပိုင်းအသင်းအားလုံး နိုင်ပွဲရရှိ

 

ရန်ကုန်  ဇန်နဝါရီ  ၂၀


MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ  ပွဲစဉ် (၁၁) ကို ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်မြို့  သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ   လက်ရှိ ချန်ပီယံ VUC အသင်းအပါအဝင် ဇယားထိပ်ပိုင်းမှ အသင်းအားလုံး  နိုင်ပွဲရရှိခဲ့သည်။


ပွဲစဉ် (၁၁) တွင် VUC အသင်းက လက်ဝဲသုန္ဒရ အသင်းကို ငါးဂိုး - ဂိုးမရှိ၊ Winner Soccer အသင်း က ဖူဆယ်ချစ်သူအသင်းကို နှစ်ဂိုး - တစ်ဂိုး၊ MIU အသင်းက လင်းလက်အသင်းကို လေးဂိုး - တစ်ဂိုး၊ Futsal-19 အသင်းက Dream Team အသင်းကို နှစ်ဂိုး - ဂိုးမရှိ၊  Generations  အသင်းက M2K အသင်းကို ငါးဂိုး - ဂိုးမရှိဖြင့်   အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၁) အပြီးတွင်  VUC   အသင်းက   ရမှတ်  ၃၃  မှတ်ဖြင့်    ဦးဆောင်နေပြီး    MIU  အသင်း က  ၂၅   မှတ်၊    Winner    Soccer    အသင်းနှင့် 
Generations အသင်းတို့က ၂၃ မှတ်စီ၊ Futsal-19 အသင်းက ၁၆ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ၁၂ မှတ်၊ M2K အသင်းက ရှစ်မှတ်၊ လက်ဝဲ သုန္ဒရအသင်းနှင့် လင်းလက်အသင်းတို့က ခုနစ်မှတ်စီ၊ Dream Team အသင်းက ခြောက်မှတ် ရရှိထားသည်။


MFF ဖူဆယ်လိဂ်- ၁ ပြိုင်ပွဲကို ပွဲစဉ် (၁၁) အပြီးတွင် ခေတ္တရပ်နားမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှ ပြန်လည်ကျင်းပမည်ဖြစ်သည်။ အာရှ ဖလား ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့် မှုများပြုလုပ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြည်တွင်း ဖူဆယ်လိဂ်အား ခေတ္တရပ်နားခြင်းဖြစ်သည်။ 

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF